ဗုံးပါလာသည်ဆိုသော ခရီးသည်တင်လေယာဉ်တစ်စင်းကို ပစ်ချရန်အမိန့်ပေးခဲ့ဖူးကြောင်း ပူတင်ပြောကြား

ရုရှားနိုင်ငံ ဆိုချီမြို့၌ ၂၀၁၄ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲဖွင့်ပွဲ အခမ်းအနားကို ပစ်မှတ်ထားသော ဗုံးပါလာသည်ဆိုသော ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ချရန် မိမိအမိန့်ပေးခဲ့ဖူးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုမှ ထုတ်ပြောခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

၂ နာရီကြာမြင့်သည့် Putin ဟု အမည်ပေးထားသော ရုရှားသမ္မတအကြောင်း မှတ်တမ်းရုပ်ရှင် ထွက်ရှိလာချိန်တွင် ပူတင်၏ပြန်ပြောင်းပြောပြချက် ပါရှိလာခြင်းဖြစ်သည်။ ဆိုချီအိုလံပစ်ဖွင့်ပွဲ အခမ်းအနားမစမီ နာရီပိုင်းအလိုတွင် လုံခြုံရေးတာဝန်ရှိသူများက မိမိကိုဖုန်းခေါ်ခဲ့သည်ဟု ပူတင်ကသတင်းထောက် အန်ဒရေကွန်ဒရာရှော့ဗ်ကို ပြောကြားခဲ့သည်။“ယူကရိန်းကနေ အစ္စတန်ဘူလ်ကို ပျံသန်းလာတဲ့ လေယာဉ်တစ်စင်းကို စီးနင်းခံရတယ်၊ ဓားစားခံဖမ်းထားသူတွေက ဆိုချီမှာဆင်းဖို့ တောင်းဆိုနေကြတယ်ဆိုပြီး ကျုပ်ဆီ သတင်းဝင်လာတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခါကိဗ်မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်သို့ ပျံသန်းလာသောတူရကီ Pegasus လေကြောင်းလိုင်း ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်၏ လေယာဉ်မှူးများက ခရီးသည်တစ်ဦးထံတွင် ဗုံးပါလာပြီး ဆိုချီသို့ လမ်းကြောင်းပြောင်းခိုင်းနေကြောင်း သတင်းပို့ခဲ့သည်ဟု ဆိုသည်။ထိုအချိန် လေယာဉ်ပေါ်တွင် ခရီးသည် ၁၁၀ ပါဝင်ပြီးဆိုချီအိုလံပစ် ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်သူ ၄၀၀၀၀ ကျော်မျှရှိနေသည်။ ပူတင်က လုံခြုံရေးတာဝန်ရှိသူများထံမှ အကြံဉာဏ်ယူခဲ့ရာ လေယာဉ်ကိုပစ်ချနိုင်သည့် အရေးပေါ်အစီအစဉ်ရှိကြောင်း တာဝန်ရှိသူများက တင်ပြခဲ့သည်ဟု ဆိုသည်။“ကျုပ်လည်း ပြောလိုက်တယ်၊ အစီအစဉ်အတိုင်းဆောင်ရွက်လို့”ဟု ပူတင်က ပြန်ပြောပြသည်။ ထိုအချိန်တွင် ပူတင်သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ တာဝန်ရှိသူများနှင့်အတူ ဆိုချီ အိုလံပစ်ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိနေပြီဖြစ်သည်။မိနစ်အနည်းငယ်အကြာတွင် ဖုန်းခေါ်ဆိုမှုတစ်ခု ထပ်ဝင်လာပြီး သတိပေးချက်မှာ မှားယွင်းနေကြောင်း၊ ခရီးသည်တစ်ဦးက မူးပြီးလျှောက်ပြောနေခြင်းသာဖြစ်ပြီး လေယာဉ်မှာ မူလလမ်းကြောင်းအတိုင်း တူရကီသို့ ပျံသန်းသွားပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟုဆိုသည်။

ပူတင်သည် လာမည့်တနင်္ဂနွေ မတ်လ ၁၈ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ရုရှားနိုင်ငံမြို့ကြီးများတွင် လာမည့် ဇွန်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

Ref : The Voice

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *