လှိုင်သာယာ စက်မှုဇုန် (၅) မှ အင်ဂျင်ဝိုင်အတု ထုတ်လုပ်သောစက်ရုံအား တာဝန်ရှိသူများ စစ်ဆေး

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် ၅ ရတနာလမ်းရှိ အမှတ် ၅၅၇ မှ ငှားရမ်းထားသော စက်ရုံနေရာတွင် အသုံးပြုပြီးသော စွန့်ပစ်အင်ဂျင်ဝိုင်များကို ပြန်လည်ပြုပြင်ကာ ပီပါအသစ်တွင် ထည့်၍ ပြည်ပမှ တင်သွင်းသော အင်ဂျင်ဝိုင်ပုံစံဖြင့် အတုပြုလုပ် ရောင်းချလျက်ရှိရာ စက်မှုဇုန်ဥက္ကဋ္ဌ၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အပိုင်နယ်ထိန်းတို့က စစ်ဆေးရာ အင်ဂျင်ဝိုင်အတု ပြုလုပ်သော ပစ္စည်းများနှင့် အင်ဂျင်ဝိုင်များ၊ ပီပါများတွေ့ရှိပြီး လုပ်ငန်းပိုင်ရှင်မှာ တိမ်းရှောင်နေကြောင်း သိရသည်။

”ကျွန်တော့်စက်ရုံက အင်ဂျင်ဝိုင်အတု ပီပါငါးလုံး ဝယ်မိသွားတယ်၊ ပီပါမှာ အင်ဒိုနီးရှားတံဆိပ်နဲ့ ဆိုတော့ အစစ်ဆိုပြီးသုံးတော့ စက်တွေပျက်ကုန်တယ်၊ ကျွန်တော်တို့ နိုင်ငံက စက်မှုထွန်းကားသေးတာ မဟုတ်တော့ အခုလို စက်ရုံတွေက ပစ္စည်းအတုတွေ အသုံးပြုမိပြီး ပျက်စီးရင် နစ်နာတယ်၊ အင်ဂျင်ဝိုင်အတု ပေါ်နေတာကြာပြီ၊ ဖမ်းမိတယ် ဆိုတဲ့သတင်း ရန်ကုန်မှာ မကြားရဘူး၊ အခုတစ်ခုကိုမိပြီး ဘယ်လိုဆက်ပြီး ဖော်ထုတ်မလဲ၊ စောင့်ကြည့်ချင်တယ်” ဟု ဇုန် ၅ မှ စက်ရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။

ကားဝပ်ရှော့၊ ဆိုင်ကယ်ပြင်ဆိုင်တို့မှ အသုံးပြုပြီးသော အင်ဂျင်ဝိုင်အဟောင်းများကို တစ်ပီပါလျှင် ငွေကျပ်ကိုးသောင်းပေး၍ လိုက်လံဝယ်ယူပြီး ဓာတုပစ္စည်းထည့်၍ ပြန်ကျိုကာ အင်ဂျင်ဝိုင်အသစ်ပုံစံဖြင့် ပါကင်ပိတ်ရောင်းချလျက်ရှိပြီး ကွန်ပရက်ဆာ အင်ဂျင်ဝိုင်ဆီ တစ်ပီပါလျှင် ငွေကျပ် ခြောက်သိန်းတန်၍ အင်ဂျင်ဝိုင်အတု တစ်ပီပါလျှင် ငွေကျပ် သုံးသိန်းဖြင့် ပြည်ပမှ တင်သွင်းသည့်ပုံစံဖြင့် ဈေးနှုန်းချိုသာစွာ စက်မှုဇုန်များတွင် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

”အသုံးပြုပြီး စွန့်ပစ်ထားတဲ့ အင်ဂျင်ဝိုင်တွေကို ပေါင်းအိုးတစ်ခုထဲထည့်ပြီး ကျိုတယ်၊ ထွက်လာတဲ့ အနံ့က ပတ်ဝန်းကျင် လုံးဝမခံနိုင်အောင် ဆိုးရွားတယ်၊ ပတ်ဝန်းကျင်ကတိုင်လို့ သွားစစ်တော့ ပီပါအခွံ အလုံး ၁ဝဝ တွေ့တယ်၊ ကျိုထားတဲ့ အင်ဂျင်ဝိုင်တွေလည်း တွေ့တယ်၊ စက်ရုံတွေက အင်ဂျင်ဝိုင်သုံးတဲ့အခါမှာ ပစ္စည်းအတုဖြစ်တဲ့အတွက် စက်ပစ္စည်းတွေ ထိခိုက်တာဟာ စက်မှုကဏ္ဍနဲ့ ကုန်ထုတ်စွမ်းအားကိုလည်း ထိခိုက်နိုင်တယ်၊ ကြားနေတာ ကြာပြီ၊ အခုမှ တွေ့ရတာ၊ ထိထိရောက်ရောက် အရေးယူဖို့တော့ လိုမယ်” ဟု စက်မှုဇုန် ၅ ဥက္ကဋ္ဌ ဦးမြင့်မောင် က ပြောသည်။

စက်မှုကဏ္ဍတွင် ပြည်ပမှ ဝင်ရောက်သော အင်ဂျင်ဝိုင်ဆီကိုသာ အများဆုံး အသုံးပြုကြလျက်ရှိပြီး ဈေးထက်ဝက်ကွာ၍ သက်သာခြင်း၊ ကုမ္ပဏီတံဆိပ်များ တပ်ဆင်ထားခြင်းနှင့် အိမ်၊ စက်ရုံ အရောက်ပို့ပေးခြင်းတို့ကြောင့် အင်ဂျင်ဝိုင်အတု ဈေးကွက်တစ်ခုအဖြစ် စက်မှုဇုန်များတွင် ပြုလုပ်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

Credit : Myanmaalinn

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *