International News

“အမေရိကန်ရဲ့ ရာဇသံကို နျူကလီးယား လက်နက်တွေ ဖြန့်ကြက်မယ်” လို့ ခြိမ်းခြောက်ရင်း ပူတင် တုံ့ပြန်

စစ်အင်အားကြီး နှစ်နိုင်ငံကြားမှာ သဘောတူထားတဲ့ တာလတ် ပစ်ဒုံးကျည်တွေ တားမြစ်ရေး INF သဘော တူညီမှုနဲ့ ပတ်သက်ပြီး အမေရိကန်က နုတ်ထွက် မယ်လို့ ရက်ချိန်းပေး ခြောက်လှန့်လာတာကို ရုရှားသမ္မတ ပူတင်က ဒီ တားမြစ်ထားတဲ့ နျူကလီးယား ဒုံးကျည်တွေကို ဖြန့်ကြက် ချထားမယ်လို့ ပြောဆိုလျက် တုံ့ပြန်လိုက်ပါတယ်။

တာလတ်ပစ် နျူကလီးယား လက်နက်တွေကို တားမြစ်တဲ့ INF ပဋိညာဉ်ကို စစ်အေးခေတ်က ချုပ်ဆိုထားတာဖြစ်ပြီး ရုရှနိုင်ငံဟာ ပဋိညာဉ်ကို ချိုးဖောက်နေတယ်လို့ စွပ်စွဲပြောဆိုလျက် ရက် ၆၀ အတွင်း ရုရှက ပဋိညာဉ်ကို ပြန်လည်လိုက်နာခြင်း မရှိရင် အမေရိကန်ဟာ နုတ်ထွက်တော့မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ရုရှကို ရက်ချိန်းပေးလိုက်ပြီး နောက်တစ်ရက်မှာပဲ ပူတင်က တုံ့ပြန်ပြောလိုက်တာ ဖြစ်ပါတယ်။

ပွန်ပီယိုရဲ့ ထုတ်ပြန်ချက်ကို ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ ကြိုးစားတာ ဖြစ်ပြီး အမေရိကန်ဟာ နဂိုကတည်းက INF ပဋိညာဉ်ကို ချောင်ထိုးဖို့ ဆုံးဖြတ်ထားပြီးသားပဲ ဖြစ်တယ်လို့ ပြောဆိုလျက် ပူတင်က ပယ်ချလိုက်ပါတယ်။

“သူတို့က ကျုပ်တို့တော့ မသိလောက်ဘူး ထင်နေကြတယ်ဗျာ။”လို့ ကရင်မလင်ရဲ့ ခေါင်းဆောင်က ပြောရင်း ပင်တဂွန်ဟာ ဒီ ပဋိညာဉ်က တားမြစ်ထားတဲ့ ဒုံးကျည်တွေကို အတိုင်းအတာတစ်ခုအထိ ဖြန့်ကြက်ဖို့ လျာထားပြီး ဖြစ်တယ်လို့ အတည်ပြု ပြောပါတယ်။

စစ်အေးခေတ်ကာလအတွင်းမှာ ဥရောပကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည်ထိပ်ဖူးတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂိုဘာချော့ခ်တို့ဟာ တာလတ်ပစ်ဒုံးကျည်တွေ တားမြစ်ရေးကို သဘောတူလက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

“ကျုပ်တို့က ဒီပဋိညာဉ် ပျက်စီးသွားမှာကို ဆန့်ကျင်နေတာပါ။ ဒါပေမယ့် မတတ်သာလို့ ဖြစ်လာပြီဆိုရင်လည်း အခြေအနေပေါ် မူတည်ပြီး ကျုပ်တို့ဖက်က တုံ့ပြန်သွားမှာပဲ ဖြစ်တယ်။”လို့ ပူတင်က ပြောခဲ့ပါတယ်။

Rf; Jamaica Bserver
Writer_မောင်သံဆင့် ( Daily Hot News )

About the author

လက်ခတ်သံ

Leave a Comment