ဖြတ်ထုတ်ထားတဲ့ ခြေထောက်အား ခေါင်းအုံးအဖြစ် သုံးခဲ့သဖြင့် အိန္ဒိယ ဆရာဝန်တွေကိုတာဝန်မှရပ်ဆိုင်း

အိန္ဒိယအာဏာပိုင်တွေဟာ ဆရာဝန်နှစ်ဦးကို တာဝန်ရပ်ဆိုင်းခဲ့ပြီး လူနာတစ်ဦးရဲ့ ဖြတ်ထုတ်ထားတဲ့ ခြေထောက်ကိုသုံးပြီး ခေါင်းအုံးအဖြစ် သူ့ခေါင်းကိုမြှင့်ထားခဲ့တယ်ဆိုတဲ့လုပ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့တယ်လို့ တနင်္ဂနွေနေ့က ဆေးရုံအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

ဥတ္တာပရာဒက်ရှ်ပြည်နယ်ရှိ အစိုးရဆေးရုံရဲ့ ကြီးကြပ်အုပ်ချုပ်သူက လူနာရဲ့ ဖြတ်ထားတဲ့ခြေထောက်ကို လူနာကုတင်ပေါ်မှာ ခေါင်းအုံးအဖြစ် အသုံးပြုနေတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် “တင်းကျပ်တဲ့အရေးယူမှု” ပြုလုပ်မယ်လို့ သန္နိဋ္ဌာန်ချခဲ့ပါတယ်။

“လူနာရဲ့ ခေါင်းအောက်မှာ ခြေထောက်ပြတ်ကြီးကို ဘယ်သူက ထားခဲ့တာလဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ အဖွဲ့ဝင်လေးဦး ပါဝင်တဲ့ကော်မတီကို ကျွန်မတို့ ဖွဲ့စည်းမှာဖြစ်ပါတယ်” လို့ ဂျန်စီရှိ ဆေးရုံနဲ့ မဟာရန်နီ လက်မီဘိုင် ဆေးပညာကောလိပ်ရဲ့ကျောင်းအုပ်ဖြစ်သူ ဆန်ဒါခူဆက် က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

“တကယ်လို့ ကျွန်မတို့ဝန်ထမ်းက အမှားလုပ်ထားတာတွေ့ခဲ့ရင် ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်မှာပါ” စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ ဆရာဝန်နှစ်ဦးကို တာဝန်မှ ရပ်ဆိုင်းထားတယ်လို့ သူက ပြောခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် အမျိုးသားဖြစ်သူ ဂျန်ရှန်က ဘတ်စ်ကားမတော်တဆမှုတစ်ခုမှာ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်

ဆေးရုံဝန်ထမ်းတွေက ဂျန်ရှန်အတွက် ခေါင်းအုံးတစ်လုံးပေးဖို့ တောင်းဆိုတာကို လျစ်လျူရှုခဲ့တယ်လို့ သူ့ရဲ့ ဆွေမျိုးတွေက ဒေသတွင်း NDTV သတင်းကွန်ရက်ကို ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ဆေးရုံရောက်တဲ့အချိန်မှာ သူ့ရဲ့ ခြေထောက်ကို ခေါင်းအုံးအဖြစ် အသုံးပြုထားတာကို တွေ့ခဲ့ရတယ်” လို့ ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဂျန်နကီပရာဆက်က NDTV ကို ပြောခဲ့ပါတယ်။

“ကျွန်တော်က သည်လိုမလုပ်ဖို့ ဆရာဝန်တွေကို အကြိမ်ကြိမ်ပြောပေမဲ့ သူတို့က ငြင်းဆန်ခဲ့ပါတယ်” လို့ ပရာဆက်က ထပ်ပြောခဲ့ပြီး နောက်ဆုံးမှာ ဂျန်ရှန်ရဲ့ ဆွေမျိုးတွေက ဒေသဈေးတစ်ခုကနေ ခေါင်းအုံးတစ်လုံး သွားဝယ်ခဲ့တယ်လို့ ပြောပါတယ်။

သည်လူနာကို “ချက်ချင်း” ဆေးကုသမှုပေးခဲ့ရပြီး သူ့ရဲ့ ဆွေမျိုးတွေထဲက တစ်ဦးက သူ့ရဲ့ ခြေထောက်ကို ခေါင်းအောက်မှာ ထားခဲ့တာဖြစ်တယ်လို့ ကူရှက်က ပြောခဲ့တာကို အိန္ဒိယရဲ့ PTI က တင်ပြထားပါတယ်။
“ဆရာဝန်က သူ့ခေါင်းကို မြှင့်ထားဖို့ တစ်ခုခုကို ရှာဖွေခဲ့တယ်။ လူနာစောင့်က သည်ခြေထောက်ကို သုံးခဲ့တယ်” လို့ သူက PTI ကို ပြောခဲ့ပါတယ်။

အိန္ဒိယရဲ့ အစိုးရပိုင်ဆေးရုံတွေမှာ မကြာခဏ ပစ္စည်းမပြည့်စုံမှု၊ အလွန်အမင်းထောက်ပံ့ငွေ မလုံလောက်မှု၊ ပျက်စီးနေတာကို ဖာထေးအသုံးပြုနေရတာတွေရှိပါတယ်။ သန်းပေါင်းများစွာသော လူနာတွေကိုကုသဖို့ အထူးကုဆရာဝန် အနည်းငယ်သာ ရှိပါတယ်။
အိန္ဒိယရဲ့ အဆင်းရဲဆုံးပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ ဥတ္တာပရာဒက်ရှ်မှာ လူသန်း၂၀၀ အထိ နေထိုင်ပြီး အသေးစားကုသမှုတွေကိုတောင်မှ ကြာရှည်စောင့်ဆိုင်းနေရမှုတွေရှိပါတယ်။ ဆေးကုသမှုဆိုင်ရာ လစ်ဟင်းမှုတွေလည်း အတွေ့ရများပါတယ်။

ပီးခဲ့တဲ့နှစ်က ဥတ္တာပရာဒက်ရှိ အစိုးရဆေးရုံတစ်ရုံမှာ အောက်ဆီဂျင် ပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရပြီး တစ်ပတ်အတွင်းမှာ ကလေးများစွာ သေဆုံးခဲ့ပါတယ်။ HIV ပိုးပါ ဆေးထိုးအပ်တစ်ခုတည်းကို ပြန်လည်အသုံးပြုမှုနဲ့ အနည်းဆုံး လူ ၄၆ ဦးကို ရောဂါကူးစက်စေတယ်လို့ စွပ်စွဲထားမှုနဲ့ ပြီးခဲ့တဲ့လက လိုင်စင်မဲ့ ဆရာဝန်တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ref:kumudranews

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *