အစီရင်ခံစာပေါက်ကြားမှုကိစ္စ ကုလနဲ့ အနီးကပ်ပူးတွဲဆောင်ရွက်နေကြောင်း စင်ကာပူပြောကြား

ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့ခံထားရတဲ့ မြောက်ကိုးရီးယားကို စင်္ကာပူ ကုမ္ပဏီနှစ်ခုက ဇိမ်ခံပစ္စည်းတွေ တင်သွင်းနေတယ်ဆိုတဲ့ အစီရင်ခံစာတစ်ခု ပေါက်ထွက်လာပြီးတဲ့နောက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနီးကပ် ပူးတွဲဆောင်ရွက်နေပါတယ်လို့ စင်္ကာပူနိုင်ငံက ပြောကြားလိုက်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ နျူးကလီးယားလက်နက် ကိုင်ဆောင်မှုကြောင့် အရေးယူ ပိတ်ဆို့ခံထားရတဲ့ မြောက်ကိုးရီးယားကို စင်္ကာပူ ကုမ္ပဏီနှစ်ခုနဲ့ တခြား အာရှလုပ်ငန်းစုတစ်ခုက ဝိုင်နဲ့ အရက်အပါအဝင် ဇိမ်ခံပစ္စည်းတွေကို ၂၀၁၇ နှောင်းပိုင်းအထိ တင်ပို့နေတယ်လို့ ပါရှိပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံဖို့ သဘောတူထားကြချိန်မှာပဲ အမေရိကန်ပြည်ထောင်စုက မြောက်ကိုးရီးယားရဲ့ အနုမြူလက်နက်တွေကို ဖျက်ဆီးပစ်ချိန်အထိ မြောက်ကိုးရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

စင်္ကာပူဟာ အစီရင်ခံစာထဲမှာပါဝင်တဲ့ စင်္ကာပူ ကုမ္ပဏီတွေ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ တကယ်လို့ အဲဒီကုမ္ပဏီတွေဟာ တကယ်ပဲ အဲဒီပြစ်မှုကို ကျူးလွန်ခဲ့တယ်ဆိုရင် စင်္ကာပူ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အဆောတလျှင် တာဝန်ယူဆောင်ရွက်သွားမယ်လို့ စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့က ကြေငြာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခုချိန်ထိ တစ်စုံတရာ မှတ်ချက်မပေးသေးပါဘူး။

စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ လက်အောက်ခံ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေး လည်ပတ်မှုအဖွဲ့ကတော့ စင်္ကာပူ ဘဏ်စံနစ်ကိုအသုံးပြုပြီး မြောက်ကိုးရီးယားနဲ့ ကုန်သွယ်မှုပြုလုပ်တယ်လို့ အစီရင်ခံစာထဲမှာတဲ့ အဲဒီကုမ္ပဏီတွေရဲ့ နံမည်ကို ထုတ်ဖော်မပြောပါဘူး။စင်္ကာပူဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မြောက်ကိုးရီးယားနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

Ref : RFA Burmese

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *