သုံးပင်လိမ်ရှုပ်ထွေး

မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားဖြုတ်သိမ်းရန် အမေရိက၏ အားထုတ်မှုများကို လွဲချော်စေရန် တရုတ်နိုင်ငံက ကြိုးစားနိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူဆပြောကြားသော်လည်း ယခင်လက နှစ်ဖက်သဘော တူညီခဲ့မှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စောင့်ထိန်းလိုက်နာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ နျူကလီးယား စွန့်လွှတ်လိုမှုအပေါ် သံသယများထွက်ပေါ်စေခဲ့သည့် သီတင်းပတ်ကုန်ရက်က သံတမန်ဆွေးနွေးမှုများအပေါ် ထရမ့်က မှတ်ချက်ပေးခြင်းဖြစ်ပြီး တရုတ်ကုန်စည်များအား အမေရိကန်က အခွန်ချမှတ်မှုအပေါ် တရုတ်တို့က မလျှော်ကန်သော ဖိအားကိုပေးရန် ကြိုးစားနိုင်သည်ဟု ပြောကြားသည်။

သီတင်းပတ်ကုန်ရက်က ပြုံယမ်းသို့ သွားရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ရှေ့ခရီးတွင် အခက်အခဲများရှိနေသည်ဟု ပြောကြားခဲ့သော်လည်း ၎င်းပြန်သွားပြီးနောက် ပြုံယမ်းက အမေရိကန်တို့သည် ဂိုဏ်းစတားပုံစံ ဖိအားပေးသည့် ဒီပလိုမေစီကိုကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့သည်။

ထရမ့်-ကင် သဘောတူညီမှု၏ အသေးစိတ်များကို ညှိနှိုင်းရန် ပြုံယမ်းသို့ သွားရောက်ခဲ့သူ ပွန်ပီယိုက နာရီများစွာ ညှိနှိုင်းစရာကျန်သေးကြောင်းနှင့် ခေါင်းဆောင်နှစ်ဦး၏ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသူများက အကောင်အထည်ဖော်ရန် အချိန်ကျပြီဖြစ်ကြောင်း တနင်္လာနေ့က အာဖဂန်နစ္စတန်တွင် ရပ်နားစဉ် ပြောကြားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း ထုတ်ပြန်ကြေညာချက်များတွင် မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ကို မည်သည့်အချိန်တွင် မည်သို့ဖျက်သိမ်းမည်ဆိုသည်ကို ဖော်ပြနိုင်ခြင်းမရှိသေးပေ။

ပေါက်ကြားထွက်ပေါ်လာသော အမေရိကန်ထောက်လှမ်းရေးသတင်းများတွင် မြောက်ကိုရီးယားက နျူကလီးယားလက်နက်အစီအစဉ်ကို လုံးဝစွန့်လွှတ်ရန် မရည်ရွယ်ကြောင်း သုံးသပ်ထားသည်။

မြောက်ကိုရီးယားအရေးတွင် တရုတ်က ကြားဝင်ခြေရှုပ်နေကြောင်း ထရမ့်က Twitter တွင် ပြောဆိုမှုသည် ဘေဂျင်းအပေါ် ချီးမွမ်းလိုက်၊ အပြစ်တင်လိုက်ပြုလုပ်ခြင်း၊ သံတမန်ရေးညှိနှိုင်းခြင်းနှင့် ပေါ်ပေါ်တင်တင်ခြိမ်းခြောက်ခြင်းတို့ ရောနှောထားသည့် ထရမ့်၏ ရိုလာကိုစတာ ဗျူဟာအလှည့်အပတ်တစ်ခုဖြစ်သည်။

အမေရိကန်အစိုးရသည် မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးဖိအားပေး အရေးယူပိတ်ဆို့ရေးတွင် တရုတ်နိုင်ငံ၏ ထောက်ခံမှုကိုရရှိရန် လအတန်ကြာ ကြိုးစားခဲ့ရသည်။

သမ္မတထရမ့်သည် မြောက်ကိုရီးယားအရေးညှိနှိုင်းမှုများတွင် ဘေဂျင်းကို ဆက်ထိန်းထားရန် ကြိုးစားနေရင်း တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အခွန်များ ချမှတ်ကာ တင်းမာသောသဘောထားကို ကျင့်သုံးလျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုသည် ပြုံယမ်းခရီးစဉ်တွင် ရလဒ်မကောင်းခြင်းနှင့် ဝေဖန်စွပ်စွဲခံရခြင်းတို့အတွက် အမေရိကန်မီဒီယာများနှင့် နိုင်ငံခြားရေး မူဝါဒလေ့လာသူအချို့၏ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရသည်။

မြောက်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးခဲ့ဖူးသူ အမေရိကန် အရာရှိဟောင်းများဖြစ်သည့် 38 North သုတေသနအင်စတီကျုမှ ဂျိုးဝစ်နှင့် သံအမတ်ဟောင်း ရောဘတ်ဂါလူဆီတို့ကမူ ပွန်ပီယို၏ ပြုံယမ်းခရီးသည် အသေးစိတ်အချက်များ ညှိနှိုင်းရန်အတွက် အသုံးဝင်သော တာတွက်မှု ဖြစ်သည်ဟု အပြုသဘောမှတ်ချက်ပေးထားကြသည်။

Credit – The Voice

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *