AGF

Posted on

အခန်း ၁၁-

ကံဆောင်ရော ဖိုးလှပါ မီးအိမ် ကိုင်ဆွဲပြီး ရှေ့က ဒယီးဒယိုင်နဲ့ သွားနေတဲ့ သုဘရာဇာကြီးနောက်ကို လိုက်သွားကြ၏။ သူတို့ သွားနေတဲ့နေရာက လက်ပံပင်အိုအောက်။ အဲ့ဒီ လက်ပံပင်အိုအောက်ဘက် မကျတကျမှာ မြေကျွင်း အသစ်တခုရှိ၏။ မလုပ်စကောင်းသောင်းသော အလုပ်ကို သုဘရာဇာကြီးသည် အဘယ်ကြောင့် လုပ်ရသနည်း။ အခုချိန်ထိ သုဘရာဇာကြီးသည် အဖြေမပေးသေး။ သို့ပေမဲ့ ကံဆောင့် စိတ်ဝယ် သုဘရာဇာ ဦးဘသာကြီးသည် ဘယ်အရာကိုမှ အကြောင်းမဲ့ လုပ်တတ်သူမဟုတ်။ သူ့မှာ ခိုင်လုံတဲ့ အကြောင်းတခု ရှိလို့သာ ဒီလို အကြို မြေကျွင်း တူးထားခြင်း ဖြစ်လိမ့်မည်ဟု ယုံကြည်မိလေ၏။ သူတို့ ကြိုတူးထားသော မြေကျွင်းဆီသို့ ရောက်ကြလေပြီ။ အားလုံးသည် သုဘရာဇာ ဦးဘသာ၏ မီးအိမ်မှ အလင်းရောင်ဖြင့် မြေကျွင်းထဲကို ငုံ့ကြည့်လိုက်ပြီး … ဖိုးလှက … “ဟင်! ခွေးသေကောင်ပုပ်ကြီး ” ကံဆောင်ကလည်း ပျို့တက်လာသည့့် လေကို ပြန်မြိုချရင်း … ” ထွီ! ဝေါ့ … နံလိုက်တာကွာ၊ ဘယ်တုန်းက သေထားတဲ့ ခွေးသေကြီးလဲ ” ” ဟုတ်တယ်။ အဲ့ဒါ ငါ ယတြာချေထားတဲ့ သဘောပဲ ကံဆောင်။ လူအတွက် တူးတာမဟုတ်ဘူး။ ခွေးအတွက် တူးတယ်ဆိုတဲ့ သဘောသက်ရောက်သွားအောင်ပေါ့ကွာ။ ငါက … ညဘက်ကျရင် အေးအေးဆေးဆေး အနားယူတတ်တာ ၊ မင်းလဲ အသိသား ကံဆောင် ၊ ဒါပေမဲ့ နေ့လယ်က မမြစိန်အသုဘ ချလာတော့၊ ငါ့စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တခုကို ဒီ အနှစ်သုံးဆယ်အတွင်းမှာ တတိယအကြိမ်မြောက် ထပ်ပြီး ကြိုတင်ခံစားလိုက်ရပြန်ပြီ ကံဆောင်။ ငါ့အသက်က အခုဆို ၄၇နှစ်၊ ငါ ၁၅နှစ်သားကတည်း ၊ အရင်က သုဘရာဇာကြီး ဘိုးထိန်နဲ့ အတူလက်တွဲပြီး၊ ဒီသုသာန်ကုန်းမှာ သုဘရာဇာအလုပ်တွေ လုပ်ခဲ့တာ။ ငါ့ လုပ်သက် အနှစ်၃၀ကျော်အတွင်းမှာ ၊ ဒီလို မကောင်းတဲ့ အငွေ့အသက် ကို အရင်ကလဲ၂ခါ ခံစားရဖူးခဲ့ပြီးပြီ။ ပထမတကြိမ် ၁၉၇၆ ခုတုန်းကဒီလို ခံစားမှုမျိုး ငါ ခံစားရပြီးတော့ အင်းကုန်းရွာသားတွေ ကာလဝမ်းရောဂါ ဖြစ်ပြီး ၊ လူ၅၀ကျော်လောက် တဖြုတ်ဖြုတ် ကြွေခဲ့တယ်။ မြို့က ကျန်းမာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့တွေ အရောက်ာက်မြန်လာလို့ ၊ သက်သာသွားတယ်။ ဒုတိယအကြိမ် ၁၉၈၁ခုနှစ်က ပိုဆိုး။ ပရံနဝါချောင်းရေ အတက်ကြမ်းလိုက်တာ ၊ တရွာလုံးနီးပါး ရေထဲ ပါကုန်ပါရောလား။အဲ့တုန်းကဆို လူတွေတင် မကဘူး။ အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်တဲ့ ကျွဲ နွား ကြက် ဝက်တွေပါ ကုန်ပါရော ကံဆောင်ရေ။ အဲ့ဒီမှာ အင်းကုန်းရွာဟောင်း ပျက်သွားတယ် ။ အခု မင်းတို့နေတဲ့ အင်းကုန်းရွာသစ်တည်ပြီးတော့ – ၁၀နှစ်ကြာမှ ငါ ဒီအငွေ့အသက်ကို တတိယအကြိမ် ပြန်ပြီး ခံစားရပြန်ပြီ ကံဆောင် ရေ” ကံဆောင်နှင့် ဖိုးလှသည် သုဘရာဇာကြီး ပြောနေသော အင်းကုန်းရွာဟောင်း၏ သမိုင်းကြောင်းကို စိတ်ဝင်တစား နားထောင်နေကြသည်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဟာ ၅နှစ်ခြားပြီး၊ အခု တတိယအကြိမ်ဟာ ၁၀နှစ်တိတိ ကွာခြားတာကို ကံဆောင် သတိပြုမိလိုက်သည်။ သို့ပေမဲ့ တတိယအကြိမ်သည် ဘာဆက်ဖြစ်ဦးမလဲဆိုတာ မသိရသေး။ လောလောဆယ်တော့ လူ၂ယောက် သေသွားလေပြီ။ ဦးဘသာက ဆက်ပြောသည်။ ” ပွင့်ပွင့်လင်းလင်း ပြောမယ်ကွာ ၊ မင်းတို့ ယုံမလား မယုံလားတော့ ငါ မသိဘူး။ ငါက လူသာမန်တွေ မမြင်နိုင်တဲ့ နာနာဘာဝတွေကို မြင်နိုင်တယ်ကွ။ နေ့လယ်က မမြစိန် အသုဘ ချလာတော့ ၊ နာရေး လိုက်ပို့တဲ့ သူ့သား စိန်သောင်းရဲ့ ဂုတ်ပေါ်မှာ မကောင်းဆိုဝါးတကောင် တက်ခွစီးနေတာ ငါ မြင်လိုက်ရတယ် ” ” ခင်မျာ ” “ဟုတ်တယ် ၊ ရိုးရိုးတက်ခွစီးနေတာ မဟုတ်ဘူး၊ စိန်သောင်းခေါင်းကို အားပါပါနဲ့ထုနှက်ရင်း လိုက်ခွစီးနေတာကွ ၊ ဒါကြောင့် ငါ နေ့လယ်ကတည်းက စိန်သောင်းတော့ ဒိည မကူးဘူး ၊ သေလိမ့်မယ်ဆိုတာ ကြိုသိနေခဲ့တာ ” ” ဘုရား ဘုရား … တော်သေးတာပေါ့ ၊ စိန်သောင်းတယောက်တည်း ဂုတ်ပေါ် သရဲက ဂုတ်ခွစီးနေလို့ ၊ ဒီပြင်လူတွေရောဆို မချောင်ဘူးနော် ကိုကြီးကံဆောင် ” ဖိုးလှက သူတွေးမိတာကို ကံဆောင်အား လှမ်းပြောလိုက်သည်။ ထိုအခါ ဦးဘသာက သူ့ခေါင်းကို လေးတွဲ့စွာ ခါရမ်းရင်း … ” အဲ့ဒါ ငါဆက်ပြောမလို့ … မကောင်းဆိုးဝါးက လူတွေကို သတ်ပြီး ၊ သူ့ရဲ့ စွမ်းအင်ကို ဖြည့်ဆည်းနေတာကွ။ ဒီတခါ ညဘက်ဆိုတော့ ငါ အဲ့ဒီ မကောင်းဆိုးဝါး ဘယ်သူ့ဂုတ်ပေါ် ခွစီးလာသလဲဆိုတာ မမြင်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ မကောင်းဆိုးဝါးကောင်တွေက အမှောင်မှာ ပိုပြီး စွမ်းအင်ကြီးမားကြတတ်လို့ပဲပေါ့ ” ကံဆောင်နဲ့ဖိုးလှ ပါးစပ်လေးတွေ အဟောင်းသား ဖြစ်ကုန်ကြသည်။ သုဘရာဇာကြီး ပြောပုံအရဆို မကောင်းဆိုးဝါးကောင်သည် သူ့စွမ်းအင် ပြည့်ဝအောင် အင်းကုန်းရွာသားများကို တယောက်က်ပြီး တယောက် ဆက်လက် စတေးနေဦးမည့်သဘောမဟုတ်လား။

+++++++++

အခန်း ၁၂-

ပြောရမယ်ဆိုရင် အရှည်ကြီးကွ ဟု အစချီကာ ၊ သုဘရာဇာကြီး ဦးဘသာသည် သူ၏နှောင်းအတိတ်အကြောင်းစုံကို ဤသို့ဤပုံ ခင်ကျင်း ပြောပြလေ၏။ ” ငါက အရင်တုန်းက ဘုန်းကြီးကျောင်းသားကွ ၊ သဒ္ဒါ သင်္ဂြိုလ်လောက်တော့ နိုင်သပေါ့ကွာ။ နောက်တော့ ငါ့ကို မွေးစားတဲ့ ကျောင်းထိုင်ဆရာတော်ကြီး ပျံလွန်တော်မူပြီး ၊ နောက် အသစ်ရောက်လာတဲ့ ကျောင်းထိုင်ရဲ့ အနေအထိုင်၊စိတ်သဘောထားကို မနှစ်သက်တာနဲ့ ၊ ထွက်လာခဲ့တယ်။ အဲ့ဒီမှာ အင်းကုန်းရွာဟောင်းသုသာန်ရဲ့ သုဘရာဇာကြီးနဲ့ တွေ့ပြီး၊ ငါလည်း သုဘရာဇာ ဘဝ ရောက်ခဲ့တယ်ဆိုကြပါစို့။ ငါ့ကို လောကီပညာတွေ သင်ကြားပေးသွားတာက ၊ ယက္ကန်းစင်တောင် ဆရာတော်ကြီးကွ ၊ ဆရာတော်ကြီးက နယ်လှည့်ပြီး သင်္ချိုင်းဓုတင် တရားရှု့မှတ်တော့ ၊ ငါက ဆရာတော်ကြီးကို ကြည်ညိုသဒ္ဓါတရားပွားပြီး ၊ ငါ့သင်္ချိုင်းမှာ တရားလာမှတ်တုန်း အနီးကပ် အလုပ်အကျွေး ပြုစုခဲ့တယ်လေ။ အဲ့တုန်းက ယက္ကန်းစင်တောင် ဆရာတော်ကြီးမှန်းလဲ ငါက မသိခဲ့ပါဘူး။ အဲ့ဒီမှာ ဆရာတော်ကြီးက ငါ့ကို သနားဂရုဏာထားပြီး၊ လောကီပညာအချို့ကို သင်ကြားပြသသွားတယ်။ ငါက ဘုန်းကြီးကျောင်းထွက်ဆိုတော့ သိပ်နားမဝေးဘူးပေါ့။ လွယ်လွယ်ကူကူ တတ်မြောက်ခဲ့တယ် ဆိုကြပါစို့။ တရက်မှာ… ဆရာတော်က ငါ့ကို ကြိုတင်နိမိတ်ဖတ် ဟောသွားခဲ့တယ်။ ဟဲ့ ဒကာ၊ နင်က သုဘရာဇာဆိုပေမဲ့ လူ့အသက်တွေ အများကြီး ကယ်ရလိမ့်အုံးမယ် ။ နင့်မှာ ထူးခြားတဲ့ ပါရမီတခု ရှိတယ်။ အခု ငါ သင်ပေးတဲ့ လောကီပညာရပ်အချို့နဲ့ နင့်ပါရမီဉာဏ်ကို လိုသလိုပေါင်းစပ်ပြီး လူတွေကို ကူညီဟဲ့ ။ အေး ဒါပေမဲ့ ငါ နင့်ကို ပျက်စီးမယ့်အရေး ကြိုမြင်နေရတယ် ။ ငါးပါးသီလ လုံအောင်ထိမ်းရင်တော့ ပျက်စီးမယ့်အရေး လွတ်မယ်။ မထိမ်းနိုင်ရင်တော့ နင်လည်းပဲ ပျက်စီးလိမ့်မယ် ဒကာ လို့ ဟောသွားတယ်ကွ ။ ဆရာတော် ပြောသလို ငါ ဟိုအရင်က ငါးပါးသီလ လုံခဲ့ပါတယ် ကံဆောင်။ ဒါပေမဲ့ ငါ့ အသက် ၃၅နှစ်မှာ ငါ မိန်းမတ​ေယာက်ကို အသည်းပျက်လုမတတ် ချစ်ခဲ့မိတယ်။ ငါကွာ … အဲ့ဒီမိန်းမကို လူအမှတ်နဲ့ နင့်နင့်သည်းသည်းကို ချစ်ခဲ့မိတာ။ တနှစ်လောက် ငါ သူ့အပေါ် စွဲမြဲစွာ ချစ်လာခဲ့ပြီးမှ … သူက လူမိန်းမ မဟုတ်ပဲ တစ္ဆေမိန်းမတကောင် ဖြစ်နေမှန်း ငါ သိလိုက်ရတယ်။ အဲ့ဒီ တစ္ဆေမိန်းမကလည်း ငါ့အပေါ် သိပ်ကောင်းခဲ့ ၊ သိပ်ချစ်ခဲ့ပါတယ်။ ဒါပေမဲ့ ငါ သူ့ကို တစ္ဆေမမှန်း သိလိုက်ရပြီးချိန်ကစပြီး ၊ အသည်းတွေ ကွဲကြေခဲ့ရတော့တာပေါ့။ လူသားနဲ့ ဝိဉာဥ် ပေါင်းစပ်လို့မှ မဖြစ်ပဲကွာ။ နောက်ပြီးတော့ သူ့ကို ငါက ဆက်ချစ်ပြီး ဆွဲထားရင် သူ တစ္ဆေမဘဝနဲ့ အပါယ်လားလိမ့်မယ်လေ။ ဒါကြောင့် ငါ သူ့ကို တစ္ဆေဘဝက ကျွတ်အောင် သူစွဲလန်းနေတဲ့ ပစ္စည်းဥစ္စာတွေကို လှုဒါန်းပေးလိုက်ပါတယ်။ သူ သာဓု မခေါ်ဘူး လုပ်နေသေးတယ်။ သူလည်း ငါ့ကို မခွဲသွားချင်ဘူးနေမှာပေါ့ ။ ဒါပေမဲ့ ငါ သူ့ကို အကြပ်ကိုင်ပြီး သာဓု ခေါ်ဆိုစေလိုက်တယ် ကံဆောင် ။ နင် ငါအခုပြုတဲ့ ကုသိုလ်ကို အမျှ မယူဘူးဆိုရင် ၊ ငါလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ယ်လို့ —။ သူ ငါ အဖန်ငါးရာ ဝဋ်ဒုက္ခ ခံရမှာကို မကြည့်ရက်ဘူးမို့လား။ ငါ့ကို နောက်ဆုံး တရိုတသေ ကန်တော့ပြီး သာဓု ခေါ်သွားတယ်။ သူ အဲ့ဒီကတည်းက ငါ့ဆီက ပျောက်ဆုံးသွားတယ် ကံဆောင်။ သူ ကောင်းမွန်ရာ ဘုံဘဝကို ကူးပြောင်းသွားပြီနေပါလိမ့်မယ် ။ ငါကတော့ သူ့ကို အခုချိန်ထိ လွမ်းတသသနဲ့ ပူဆွေးနေရတုန်းပေါ့ကွာ။ သူ့ကို လွမ်းတိုင်း ငါ က်ုမြကြီးရဲ့ မိုးသီချင်းကို ဖွင့်ပြီး အရက်နဲ့ ကုစားခဲ့မိတယ်။ ငါ ငါးပါးသီလ မလုံခြုံတော့ဘူးပေါ့ ။ ငါ့ရဲ့ ထူးခြားတဲ့ ပါရမီဆိုတာက ဟိုအရင်ကဆို ငါ မကောင်းဆိုးဝါးကို နေ့နေ့ညည မြင်နိုင်စွမ်းတယ်။ ဘယ်လောက်ကွယ်ဖျောက်ထားတဲ့ မကောင်းဆိုးဝါး ဖြစ်ပါစေ ။ ငါ အာရုံစူးစိုက်လိုက်တာနဲ့ မြင်ကို မြင်ရတယ်ကွ။ ဒါပေမဲ့ သုရာမေယျ ဆိုတဲ့ ကံတပါးကို ငါ မစောင့်ထိမ်း နိုင်တော့တဲ့ နောက်ပိုင်း ငါ့အမြင် အာရုံစွမ်းအင်ဟာ တဖြည်းဖြည်းချင်း လျော့နည်းလာခဲ့တယ်။ မြင်ချင်တဲ့အခါ မြင်ရပြီး၊ မမြင်ရတဲ့အခါက ပိုများလာတယ်။ ငါ အစကတော့ မမြင်ရလေ ကောင်းလေပဲ ဆိုပြီး ကျေနပ်နေမိသေးတယ်။ ဟင်းဟင်းဟင်း (နာနာကျင်ကျင် ရယ်မောလိုက်သည့် အသံ) ငါ တစ္ဆေကို မြင်နိုင်လို့ ‘ မိုး ‘ ဆိုတဲ့ မေတ္တာရှင်မလေးနဲ့ ချစ်ကြိုးသွယ်မိတာမဟုတ်လား။ (“သုဘရာဇာဘသာနှင့်တစ္ဆေမယား “ဝတ္ထုအဖြစ် သီးသန့်ဖေါ်ပြပါမည်) ဒါကြောင့် ငါ မမြင်နိုင်တော့ရင် ကောင်းမယ်လို့ပဲ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အဲ့ဒါ ငါ အယူလွဲမှားတာကွ ။ လူတသိန်းမှာ တယောက်က် ရနိုင်ခဲတဲ့ ငါ့အမြင်စွမ်းအင်ပါရမီကို အချစ်ကြောင့် ငါ အထင်သေးခဲ့မိတာ ။ တကယ်တော့ အဲ့ဒီ အမြင်စွမ်းအင်ဟာ လူသားတွေကို ကူညီပေးနိုင်တယ်မဟုတ်လား။ အခုလိုအချိန်မှာဆို အရမ်း အသုံးဝင်တယ်မဟုတ်လား။ ငါ့ရဲ့ မသိတတ်မှုက အခုဆို ကိုယ်ဖျောက်ထားတဲ့ မကောင်းဆိုးဝါးကောင်တွေကို ငါ မမြင်နိုင်တော့ဘူး ကံဆောင်။ ” ကံဆောင်၏ စိတ်ဝယ် သူ့ပခုန်းထက်က မှင်စာကို ဒါကြောင့် ဦးဘသာ မမြင်ရတာပါလားဟု တွေးမိသွားသည်။ ဦးဘသာက သူ့စကားကို ဆက်သည်။ ” တစ္ဆေမနဲ့ ငါ ချစ်သူ ဖြစ်ခွင့်ရတုန်းမှာ ၊ သူ့ဆီက ငါ သတင်းထူး တခု ကြားခဲ့ရတယ် ကံဆောင်။ သတင်းက တကယ့် သတင်းထူးကြီးကွ ။ ငါ အရမ်းစိတ်ဝင်စားနေတဲ့ ပထမအင်းကုန်းရွာဟောင်း အကြောင်း။ အင်းကုန်းရွာဟောင်း မတည်ခင်က ဒီနေရာ ကျတ်ကုန်းမြေတဲ့ ။ လူ အလွန်စားတာတဲ့ ။ နောက်တော့ ပရံနဝါ ချောင်းက ရွှေထွက်တယ်ဆိုပြီး ၊ လူတွေ တဖွဲ့ပြီး တဖွဲ ရောက်လာကြတာတဲ့။ အဲ့သလိုနဲ့ ယာယီတဲအိမ်စုတွေကနေ အိမ်ကြီးအိမ်ကောင်းတွေဖြစ်။ နောက်တော့ ဈေးဆိုင်တွေ ၊ အဖျော်ယမကာဆိုင်တွေ ၊ ဆေးဆိုင်တွေပါ ထပ်ပြီး ရောက်လာကြပြီး ရွာကြီးတရွာအဖြစ် စည်ကားလာတာတဲ့။ လူတွေ ရောက်လာတော့ ကျတ်တွေ နေစရာ ဘုံပျောက်ကုန်ကြတာပေါ့။ အဲ့ဒီမှာ ကျတ်တွေက နောက်ရောက်လာတဲ့ လူတွေကို မကျေနပ်ကြတော့ဘူး။ သူတို့နေရာကို လုယူတဲ့ ရန်သူအဖြစ် သဘောပိုက်ကြတယ်။ အဲ့ဒီမှာ သူတို့ပိုင်ဆိုင်ထားတဲ့ ကမ္မဇိဒ္ဓိတန်ခိုးနဲ့ လူတွေ မနေနိုင်အောင် အမျိုးမျိုး ပြုစားကြတော့တာပေါ့။ နာတာရှည် ဖျားတာ ၊ လူကောင်းပကတိကနေ ချက်ချင်းကြီး မလှုပ်နိုင် မသွားနိုင် မလာနိုင် ဖြစ်တာ ၊ ခေါင်းတခုလုံး ထုနှက်ခံရသလို အုံခဲနေတာ ၊ စီးပွားရေးတွေ ကြပ်တည်းတာ စသဖြင့် လူတွေကို သူတို့ စွမ်းသလောက် အမျိုးမျိုး ဒုက္ခပေးကြသတဲ့။ အဲ့ဒီမှာ ပရလောကသားနဲ့ လူဆိုတဲ့ မြင့်မြတ်တဲ့ သတ္တဝါ ဟာ ကံစွမ်းဉာဏ်စွမ်း အင်မတန် ကွာဟကြောင်း အဖြေပေါ်တော့တာပဲပေါ့ ။ လူတွေက မြတ်စွာဘုရားရဲ့ သားတော်တွေ ဖြစ်တဲ့ သံဃာတော်အရှင်သူမြတ်တွေကို ပင့်ဖိတ်ပြီး ၊ ဆွမ်းလုပ်ကျွေးတယ်။ သာသနာတော်ကို စောင့်ရှောက်ကြတဲ့ သံဃာတော်တွေကို ပစ္စည်းလေးပါး ထောက်ပံ့ကြတယ်။ ဆရာတော် အရှင်သူမြတ်တွေက လည်း … ပရိတ်တရားချီးမြှင့်ပေးတယ်။ လိုအပ်ရင် ကမ္မဝါ ဖတ်ပေးတယ်။ မြေသန့်မင်္ဂလာ ပြုပေးတယ်။ လိုအပ်မယ်ထင်တဲ့ ဘာသာရေး အရံအတားဟူသမျှ အကုန် ဆောင်ရွက်ပေးကြတယ်။ အဲ့ဒီတော့ ကျတ်တစ္ဆေတွေခမျာ လူသားတွေကို ထပ်ပြီး မနှောက်ယှက်ဝန့်တော့ပဲ လွတ်ရာကို ရှောင်ပြေးကြရသတဲ့။ ဒါပေမဲ့ … လူသားတွေကြောင့် နေစရာ ဘုံဌာနအပြင်၊ မြေ ပန္နက်ရိုက်လို့ ကလေးတွေပါ ဆုံးရှုံးခဲ့ရတဲ့ ကျတ်တစ္ဆေမကြီးတကောင်ကတော့ ဒီလို ကြိမ်းဝါးသတဲ့ ။ ငါ့မြေပေါ်ကို ကျုး ၊ ငါ့သားသမီးတွေကို သတ်ခဲ့တဲ့ နင်တို့ ဒီအင်းကုန်းရွာ မမြဲပါစေနဲ့ ၊ ၅နှစ်တခါ ၊ ဆယ်နှစ်တခါ အမြဲပျက်ပါစေသား ၊ နင်တို့ စွမ်းလို့ မပျက်ရင် ၊ မေ့မေ့လျော့လျော့ရှိချိန် ၌ ငါ ဖျက်ဆီးနိုင်ပါစေသား လို့ ကျိန်ဆိုခဲ့သတဲ့ ။ ဒါကြောင့် အင်းကုန်းရွာက ဒါန သီလ ဘာဝနာ မြဲနေရင် မပျက်စီးပဲ နှစ်ကြာရှည်တည်တံ့တယ်။ ပထမ ဒုတိယ အင်းကုန်း ပျက်စီးတာက ၅နှစ်ပဲ ခြားတယ်။ သီလမမြဲပဲ ရွှေရှာကြသူ အချင်းချင်း သတ်ုကဖြတ်ကြ၊ လိမ်ကြကောက်ကြ ဆိုတော့ အငြိုးကြီးတဲ့ ကျတ်တစ္ဆေမကြီးရဲ့ ကျိန်စာက ၅နှစ်ထဲနဲ့ သက်ရောက်မှု မြန်ဆန်ခဲ့တယ်။ အခု တတိယအကြိမ်ကျတော့ ၁၀နှစ်ကျော် ကြာခဲ့ပြီ။ ဒီတခါ မင်းတို့ရွာက ရွှေကြောင့်မဟုတ်ဘူး။ ကာမေသု ဆိုတဲ့ အိမ်ထောင်ရေးဖေါက်ပြားကြတဲ့ကံ၊ သူရာ မေယျ ဆိုတဲ့ အရက်သေစာကို လွန်လွန်ကြူးကြူး သောက်စားကြတဲ့ ကံ ၊ အဒိန္နဒါနာ သူတပါးဥစ္စာပစ္စည်းကို ခိုးယူကြတဲ့ ကံ။ ပါနာတိပါတာ သူတပါးအသက်ကို သတ်ဖြတ်ကြတဲ့ ကံ ၊ မုသာဝါဒဆိုတဲ့ လိမ်ညာပြောဆိုခြင်းတွေ များပြားလာကြတာကြောင့် ပျက်စီးဖို့ အချိန်ရောက်လာတာပဲ။ တနည်းပြောရရင်အင်းကုန်းရွာသူရွာသားတွေဟာ ငါးပါးသီလကို မေ့လျော့လာကြတဲ့အခါ ကျတ်တစ္ဆေမကြီးရဲ့ ကျိန်စာဟာ အသက်ဝင်လာတဲ့သဘောပဲ ကံဆောင်။ သူ့ကျိန်စာမှာ ဒင်းတို့ မေ့မေ့လျော့လျော့ ရှိချိန်၌ ငါဖျက်ဆီးအံ့ ဟု ဆိုထားခဲ့တယ်မဟုတ်လား။ အဲ့ဒီ သူပြောတဲ့ မေ့မေ့လျော့လျော့ ရှိချိန်ဆိုတာ ငါးပါးသီလ မမြဲတော့တဲ့အချိန်ကို ပြောတာ ကံဆောင်ရ ။ ပြီးတော့ အခုဆို သူက သူ့ စွမ်းအင်ကို လူ့အသက်တွေ စတေးပြီး ဖြည့်ဆည်းနေတာလေ။ အငြိုးအတေးကြီးတဲ့ ကျတ်တစ္ဆေမကြီးဟာ အခုဆိုရင် လူဘယ်နှစ်ယောက် စတေးပြီးပြီလဲဆိုတာ ငါတို့ မသိနိုင်ဘူး ကံဆောင်။ သူ့အစွမ်းကို အထင်သေးလို့တော့ မဖြစ်ဘူး ။ ဟူး ငါ့မှာသာ အရင်လို အမြင်စွမ်းအင်ရှိလို့ကတော့ လုံးဝ ကြောက်စရာမလိုပါဘူး ၊ ဒင်းကို မြင်ရရင် အသာ ဂုတ်ကကိုင်ပြီး အသူတရာချောက်ထဲ လွှင့်ပစ်နိင်တဲ့ မန္တန် ၊ ငါ့မှာ ရှိသပေါ့ ကံဆောင်ရ။ အခုတော့ ငါ မစွမ်းတော့ဘူး ကံဆောင်ရေ ၊ မန္တန်ကလည်း ငါ့လိုလူ ရွတ်ဖတ်လို့ မရတော့ဘူး။ တစ္ဆေမနဲ့ ညားဖူးသူ၊ ပရလောကသားနဲ့ သံဝါသ ပြုမိသူဟာ ဘယ်မန္တန် မန္တယားမှ ရွတ်ဆိုပိုင်ခွင့် မရှိတော့ဘူး ကံဆောင်ရဲ့ ၊ အလွယ်ပြောရရင် ဘုန်းနိမ့်သွားပြီပေါ့ကွာ ဘုန်းနိမ့်သွားပြီပေါ့ ” ယင်းသို့ သုဘရာဇာကြီးက နောင်တရဟန်ဖြင့် ညည်းညူ ပြောဆိုနေစဥ် အင်းကုန်းသုသာန်ထဲသို့ မီးအိမ်များ တလက်လက်နဲ့ ညတွင်းချင်း အသုဘချလာသော စိန်သောင်း၏နာရေး ပို့သူများကို တွေ့လိုက်ရသည်။ လူ ဆယ့်လေးငါးယောက်လောက်သည် သုသာန်ကုန်းမြေသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။ ဖိုးလှသည် ထိုအဖွဲ့ထံ အပြေးသွား၍ မြေကျွင်းဆီသို့ တပါတည်း ခေါ်ယူလာခဲ့သည်။ မြေကျွင်းထဲက ခွေးသေကောင်ပုပ်ကို မြေတလွှား ဖို့ထားပြီး ဖြစ်သည်။ သုဘရာဇာကြီးသည် သူ၏ အမြင်စွမ်းအင် လက်ကျန်လေးဖြင့် မကောင်းဆိုးဝါးကောင်အား မြင်ရလေဦးမလားလို့ ဝင်လာသူများကိုသူ့မီးအိမ်ကို မြှောက်ခါ တယောက်ချင်း စေ့စေ့စပ်စပ် လိုက်ကြည့်နေပါ၏။ သုဘရာဇာကြီးက မြင် မမြင်တော့ မသိ။ ကံဆောင်၏ ဂုတ်ပိုးပေါ်က အင်ကု ကတော့ ကံဆောင်အား လက်တို့ရင်း ၊ ‘ အဝါရောင် တီရှပ်နဲ့ ကောင်လေးရဲ့ ဂုတ်ပေါ်မှာ မကောင်းဆိုးဝါးကောင် ရှိတယ် ကံဆောင် ” ကံဆောင် အဝါရောင်တီရှပ်အင်္ကျီ ဝတ်ဆင်ထားသူကို ကြည့်လိုက်သည်။ ” ဟင်! ဒေါ်မြစိန်သား အငယ်ကောင် မြသောင်း ” အင်ကုက ဆက်ပြောသည်။ ” အဲ့ဒီကောင်လေးရဲ့ ညာဘက်နားကို မကောင်းဆိုးဝါးက ကပ်ပြီး ပြောနေတယ် ကံဆောင် ။ ဘာတွေ ပြောနေလဲ ငါ နားထောင်လိုက်အုံးမယ် ” အင်ကု ပြောမှ ကံဆောင် မြသောင်းကို အသေအချာ ကြည့်မိသည်။ မြသောင်းသည် နားယားသကဲ့သို မကြာခဏ သူ့နားကို လက်ဖြင့် ထိုးကလိနေသည်။ ပြီးတော့ မကြာခဏလည်း သူ၏ ဇက်ကို ကျစ်ခနဲ ကျစ်ခနဲ ခါတတ်လေ၏။ အင်ကုထံမှ မြသောင်းအား မကောင်းဆိုးဝါးက ဘာတွေ ယင်းသွင်းနေသည်ကို ကံဆောင် သိလိုလှပြီ။ သို့သော် ယခုချိန်ထိ ‘ အင်ကု ‘ သည် ကံဆောင့်အား စကားပြန် ထပ်မလာသေး။ ကံဆောင်ကား မြသောင်းအား အလွတ်မပေးစတမ်း အရိပ်တကြည့်ကြည့်နဲ့ ရှိ၏။ မြသောင်းကား ခေါင်းကို တကျစ်ကျစ်နဲ့ တောင်ဘက်ခါလိုက် မြောက်ဘက်ခါလိုက် လုပ်နေတော့သည်–။

အပိုင်း(၇)ဆက်လက်ဖတ်ရှုပါရန်
ပီပီ(မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *