ငြိမ်းချမ်ရေး မှတပါး အခြား မရှိ

လက်ရှိ ရှမ်းမြောက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ဟာ တအောင်း ပလောင် လက်နက် ကိုင်အဖွဲ့ TNLA နှင့် ရှမ်းမြောက် လက်နက် ကိုင်အဖွဲ့ SSPP က တစ်ဖက်၊ ရှမ်းတောင် လက်နက် ကိုင်အဖွဲ့ RCSS က တစ်ဖက်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြစ်ပွားနေခြင်းပါ။ ရှမ်းတောင် လက်နက်ကိုင်အဖွဲ့ RCSS/SSA ဟာ NCA မှာ အပစ်ရပ် လက်မှတ်ထိုးပြီးဖြစ်တဲ့ PNLO နှင့်လည်း ထိတွေ့မှု အချို့ ဖြစ်ပွားခဲ့ပါသေးတယ်။

ယခုရက်ပိုင်းအတွင်း ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုင်းပန်မြို့တောင်ဘက်ရှိ ပအို့စ်တိုင်းရင်း သားအများစုနေထိုင်တဲ့ ပန်ပိရွာ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားရာ ကိုရင်ငယ် (၂) ပါး မီးထဲ ပါသွားကာ ပျံလွန်တော် မူခဲ့ရပါတယ်။ အဆိုပါ မီးဟာ သတ်ဖြတ်ပြီးမှ အလောင်းဖျောက်တဲ့ ရှို့မီးလား… လောင်မီးလား ဆိုတာတော့ ယနေ့ထိ အဖြေ မပေါ်သေးပေ။

ဒါနဲ့ပတ်သက်ပြီး ဒေသခံများမှ ရှမ်းတောင်လက်နက်ကိုင်အဖွဲ့ RCSS/SSA ရဲ့ လက်ချက် ဖြစ်တယ်လို့ အသံတွေ ထွက်နေကြပြီး RCSS/SSA ဘက်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆို ထားတာပါ။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရှမ်းတပ်နှစ်တပ် ပေါင်းစည်းဖို့ ကမကထ လုပ်နေတဲ့ ကျောက်မဲ ဆရာတော်ကို သေနတ်သမား(၂) ဦးမှ ဝင်ရောက် ပစ်သတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီ တုန်းကတော့ TNLA ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံများက ထင်ကြေးပေးခဲ့ကြတာပါ။ ရှမ်း ပြည်နယ်မှာတော့ ဒေသခံများကို စိတ်မထင်ရင် မထင်သလို သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်ခံရမှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ယခု ရဟန်း၊ သံဃာများပါ ပစ်မှတ်အဖြစ် သတ်မှတ်ခံနေရပြီ ဖြစ်သည်။

လက်နက်ကိုင်တွေ အချင်းချင်းဖြစ်ကြတဲ့ တိုက်ပွဲတွေမှာ လက်နက်ကိုင် အချင်းချင်း ရင်ဆိုင် တိုက်ကြတာမျိုးမဟုတ်ဘဲ သူရဲဘောကြောင်တဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေက အဓိက သားကောင်အဖြစ် ချနင်းခံနေရတာပါ။ ဟိုအဖွဲ့ကို စွပ်စွဲ၊ ဒီ အဖွဲ့ကို စွပ်စွဲလိုက်နဲ့ ဒါဟာ အဆုံးသတ် သွားမည့် ပြဿနာမျိုး မဟုတ်ပေဘူး။ ဒါတွေက လွတ်မြောက်ဖို့ဆိုရင် ငြိမ်းချမ်းရေးမှတပါး အခြား မရှိလေပြီ။

credit:bawmawnews

Leave a Reply

Your email address will not be published. Required fields are marked *