ဆီးရီယားသို့ Tomahawk ဖြင့်တိုက်ခိုက်မှုနှင့် မြန်မာ့လေတပ်အတွက် သင်ခန်းစာ

အမေရိကန်ဟာ မကြာသေးမီက ဆီးရီးယားက လေတပ်စခန်းတစ်ခုကို Tomahawk ဒုံးပျံတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး မြန်မာ့တပ်မတော်အတွက် အကျိုးရှိစေမဲ့ အချက်တွေကို Myanmar Armed Forces Page အနေနဲ့ သုံးသပ်ဆွေးနွေးလိုပါတယ်။

Tomahawk ဖြင့်တိုက်ခိုက်မှု လွဲချော်ခဲ့လား

===========================

အမေရိကန်တွေဟာ Tomahawk Cruise Missile တွေကို ၁၉၉၁ ခုနှစ်ပင်လယ်ကွေ့စစ်ပွဲကနေ စတင်အသုံးပြုခဲ့တာ အခု ဆီးရီးယားနိုင်ငံ အယ်လ်ရှာရတ်လေတပ်စခန်းကို တိုက်တဲ့အထိ Tomahawk ဒုံးပျံပေါင်း ၂၁၆၅ စင်း ပစ်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ခိုက်မှုအသေးစိတ်အနေနဲ့

၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ ၂၈၈ စင်း

၁၉၉၃ အီရတ်နိုင်ငံ ၆၉ စင်း

၁၉၉၅ ဘော့စနီးယား ၁၃ စင်း

၁၉၉၆ အီရတ်နိုင်ငံ ၄၄ စင်း

၁၉၉၈ အာဖဂန်နစ္စတန်နှင့် ဆူဒန် ၇၉ စင်း

၁၉၉၈ အီရတ်နိုင်ငံ ၄၁၅ စင်း

၁၉၉၉ ဆားဘီးယားနှင်မွန်တီနီဂရိုး ၂၁၈ စင်း

၂၀၀၁ အာဖဂန်နစ္စတန် ၅၀ စင်း

၂၀၀၃ အီရတ်နိုင်ငံ ၈၀၂ စင်း

၂၀၀၈ ဆိုမာလီယာ ၂ စင်း

၂၀၀၉ ဆိုမာလီယာ ၂ စင်း

၂၀၁၁ လစ်ဗျား ၁၁၂ စင်း

၂၀၁၄ ဆီးရီးယား ISIS ၄၇ စင်း

၂၀၁၆ ယီမင် ၅ စင်း

၂၀၁၇ ဆီးရီးယားလေတပ်စခန်း ၅၉ စင်း

ဒါကြောင့် နှစ်ပေါင်း ၂၆ နှစ်လောက်အတွင်းမှာ Tomahawk ဒုံးပျံပေါင်း ၂၁၆၅ စင်း ပစ်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်မှုဟာ ၉၅% အထက်ရှိခဲ့ပါတယ်။

ပစ်မှတ်ကို ရွေးချယ်တဲ့အခါ မှားကောင်းမှားခဲ့ပေမဲ့ ပစ်တဲ့အခါမှာတော့ လွဲချော်တာမရှိသလောက်ပါပဲ။

အမေရိကန်အနေနဲ့ အတွေ့အကြုံများစွာရှိပြီးဖြစ်တဲ့အပြင် နည်းပညာကလည်း စဉ်ဆက်မပြတ်တိုးတက်နေတာဖြစ်ပါတယ်။

ဒါကြောင့် Tomahawk ဒုံးပျံတွေ ပစ်မှတ်ကို လွဲချော်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်ရှိတယ်လို့ ယူဆကြပါတယ်။

နောက်တခါ ၅၉ လုံးမှာ ၂၃ လုံးပဲထိတယ်ဆိုပေမဲ့ ဘာကြောင့်လဲဆိုတာ ရုရှက မပြောခဲ့ပါဘူး။

လွဲတာမဟုတ်ဖူးဆိုရင် ဖြစ်နိုင်တာ ၂ ခုပဲရှိပါတယ်။ Jammed လုပ်ခံရတာနဲ့ ပစ်ချခံရတာဖြစ်ပါတယ်။

Tomahawk ဟာ GPS တင်မက TERCOM (Terrain Contour Matching) စနစ်ပါ ပါရှိပါတယ်။

GPS ကို Jammed လုပ်လို့ရကောင်းရနိုင်ပေမဲ့ TERCOM ကိုတော့ jammed လုပ်လို့မရပါဘူး။

ပစ်ချဖို့ဆိုတာကလည်း အတိုက်ခံရတဲ့လေတပ်စခန်းမှာ SA 6 SAM တွေပဲရှိလို့ Tomahawk ကို ပစ်ချနိုင်ဖို့ မလွယ်ပါဘူး။

ရုရှကတော့ S 400, S 300 နဲ့ Pantisr တွေချထားပေမဲ့ ရုရှလေတပ်စခန်းတွေကို ကာကွယ်ဖို့သာ ဖြစ်ပါတယ်။

မတိုက်ခင်မှာ ရုရှနိုင်ငံသားတွေရှောင်ဖို့ ကြိုအကြောင်ကြားခဲ့ပေမဲ့ ရုရှအနေနဲ့ ဆီးရီးယားလေတပ်စခန်းကို ကာကွယ်ဖို့ထက် သူ့လေတပ်စခန်းကိုကာကွယ်ဖို့သာ တပ်လှန့်မှာဖြစ်ပါတယ်။

တန်ဖိုးကြီးတဲ့ရုရှတိုက်လေယာဉ်တွေရှိတဲ့ လေတပ်စခန်းကို လျစ်လျူရှုပြီး လေယာဉ်အဟောင်းတွေပဲရှိတဲ့ ဆီးရီးယား လေတပ်စခန်းကို ကာကွယ်ဖို့ဆိုတာကတော့ လက်တွေ့မကျလှပါဘူး။

ဒါ့အပြင် ပစ်မှတ်ကိုမရောက်ပဲ ဖျက်ချခံရတဲ့ Tomahawk တွေကိုလည်း လက်တွေ့ပြသနိုင်ခြင်းမရှိပါဘူး။

လိုရာမရောက်ပဲ ပျက်ကျတဲ့ Tomahawk အစိတ်အပိုင်းတွေဟာ ဝါဒဖြန့်လို့ အလွန်ကောင်းတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါတွေကို မပြနိုင်တာထူးခြားပါတယ်။

ဒါကြောင့် အမေရိကန်ကကြေငြာသလို ၅၉ လုံးပစ်လွှတ်ပြီး ၅၈ လုံးက ပစ်မှတ်ကို ထိမှန်ကာ ၁ လုံးကတော့ ပစ်လွှတ်စဉ်မှာပဲ ချို့ယွင်းပျက်စီးခဲ့တယ်ဆိုတာ မှန်ကန်တယ်လို့ ယူဆရပါတယ်။

အမေရိကန်၏ ပစ်မှတ်များ

================

ဆီးရီးးစံတော်ချိန် ဧပြီလ ၇ ရက် နံနက် ၀၄၄၀ ချိန်မှာ မြေထဲပင်လယ်အရှေ့ပိုင်းက အမေရိကန် Arleigh Burke class ဖျက်သင်္ဘော ၂ စီးဖြစ်တဲ့ USS Porter နဲ့ USS Ross တို့ဟာ အယ်လ်ရှာဟတ် လေတပ်စခန်းကို Tomahawk ၅၉ စင်းနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ၁ စင်းက ချို့ယွင်းခဲ့လို့ ၅၈ စင်းဟာ ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။

အယ်လ်ရှာဟတ်လေတပ်စခန်းဟာ ဆီးရီးယားမှာ တတိယအကြီးဆုံးဖြစ်ပြီး မီတာ ၃၀၀၀ ပြေးလမ်း ၁ ခု၊ မီတာ ၃၂၀၀ ပြေးလမ်း ၁ ခု၊ HAS (Hardened Aircraft Shelter) ၄၀ နဲ့ Su 22 တိုက်လေယာဉ် ၂ အုပ်၊ MiG 23 တိုက်လေယာဉ် ၁ အုပ် ရှိပါတယ်။

လေတပ်စခန်းထဲမှာ ပစ်မှတ် ၄၄ ခုကို အမေရိကန်တွေက ရွေးချယ်ခဲ့ပါတယ်။

အဲဒီ့ပစ်မှတ်တွေကို အခုလိုတွေ့ရပါတယ်။

အခိုင်အမာလေယာဉ်ဂိုထောင် HAS ၁၅ ခု

လက်နက်သိုလှောင်ရုံ ၁၀ ခု

ဆီသိုလှောင်ရုံ ၇ ခု

အလုပ်ရုံ ၇ ခု

SA 6 SAM စခန်း ၅ ခု

လေယာဉ်ပြေးလမ်းကိုတော့ ပစ်မှတ်မထားခဲ့ပါဘူး။

လေယာဉ်ပြေးလမ်းကို ဖျက်တယ်ဆိုတာဟာ ရန်သူ့လေယာဉ်တွေရုတ်ရက်ထပျံပြီး လက်တုံ့ပြန်မခုခံနိုင်အောင်နဲ့ လေယာဉ်ပြေးလမ်းကို သတ်မှတ်ထားတဲ့အချိန်အတွင်း ရန်သူမသုံးနိုင်ဖို့ဖြစ်ပါတယ်။

တနည်းအားဖြင့် SEAD (Supression of Enemy AD) ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ပထမအသုတ်မှာ ပြေးလမ်းကို ဖျက်ဆီး၊ ရန်သူ့လေယာဉ်တွေ မတက်နိုင်ချိန်မှာ နောက်အသုတ်လေယာဉ်တွေက ရန်သူ့ပစ်မှတ်တွေကိုတိုက် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်။

ဆီးရီးယားတိုက်ခိုက်မှုမှာတော့ လေယာဉ်ပြေးလမ်းကို ဖျက်ဆီးရင်လည်း အကျိုးမရှိပါဘူး။ Follow on air strike မရှိတော့ နာရီအနည်းငယ်အတွင်း ပြန်ုပြင်ပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း ပြန်သုံးနိုင်မှာဖြစ်ပါတယ်။

အဲဒီ့အစား ဆီးရီးယားလေတပ်ကိုချိနဲ့စေရုံသာ ပစ်မှတ်တွေရွေးခဲ့တာ တွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ လေယာဉ်ဂိုထောင်တွေကိုရွေးပြီး လေယာဉ်တွေကိုဖျက်ဆီးကာ ဆီးရီးယားလေတပ်တပ်ကို degrade ဖြစ်အောင်လုပ်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ လေယာဉ် maintenance လုပ်ရာမှာအသုံးပြုတဲ့ အလုပ်ရုံတွေကို ဖျက်ဆီးခဲ့ပါတယ်။

ပြီးတော့ လေယာဉ်ရုံတွေအနီးမှာ ကပ်ပြီးထားတဲ့ လေယာဉ်သုံး လက်နက်ရုံတွေကို ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ့နောက် လေယာဉ်ဆီသိုလှောင်ရုံတွေကို ဖျက်ဆီးခဲ့ပါတယ်။

လေယာဉ်ကွင်းကို ကာကွယ်ထားတဲ့ SA 6 SAM ဒုံးပျံလောင်ချာ တွေကို ပစ်မှတ်ထားခဲ့ပါတယ်။ SAM တွေကတော့ ပထမဆုံးအပစ်ခံရတဲ့ ပစ်မှတ်တွေဖြစ်ခဲ့ပုံရပါတယ်။

စုစုပေါင်း ပစ်မှတ် ၄၄ ခုကိုထိမှန်ခဲ့ပါတယ်။ လေယာဉ်ဂိုထောင်တွေမှာ ဂိုထောင် ၉ ခုဟာ ၂ ချက်စီထိမှန်ခဲ့ပါတယ်။

ဒါကြောင့် Tomahawk ဒုံးပျံထိမှန်တဲ့ impact နေရာ ၅၃ ခုကို ဂြိုဟ်တုဓါတ်ပုံမှာ ထင်ထင်ရှားရှားရေတွက်လို့ရပါတယ်။

ကျန်တဲ့ Tomahawk ၅ စင်းဟာ ဆီဂိုထောင်၊ လက်နက်ဂိုထောင်တွေ မနီးမဝေးတွေထိမှန်ခဲ့လို့ ရေတွက်လို့မရတာမျိုး ဖြစ်နိုင်ချေများပါတယ်။

ဒါမှမဟုတ် ၅ စင်းဟာ ပစ်မှတ်လွဲချော်ကျရောက်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုလွဲခဲ့ရင် ရုရှနဲ့ ဆီးရီးယား မီဒီယာတွေပါလာမှာဖြစ်ပါတယ်။ ဒါကြောင့် လွဲချော်တာတော့ ဖြစ်နိုင်ချေနည်းပါတယ်။

ယေဘူယျသုံးသပ်ရမယ်ဆိုရင် Tomahawk ဒုံးပျံ ၅၉ စင်းပစ်လွှတ်ခဲ့တာ ၅၈ စင်း ဒါမှမဟုတ် ၅၃ စင်း ထိမှန်ခဲ့လို့ ရာခိုင်နှုန်းအားဖြင့် ၉၈% မှ ၉၀% ကြား ထိရောက်ခဲ့တာ တွေ့ရပါတယ်။

ဆီးရီးယားနဲ့ ရုရှကတော့ Su 22 ၆ စီး နဲ့ MiG 23 ၃ စီးသာပျက်စီးခဲ့ပြီး ဒီလေယာဉ်တွေဟာလည်း မောင်းမရလို့ ရပ်ထားရတဲ့လေယာဉ်တွေလို့ဆိုပါတယ်။

ဒါလည်းဖြစ်နိုင်ပါတယ်။ မတိုက်ခင် ရုရှကို အချိန်ကပ်သတိပေးခဲ့လို့ လေယာဉ်တွေရှောင်ကောင်း ရှောင်လို့ ရနိုင်ပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ ဆီးရီယားတိုက်လေယာဉ် ၂၀ ခန့် ပျက်စီးခဲ့ပြီး ဒီပမာဏဟာ ဆီးရီးယားလေတပ် လက်ရှိအကောင်းပကတိကျန်တဲ့ တိုက်ပွဲဝင်အင်အားရဲ့ ၂၀% ခန့်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလေတပ်စခန်းဟာ တိုက်လေယာဉ်တွေကို လောင်စာဆီဖြည့်တင်းရေးနဲ့ လက်နက်တပ်ဆင်ရေးတွေကို လအနည်းငယ်ကြာ လုပ်ပေးနိုင်စွမ်းမရှိတော့ဘူးလို့ ဆိုပါတယ်။

မြန်မာ့လေတပ်အတွက်သင်ခန်းစာ

====================

အမေရိကန်၊ ရုရှ၊ ဆီးရီးယားတို့ရဲ့ သုံးပွင့်ဆိုင်ပြဿနာဟာ မြန်မာနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိပါဘူး။

Tomahawk တွေလွဲချော်လား၊ S 400 တွေ အလုပ်မလုပ်ဖူးလား ဆိုတာတွေထက် ဒီဖြစ်ရပ်ကနေ ကိုယ့်အတွက် သင်ခန်းစာဘာရမလဲဆိုတာ ဖော်ထုတ်ဖို့ပိုအရေးကြီးပါတယ်။

အခုတိုက်ခိုက်မှုကနေ အဓိကရလိုက်တာက လေတပ်စခန်း လေကြောင်းရန်ကာကွယ်ရေး သင်ခန်းစာဖြစ်ပါတယ်။

SEAD နဲ့ လေတပ်စခန်း

===============

စစ်ဆင်ရေးတစ်ခုဆင်နွှဲရင် အရင်ဆုံးပြုလုပ်တာ SEAD ပဲဖြစ်ပါတယ်။

SEAD မှာမှ အကောင်းဆုံး လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေဖြစ်တဲ့ တိုက်လေယာဉ်တွေ အခြေစိုက်တဲ့ လေတပ်စခန်းတွေဟာ အရင်ဆုံး အတိုက်ခံရမဲ့ နေရာတွေဖြစ်ပါတယ်။

ဒါကြောင့် လေတပ်စခန်းတွေကို လေကြောင်းရန်ကနေ ကာကွယ်ရေးဟာ အလွန်အရေးကြီးပါတယ်။

လေတပ်စခန်း လေကြောင်းရန်ကာကွယ်ရေးမှာ အဆင့် ၂ ဆင့် ရှိပါတယ်။

Active Air Defence နဲ့ Passive Air Defence ဖြစ်ပါတယ်။

လေတပ်စခန်းအတွက် Active Air Defence

=============================

Active Air Defence မှာတော့ ကြားဖြတ်တိုက်လေယာဉ်တွေ၊ SAM တွေ၊ AA Gun တွေနဲ့ ကာကွယ်တာ ပါဝင်ပါတယ်။

ဆီးရီးယားကတော့ အခုဖြစ်စဉ်မှာ SA 6 SAM ဒုံးပျံတပ်ခွဲ ၁ ခွဲ၊ ဒုံးတင်ကား ၆ စီးနဲ့ ကာကွယ်ထားတာ တွေ့ရပါတယ်။

အမေရိကန်လို နည်းပညာအဆင့် အလွန်ကွာတဲ့နိုင်ငံရဲ့ တိုက်ခိုက်မှုကိုတော့ ခုခံနိုင်ဖို့ မလွယ်ပါဘူး။

ဒါပေမဲ့ အင်အာားမတိမ်းမယိမ်းရှိတဲ့နိုင်ငံက တိုက်ခိုက်လာရင်တော့ အတိုင်းအတာတစ်ခုအထိ ခုခံနိုင်မဲ့ သဘောရှိပါတယ်။

ဆီးရီးယားနိုင်ငံဟာ လေတပ်စခန်းပေါင်း ၂၁ ခုခန့်ရှိပါတယ်။

ဒါကြောင့် လေတပ်စခန်းတစ်ခုစီတိုင်းကို လေကြောင်းရန် ကာကွယ်ပေးရတာဖြစ်လို့ နေရာတိုင်းမှာ အားနည်းနေနိုင်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့က လေတပ်စခန်းအလွန်မများတဲ့အပြင် အဓိကတိုက်လေယာဉ်တွေသုံးတဲ့ လေယာဉ်ကွင်းတွေလည်း နည်းပါတယ်။

ဒါကြောင့် အရေးပါတဲ့ လေတပ်လေယာဉ်ကွင်းတွေကို ပုခုံးထမ်း MANPAD တွေ၊ AA gun တွေနဲ့သာမက လေကြောင်းရန်ကာကွယ်ရေးတာာလတ်ပစ်ဒုံးတွေနဲ့ပါ ကာကွယ်ထားသင့်ပါတယ်။

ထိုင်းနိုင်ငံဟာ KS 1C ဝယ်ခဲ့တာဟာ Gripen တိုက်လေယာဉ်တွေရှိတဲ့ Surat Thani လေယာဉ်ကွင်းကို ကာကွယ်ဖို့လို့ သိရပါတယ်။

လေကြောင်းရန်ကာကွယ်ရေးစနစ်ဆိုတာဟာ တစ်နိုင်ငံလုံးကို ကာကွယ်ဖို့ထက် မိမိရဲ့ အချက်အခြာနေရာတွေကို ကာကွယ်ဖို့က ဦးစားပေးဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့လည်း မိမိရဲ့ အားအကိုးရဆုံး လေတပ်စခန်းတွေကို မိမိရဲ့အကောင်းဆုံး SAM တွေနဲ့ ကာကွယ်ထားသင့်ကြောင်း သင်ခန်းစာရရှိပါတယ်။

လေတပ်စခန်းအတွက် Passive Air Defence

==============================

Passive Air Defence အနေနဲ့ ဆီးရီးယား အယ်လ်ရှာရတ် လေတပ်စခန်းဟာ တော်တော်ကိုကောင်းမွန်တာ တွေ့ရပါတယ်။

ပထမဦးစွာ လေယာဉ်တွေကို HAS (Hardened Aircraft Shelter) လို့ခေါ်တဲ့ ကွန်ကရစ်ဘန်ကာတွေထဲမှာ ထားရှိတာတွေ့ရပါတယ်။

HAS တွေကို ၂ လုံးတွဲဆောက်ထားပြီး အလယ်မှာ ကန့်ထားပါတယ်။ ဒါကြောင့် ၂ လုံးတွဲဖြစ်ပေမဲ့ တစ်လုံးအတွင်းလေယာဉ် ပေါက်ကွဲရင်လည်း နောက်တစ်လုံးအတွင်းထဲက လေယာဉ်ကို မထိခိုက်နိုင်ပါဘူး။

HAS တွေအပြင် revetments လို့ခေါ်တဲ့ သုံးဖက်ကာထားတဲ့ မြေသားတမံတွေလေယာဉ်ရပ်နားတဲ့နေရာအချို့လည်း တွေ့ရပါတယ်။

revetments တွေကတော့ အပေါ်အမိုးမပါဘဲ ဘေး ၃ ဖက်ကနေပဲ မြေသား/ ကွန်ကရစ်နဲ့ ကာထားတာ ဖြစ်ပါတယ်။

လေယာဉ်ကွင်းထဲမှာ လေယာဉ်တွေရပ်နားထားစဉ် လေကြောင်းကအတိုက်ခံရလို့ ပေါက်ကွဲတဲ့အခါ တစ်စီးနဲ့တစ်စီး မကူးဆက်အောင် ခြားထားတဲ့ စနစ်ဖြစ်ပါတယ်။

အချို့ကမြေသားနဲ့လုပ်သလို အချို့က ကွန်ကရစ် အချို့က သံပြားကြားမှာ မြေသားဖြည့်တာမျိုး လုပ်ကြပါတယ်။

Revetment ဟာ ရန်သူတိုက်ခိုက်မှုမဟုတ်ဘဲ မတော်တဆဖြစ်ရပ်ကြောင့် မီးလောင်တာမျိုး၊ ပေါက်ကွဲတာမျိုးမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကုန်ကျစရိတ်သက်သာစွာနဲ့ ထိရောက်မှုရှိပါတယ်။

ဆီးရီးယားက SA 6 တွေကိုပါ revetment တွေနဲ့ ထားတာတွေ့ရပါတယ်။

နောက်တခါ ဆီးရီးယားတွေဟာ လေယာဉ်ထားတဲ့ HAS တွေအနီးမှာပဲ လေယာဉ်မှာတပ်မဲ့လက်နက်တွေကို အခိုင်အမာဂိုထောင်နဲ့ထားတာ တွေ့ရပါတယ်။

ဒီလိုထားတာ အကျိုးကျေးဇူး ၂ ရပ်ရှိတယ်လို့ သုံးသပ်ရပါတယ်။

ပထမအချက်က လေယာဉ်တွေကို လက်နက်တပ်ဆင်ရင် အလွန်လျင်မြန်စေမှာဖြစ်ပါတယ်။

ဒုတိယအချက်က လက်နက်ဂိုထောင် အနည်းငယ်အတွင်း စုပြုံမထားပဲ ဖြန့်ခွဲထားတဲ့အတွက် လေကြောင်းကတိုက်ခိုက်ခံရရင် တနေရာတည်းမှာ အကုန်မဆုံးရှုံးနိုင်စေသလို ပေါက်ကွဲမှုအတိုင်းအတာလည်း လျော့ချပေးနိုင်ပါတယ်။

အယ်လ်ရှရတ်လေတပ်စခန်းကို အမေရိကန်တပ်မတော်ကသာ Tomahawk ဒုံးပျံနဲ့ပစ်လို့ ပစ်မှတ်တစ်ခုချင်းစီကို တပြိုင်တည်း ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။

လေယာဉ်နဲ့သာတိုက်မယ်ဆိုရင် JDAM တို့ Paveway တို့ ၄ လုံးကနေ ၆ လုံးလောက်ပဲ တင်ဆောင်နိုင်တဲ့ F 16 တို့ Gripen တို့လို ထိုင်းလေတပ် တိုက်လေယာဉ် ၁၈ စီးတပြိုင်တည်းဝင်တိုက်တာတောင် ဒီလောက် မထိရောက်နိုင်ပါဘူး။

ထိရောက်မှုရှိခဲ့ရင်တောင် လေယာဉ်အဆုံးအရှုံးကြီးမားပါလိမ့်မယ်။

တိုက်လေယာဉ် ၁၈ စီးနဲ့ အစောင့်လိုက်လေယာဉ်တွေ အုပ်ဖွဲ့ပျံသန်းလာရင် အငိုက်မရနိုင်ဘဲ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ရင်ဆိုင်ရမှာ မလွဲပါဘူး။

ဒါတွေဟာ မြန်မာ့လေတပ်အတွက် သင်ခန်းစာဖြစ်ပါတယ်။

မြန်မာရဲ့ ရန်သူဖြစ်လာနိုင်ချေရှိတဲ့နိုင်ငံတွေဟာ cruise missile စွမ်းရည်မရှိတာဖြစ်လို့ မြန်မာအနေနဲ့ ထိုက်သင့်တဲ့ passive defence ရှိရင် အလစ်အငိုက်မှာ တပြိုင်တည်းချေမှုန်းခံရဖို့ မလွယ်ပါဘူး။

HAS တွေ revetment တွေမရှိရင်တော့ လေယာဉ်တွေဟာ soft target တွေဖြစ်တဲ့အတွက် ရန်သူတိုက်လေယာဉ် အနည်းငယ်ကနေ cluster ဗုံးအချို့နဲ့ တိုက်ခိုက်ရင်တောင် တော်တော်ကို အထိနာနိုင်ပါတယ်။

ဒါကြောင့် လေတပ်စခန်းတွေမှာ HAS တွေဆောက်လုပ်သင့်ပါတယ်။

လေယာဉ်ကွင်းထဲမှာ လေယာဉ်တွေရပ်နားဖို့ revetment တွေဆောက်လုပ်သင့်ပါတယ်။

လက်နက်ခဲယမ်း ဖြန့်ခွဲသိုလှောင်တဲ့စနစ်ကိုလည်း စဉ်းစားသင့်ပါတယ်။

နိဂုံး

==

စစ်ဖြစ်လို့ ပထမနာရီအနည်းငယ်အတွင်းမှာပဲ တိုက်လေယာဉ်တွေချေမှုန်းခံရကာ စစ်ရှုံးတဲ့သာဓက ကမ္ဘမှာ အများအပြား ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် မြန်မာ့လေတပ်အနေနဲ့လည်း ဒီလိုအဖြစ်တွေကနေ ရှောင်ရှားနိုင်အောင် ဆီးရီးယားနိုင်ငံဖြစ်ရပ်ကနေ သင်ခန်းစာရယူသွားနိုင်ဖို့ ဆွေးနွေးတင်ပြပေးလိုက်ပါတယ်။

Credit:Myanmar Armed Forces Review

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *