မဟာဗျူဟာ ဗုံးကြဲလေယာဉ် အသစ် တည်ဆောက်မည့် ရုရှား လေတပ်

ကမ္ဘာ့အင်အားကြီး လေတပ် တစ်ခုဖြစ်သော ရုရှား ဖယ်ဒရေးရှင်းနိုင်ငံလေတပ်သည် ၎င်းတို့၏ ဗုံးကြဲလေယာဉ်တပ်ဖွဲ့ကို တိုးချဲ့လျှက်ရှိသည်။ ပြိုင်ဘက်များဖြစ်သော အမေရိကန်နှင့် တရုတ်တို့မှာလည်း ဗုံးကြဲလေယာဉ် တပ်ဖွဲ့များ အင်အား တိုးပွားစေရန် အစီအမံများ ချမှတ်ထားသောကြောင့် ၎င်းတို့အား ယှဉ်ပြိုင်နိုင်ရန်အတွက် ရုရှားလေတပ်အနေဖြင့် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။

ရုရှားလေတပ်တွင် လက်ရှိအသုံးပြုနေသော ဗုံးကြဲလေယာဉ်ကြီးများကို ပြန်လည်မွမ်းမံခြင်း အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နေသည်။ ထို့အပြင် အနာဂတ်တွင် ဗုံးကြဲလေယာဉ်တပ်ဖွဲ့အား အင်အားဖြည့်တင်းရန်အတွက် မဟာဗျူဟာဗုံးကြဲလေယာဉ် အသစ်တစ်မျိုးကိုလည်း တည်ဆောက်လျှက်ရှိကြောင်း သတင်းများထွက်ပေါ်လာပါသည်။ အဆိုပါ လေယာဉ်အား PAK-DA ဟု အမည်ပေးထားကြောင်း သိရှိရသည်။

PAK-DA လေယာဉ်သည် တာဝေးခရီးသွားနိုင်သော ဗုံးကြဲလေယာဉ်ဖြစ်သည်။ ရန်သူ့နယ်မြေအတွင်းသို့ ထိုးဖောက်တိုက်ခိုက်ရန်အတွက် ဒီဇိုင်းထုတ်လုပ်ကာ တည်ဆောက်မည်ဖြစ်သည်။

အဆိုပါ PAK-DA ဗုံးကြဲလေယာဉ်သည် လက်ရှိအသုံးပြုနေသော Tu-160 Blackjack ဗုံးကြဲလေယာဉ်၏ ဒီဇိုင်းကိုအခြေခံကာ ပိုမိုကောင်းမွန်အောင် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ရန်သူ့နယ်မြေအတွင်းသို့ ထိုးဖောက်ပြီး နျူကလီးယားလက်နက်အပါအဝင် အခြားဒုံးပျံလက်နက်များ ပစ်ခတ်နိုင်ရန် ရေဒါရှောင်ကွင်းနိုင်သော နည်းပညာများနှင့် ပေါင်းစပ်တည်ဆောက်သွားမည် ဖြစ်သည်။

ထို့အပြင် အီလက်ထရောနစ် တိုက်ခိုက်ရေးနှင့် တန်ပြန်ကာကွယ်ရေး စနစ်များလည်း တပ်ဆင်ထားမည်ဖြစ်သည်။ PAK-DA လေယာဉ်သည် အသံထက်လျှင်မြန်စွာ ပျံသန်းနိုင်မည်ဖြစ်သည်။

အဆိုပါ PAK-DA မဟာဗျူဟာဗုံးကြဲတိုက်လေယာဉ်အသစ်ကို ရုရှားနိုင်ငံရှိ United Aircraft Cooperation (UAC) မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်သည်။ UAC ၏ တရားဝင် Facebook Account တွင်လည်း အဆိုပါလေယာဉ် တည်ဆောက်တော့မည့်အကြောင်း ဖော်ပြထားခဲ့သည်ကိုတွေ့ရသည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်ကတည်းက မဟာဗျူဟာ ဗုံးကြဲလေယာဉ်သစ်အတွက် နည်းပညာဖွံ့ဖြိုးရေးကို အလေးပေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ တရားဝင်သတင်းများအရ မဟာဗျူဟာဗုံးကြဲလေယာဉ်အသစ် စီမံကိန်းအား ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu မှ တိုက်ရိုက်ကိုင်တွယ်ထားခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးမှ ယခု မဟာဗျူဟာဗုံးကြဲလေယာဉ် စီမံကိန်းအား အာရုံစိုက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် စတင်တည်ဆောက်ခြင်း မပြုရသေးသော်လည်း မကြာမီတွင် တည်ဆောက်မှုစတင်နိုင်မည်ဟု ခန့်မှန်းထားသည်။

ရုရှားလေတပ်၏ ဗုံးကြဲလေယာဉ်တပ်ဖွဲ့တွင် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် (Strategic Bomber) အမျိုးအစားသုံးမျိုး အသုံးပြုနေသည်။ ၎င်းတို့မှာ Tu-22 Backfire, Tu-95 Bear, Tu-160 Blackjack ဗုံးကြဲလေယာဉ်ကြီးများဖြစ်ကြသည်။

ထို့အပြင် နည်းဗျူဟာမြောက် ဗုံးကြဲလေယာဉ် (Tactical Bomber/Strike Fighter) များအဖြစ် Su-24 Fencer နှင့် Su-34 Fullback တို့အား အသုံးပြုလျှက်ရှိသည်။ ရုရှားလေတပ်၏ မဟာဗျူဟာဗုံးကြဲလေယာဉ်အသစ်မှာ ‘Flying Wing Design’ ဟုခေါ်ဆိုသော ကိုယ်ထည်အသစ်ဖြင့် တည်ဆောက်သွားမည်ဟုလည်း သတင်းများတွင်ဖော်ပြထားပါသည်။

ref:The Fifth Wave News

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *