“စည်းလုံးကြစို့ တို့မြန်မာ”

Posted on

မဂဓတိုင်းနဲ့ ၀ဇ္ဇီတိုင်းတို့ရဲ့ နှစ်နိုင်ငံနယ်စပ်မှာ ပဋ္ဋနဆိုတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ ရွာလို့အလွယ် တကူဆိုပေမယ့် စာပေလာအကြောင်းအရာတွေကို စပ်ဆက်လေ့လာကြည့်မယ်ဆိုပါက စီးပွားရေး ကောင်းတဲ့ နယ်စပ်မြို့ကလေးလို့ဆိုရင် ပိုပြီးသင့်လျော်ပါလိမ့်မယ်။ ပဋ္ဋနရွာဟာ အဇာတသတ်မင်း အုပ်ချုပ်နေတဲ့ မဂဓတိုင်းနဲ့ ၀ဇ္ဇီမင်းတွေ ပူးတွဲအုပ်ချုပ်နေတဲ့ ၀ဇ္ဇီတိုင်းတို့ရဲ့ နှစ်နိုင်ငံကြားက နယ်စပ်မြို့ လေးဖြစ်ပါတယ်။ မဂဓတိုင်းဟာ အင်အားကြီးနိုင်ငံဖြစ်ပြီး ၀ဇ္ဇီတိုင်းကတော့ သူနဲ့ယှဉ်လိုက်မယ်ဆိုရင် အလွန်သေးငယ်တဲ့ နိုင်ငံငယ်လေး တစ်ခုလို့ဆိုရဖြစ်ပါတယ်။ မဂဓတိုင်းဟာ နိုင်ငံအကျယ်အ၀န်းနဲ့ စစ်သည်အင်အား များပြားတာမှန်ပေမယ့် ချမ်းသာကြွယ်ဝမှုနဲ့ စည်းလုံးညီညွတ်တဲ့ ၀ဇ္ဇီနိုင်ငံကလည်း ခေတဲ့တိုင်းပြည်တော့ မဟုတ်ပါဘူး။ နိုင်ငံသေးငယ်ပြီး လူဦးရေနည်းပါးပေမယ့် ချမ်းသာကြွယ်ဝမှု အပိုင်း မှာတော့ အင်အားကြီးနိုင်ငံကို ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေပါ။ ယခုခေတ်နဲ့ နှိုင်းစာကြည့်ပါမယ် ဆိုရင်တော့ ၀ဇ္ဇီနိုင်ငံဟာ စင်ကာပူလိုနိုင်ငံမျိုး ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ နှစ်နိုင်ငံပူးတွဲ အုပ်ချုပ်နေတဲ့ ပဋ္ဋနရွာက အခွန်ငွေတွေကို ၀ဇ္ဇီမင်းတွေက နှစ်စဉ်နှစ်တိုင်း အရင်ဦးဆုံး သိမ်းယူသွား လေ့ရှိရာတာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပေါ်လာခဲ့ရတာဖြစ်ပါတယ်။ အဇာတသတ်မင်းဟာ လူငယ်ခေါင်းဆောင်လည်းဖြစ်သလို စစ်အင်အားကြီးမားတဲ့ နိုင်ငံကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံတင်းမာမှုတွေ ပေါ်ပေါက်လာတဲ့အချိန်မှာတော့ ပြဿနာကို ဆွေးနွေးအဖြေရှာခြင်း မပြုလုပ်လိုပဲ ငါလို အင်အားကြီးနိုင်ငံကို မထေမဲ့မြင် ပြုရပါ့မလားဆိုတဲ့စိတ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လိုစိတ်သာ ဖြစ်ပေါ်လျက်ရှိနေတာပါ။ ဒါပေမယ့် အဇာတသတ်မင်းအနေနဲ့ ဝဇ္ဇီမင်းတွေရဲ့ ကြံရည်ဖန်ရည်နဲ့ စည်းလုံးမှုအင်အားကိုတော့ လျှော့မတွက်ဝံ့ပါဘူး။ ဒါကြောင့်မို့လို့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ရာအတွက် အဇာတသတ်မင်းဟာ မိမိနိုင်ငံရဲ့ အတော်ဆုံးဖြစ်တဲ့ အကြံပေးအရာရှိ ဝဿကာရပုဏ္ဏားကြီးကို ဘုရားရှင်ထံ အကြံဉာဏ်တွေတောင်းဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ပုဏ္ဏားကြီးက စစ်ပွဲအောင်နိုင်မယ့် နည်းလမ်းတွေအား ဘုရားရှင်ထံ လျောက်ထားတဲ့အခါမှာတော့ ဘုရားရှင်က ရှင်အာနန္ဒာထံ ဦးခေါင်းလှည့်ပြီး ““အာနန္ဒာ ၀ဇ္ဇီတိုင်းကို အုပ်ချုပ်နေကြတဲ့ ခေါင်းဆောင်တွေဟာ အပရိဟာနိယလို့ခေါ်တဲ့ မဆုတ်နစ်ကြောင်းတရား၇-ပါးကို ကျင့်ကြံလိုက်နာကြကုန်၏။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

ထိုတရားတို့ကို လက်ခံကျင့်သုံးနေသမျှကာလပတ်လုံး ထိုနိုင်ငံထိုလူမျိုးတို့အား တစ်စုံတစ်ယောက်သောသည် အနိုင်ယူဖို့ခြင်းငှါ မဖြစ်နိုင်ပေ””ဟု ဖြေဆိုခဲ့ပါတယ်။ အပရိဟာနိယ တရားခုနှစ်ပါးကို အနှစ်ချုပ်လိုက်တော့ ပထမဆုံးအချက်ဖြစ်တဲ့ စည်းလုံးညီညွတ်ခြင်းဆိုတဲ့အချက်က ပိုပြီးအရေးတကြီး လိုအပ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အဇာတ်သတ်မင်းဟာ စည်းလုံးညီညွတ်နေတဲ့ ၀ဇ္ဇီတိုင်းကခေါင်းဆောင်တွေကို သွေးကွဲပြီးအင်အားနည်းသွားအောင် ပညာရှိသူလျိုတွေစေလွှတ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကြောင့် စည်းလုံးညီညွတ်နေကြတဲ့ ၀ဇ္ဇီခေါင်းဆောင်တွေဟာ အချင်းချင်းသွေးကွဲသွားကြပြီး နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ကာကွယ်ဖို့ရာ စိတ်မစားကြတော့တဲ့ အခြေအနေဖြစ်သွားရတာဖြစ်ပါတယ်။ အချင်းချင်းအနိုင်ရဖို့ရာပဲ အဓိကထားနေကြတဲ့ အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။ အဲဒီအချိန်ကျမှ အဇာတသတ်မင်းဟာ သူ့ရဲ့စစ်တပ်ကြီးနဲ့ ချီတက်လာပြီး ဝဇ္ဇီနိုင်ငံက ခေါင်းဆောင်တွေကို ကြက်ကလေးငှက်ကလေး ဖမ်းသလိုဖမ်းဆီးကာ အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒါက ဗုဒ္ဓစာပေတွေမှာ တွေ့ရတဲ့ စည်းလုံးမှုပြိုကွဲရင် ဆုံးရှုံးရတက်တဲ့ အကောင်းဆုံး သက်သေပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ခပ်ဆင်ဆင်တူတဲ့ပုံစံမျိုး ကုန်းဘောင်ခေတ် မြန်မာ့သမိုင်းမှာလည်း ထင်ထင်ရှားရှား ရှိနေတာတွေ့ရပါတယ်။ ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက်မှာ အာသံ၊ မဏိပူရအရေးတွေနဲ့ပတ်သတ်ပြီး အင်္ဂလိပ်-မြန်မာ နယ်စပ်တင်းမာမှုတွေ ဖြစ်ပွားတဲ့အခါ ဘကြီးတော်မင်းက အင်အားပြတဲ့အနေနဲ့ စစ်သူကြီးမဟာဗန္ဓုလ စစ်သူကြီး မဟာသီဟသူရ(မြဝတီမင်းကြီးဦးစ)တို့ကို ဦးဆောင်စေပြီး ရန်ကုန်ကို လွှေတ်ခဲ့ပါတယ်။ မြန်မာတွေ ရခိုင်စစ်မျက်နှာ အာရုံရောက်နေချိန်မှာပဲ အင်္ဂလိပ်တွေဟာ သူတို့အားသာတဲ့ရေတပ်ကို အသုံးပြုကာ ရန်ကုန်မြို့ကို ချီတက်သိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် နေပြည်တော်မှာရှိနေတဲ့ မြန်မာခေါင်းဆောင်တွေဟာ အင်္ဂလိပ်တွေရဲ့ ကျူးကျော်တိုက်လာမှုကို ဘယ်လိုပြန်ပြီး တုန့်ပြန်ကြမလဲဆိုပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြရပါတယ်။ စည်းဝေးဆုံးဖြတ်ချက် အရ ရန်ကုန်ကို အမြန်ဆုံးချီတက်ပြီး အင်္ဂလိပ်တွေကို မောင်းထုတ်ဖို့ရာ သဘောတူကြပေမယ့် ဦးဆောင်မယ့်သူရွေးချယ်တဲ့ နေရာမှာတော့ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါတယ်။ မင်းညီမင်းသားတွေနဲ့ တခြားထင်ရှားတဲ့ အမတ်ကြီးတွေက သာယာဝတီမင်းသား(အိမ်ရှေ့မင်း)ကို ဦးဆောင်ပြီး အင်္ဂလိပ်တွေကို တိုက်ခိုက်ဖို့ရန် အဆိုပြုခဲ့ပေမယ့် သာယာဝတီမင်းသား တန်ခိုးကြီးထွားလာမှာကို မလိုလားတဲ့ ဘကြီးတော်မင်းရဲ့ မိဖုရားခေါင်ကြီးမယ်နုကတော့ ဒါကို သဘောမတူ ညီခဲ့ပါဘူး။ သူက ရခိုင်စစ်မျက်နှာရောက်နေတဲ့ မဟာဗန္ဓုလကို ရခိုင်ရိုးမကြီးကိုဖြတ်သန်းကာ ရန်ကုန်ကိုချီတက်ပြီး အင်္ဂလိပ်တွေကိုတိုက်ထုတ်ဖို့ အဆိုပြုခဲ့ပြီး လွန်ဆွဲပွဲမှာ အနိုင်ရသွားတာက မိဖုရားခေါင်းဆောင်ကြီး ဖြစ်ပါတယ်။

သာမန်အချိန်မှာဆိုရင် စစ်သူကြီးမဟာဗန္ဓုလရဲ့ အရည်အချင်းဟာ ပြောစရာလိုမှာ မဟုတ်ပေမယ့် မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းလှတဲ့ အချိန်အခါမျိုးကြီးမှာ ချီတက်သွားရတာဖြစ်လို့ မြန်မာ့တပ်မတော်ကြီးဟာလည်း လေးကန်ဖိနဲ့စွာနဲ့ ချီတက်သွားရမှာ မလွဲပါဘူး။ မြန်မာတပ်တွေဟာ လေးလကြာပြီးမှသာ ရန်ကုန်ကို ရောက်ရှိသွားတာကြောင့် အင်္ဂလိပ်တွေဟာ စစ်ရေးအရ အသာရနိုင်မယ့် နေရာတွေကို သေချာရွေးချယ်ခဲ့ပြီးဖြစ်သလို အင်အားကိုလည်း အခိုင်အမာ တည်ဆောက်နိုင်သွားခဲ့ပြီလို့ ဆိုရမှာပါ။ ပင်ပန်းနွမ်းနယ်နေပြီလို့ ယူဆရတဲ့ မဟာဗန္ဓုလဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကြီးဟာ အခိုင်အမာ စစ်ပြင်ဆင်ထားတဲ့ အင်္ဂလိပ်တွေကို သူတင်ကိုယ်တင် တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိဘဲ နောက်ဆုံးမှာတော့ မဟာဗန္ဓုလကိုယ်တိုင် အမြှောက်ဆံထိမှန်ပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ခေါင်းဆောင်ကျဆုံးမှုနဲ့အတူ မြန်မာတပ်တွေဟာ အဲဒီစစ်ပွဲမှာ ဩရှုံးနိမ့်ခဲ့ရပြီး ရခိုင်၊ တနင်္သာရီနဲ့ ရန်ကုန်တို့နဲ့အတူ စစ်လျော်ကြေးကုဋေတစ်သိန်းကိုလည်း ပေးအပ်ခဲ့ရ တာဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုကို တိုက်ခိုက်သိမ်းပိုက်တဲ့နေရာမှာ နည်းလမ်းနှစ်မျိုးကို အသုံးပြုလေ့ရှိကြောင်း အိန္ဒိယ ဘက်ကလာတဲ့ ရှေးဟောင်းစာပေအချို့မှာ လေ့လာတွေ့ရှိရပါတယ်။ နံပါတ်တစ်အချက်ကတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ စီးပွားရေးအင်အား သံတမန်ရေးအင်အားတွေကို အသုံးချပြီး ကိုယ်လိုချင်တဲ့ အစိုးရတစ်ရပ်ရအောင် လုပ်ဆောင်ခြင်းမျိုးဖြစ်ပြီး၊ နံပါတ်နှစ်အချက်ကတော့ မိမိတိုက်ခိုက်သိမ်းပိုက်မယ့် နိုင်ငံတစ်ခုကို ကမ္ဘာ့အလယ်မှာ နာမည်ပျက်အောင်ပြုလုပ်ပြီး နောက်ပိုင်းမှာ အင်အားသုံးကျူးကျော် တိုက်ခိုက်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာတော့ နံပါတ်တစ်နည်းလမ်းကို နိုင်ငံကြီးတွေဟာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာကို မေ့ထားလို့မရပါဘူး။ ဒါကြောင့်မို့လို့ မဟာ ဗျူဟာအရ အရေးပါတဲ့ နေရာတွေမှာ ရပ်တည်နေရတဲ့ နိုင်ငံငယ်လေးတွေအနေနဲ့ အင်အားကြီးနိုင်ငံတွေ အကြား ကြားညပ်တာမျိုး မဖြစ်ရအောင် အခိုင်အမာဆုံး အင်အားဖြစ်တဲ့ စည်းလုံးညီညွတ်ရေးကို မဖြစ် မနေ တည်ဆောက်ထားကြရမှာဖြစ်ပါတယ်။ စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းတဲ့ ထိုထိုတိုင်းပြည် ကို ဆန့်ကျင်ဘက်ကို အလိုရှိကြတဲ့ နိုင်ငံကြီးတွေအနေနဲ့ အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်နိုင်မှာ မဟုတ်ပါဘူး။

ဒီလိုမှမဟုတ်ဘဲ အချင်းချင်း စည်းလုံးညီညွတ်မှုတွေပြိုကွဲပြီး တစ်ယောက်တစ်ပေါက် ဖြစ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာဟာ စိုးရိမ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးဖိအားတွေ သံတမန်ရေးရာကိစဩ‘တွေဟာ အတော်လေးကို ပြင်းထန်လှတာဟာ ငြင်းလို့မရပါဘူး။ အနောက်အုပ်စုနိုင်ငံတွေ ငွေကြေးချမ်းသာတဲ့ အိုအိုင်စီနိုင်ငံတွေရဲ့ သံတမန်ရေးဖိအားပေးမှုတွေအောက်မှာ မြန်မာနိုင်ငံအပေါ် ကျရောက်နေတဲ့ ဖိအားတွေက ပြင်းထန်လှပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစိုးရ၊ တပ်မတော်ဆိုပြီး ခွဲခြားနေလို့ မရနိုင်ပါဘူး။ သဘောထားကွဲနေလို့ မရပါဘူး။ စည်းလုံးညီညွတ်မှုတွေ အာဃာတတရားတွေ ထားခဲ့ကြလို့ ဘကြီးတော်မင်းလက်ထက်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေကလာရောက်ပြီး အမြတ်ထုတ်သွားကြတာ မဟုတ်ပါလား။ ဒီသင်္ခန်းစာတွေကိုယူပြီး နိုင်ငံအပေါ် ကျရောက်လာနေတဲ့ ဖိအားတွေကို ရင်ဆိုင်ကျော် လွားနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါမှသာ လက်ရှိအခြေအနေကို အကောင်းဆုံးကျော်ဖြတ် သွားနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့တယ်။

ကျမ်းကိုး-
အင်္ဂုတ္တရနိကာယ်၊ ဝဿကာရသုတ်
ညိုမြ- ကုန်းဘောင်ရှာပုံတော်

မောင်ဉာဏ်မင်း (ဆားလင်းကြီး)
သံမဏိနှင်းဆီဂျာနယ်

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း