ထီးချိုင့်မြို့ ဘော်ဒါဆောင်တွင် မိုင်းခွဲမှုသည် အချစ်ရေး ပြဿနာမကျေနပ်မှုများကြောင့် လက်စားချေခြင်းဖြစ်ကြောင်းသိရ

စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် အလယ်တောရွာမှာ ရှိတဲ့ ဖူးပွင့်ဝေဆာ ပြင်ပ ဘော်ဒါဆောင်မှာ မတ်လ ၁၂ရက်နေ့တုန်းက လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ နောက်ထပ် မိုင်းတွေ ထပ်တွေ့ခဲ့ပါတယ်။အဲဒီနေ့ မနက်ပိုင်းက ဘော်ဒါဆောင်မှာ လက်လုပ်မိုင်း ၃ လုံးကို စတွေ့ခဲ့ပြီး နေ့လယ်ပိုင်း ၁ နာရီ ဝန်းကျင်မှာတော့ အဆောင်နေ ကျောင်းသူ တစ်ဦးရဲ့ မိခင်က လှမ်းထားတဲ့ လုံချည် ရုပ်လိုက်စဉ်မှာ မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ ရဲ စခန်းက တပ်မတော် မိုင်းရှာဖွေရေး အဖွဲ့ကို အကူအညီ တောင်းပြီး ဘော်ဒါဆောင်ဝန်းထဲမှာ ပိုက်စိပ်တိုက် ရှာတာတွေ လုပ်ခဲ့ရာမှာ ဆိုင်ကယ် တစ်စင်းမှာ ကပ်ချည်ထားတဲ့ လက်လုပ်မိုင်း တစ်လုံး အပါအဝင် နေရာအနှံ့ လူမမြင်နိုင်တဲ့ နေရာတွေမှာ ချထားတဲ့ နောက်ထပ် လက်လုပ်မိုင်းတွေ တွေ့ခဲ့ရပါတယ်။မိုင်းပေါက်ကွဲမှုက သိပ်မပြင်းထန်လှပဲ ထိခိုက် ဒဏ်ရာရတာ မရှိပါဘူး။

ပေါက်ကွဲခဲ့တဲ့ မိုင်းနဲ့ပါ ဆိုရင် စုစုပေါင်း မိုင်း ၉ လုံး အဲဒီ အဆောင်မှာ ချထား ခဲ့တာလို့ ထီးချိုင့်မြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးသိန်းဟန်က ပြောပါတယ်။ရွှေဘို ရဲ စခန်းမှာ ဖမ်းဆီး ထားတဲ့ မိုင်းထောင် ခဲ့သူလို့ သံသယ ရှိသူကို ပေါက်ကွဲ စေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှု ဖွင့် ထားတယ်လို့ ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးလှမြင့်က အတည်ပြုပါတယ်။

ဘော်ဒါ ဆောင်မှာ စာသင်နေတဲ့ မိန်းကလေး တစ်ဦးနဲ့ လူငယ် သဘာဝ ချစ်ကြိုက်ဖူးသူ တစ်ဦးက ပုဂ္ဂိုလ်ရေး အချစ်ရေး ပြဿနာ မကျေနပ်မှုတွေ ကြောင့် အခုလို လုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိထားကြောင်း ထီးချိုင့် မြို့နယ် ရဲမှူး ဦးလှမြင့်က  ပြောပါတယ်။သူ့ကို အသိတယောက်က လက်လုပ်မိုင်း ပြုလုပ်နည်း သင်ပေးခဲ့တာလို့ ရဲကို ထွက်ဆိုခဲ့တဲ့အတွက် အဲဒီ အသိ ဆိုသူကို ရဲက ခြေရာခံ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Ref : BBC

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *