တပ်မတော်နှင့် ပူးပေါင်းပြီး ထိုးစစ်ဆင်သည် ဟူသော RCSS ၏ ပြောကြားချက်မှာ နိုင်ငံရေးအရ ၀ါဒဖြန့်ချိမှုသာဖြစ်သည် ဟု PNLO ပြော

တပ်မတော်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့ ပူးပေါင်းကာ ၄င်းတို့အား ထိုးစစ်ဆင် တိုက်ခိုက်သည် ဆိုသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ထုတ်ပြန်ကြေညာ ချက်မှာ နိုင်ငံရေးအရ ၀ါဒဖြန်ချိမှု သာဖြစ်သည်ဟု PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက The Ladies News သို့ ပြောကြားခဲ့တယ်လို့ သိရပါသည်။

`ဒါကတော့ နိုင်ငံရေးဝါဒဖြန့်တာပါ။ မြေပြင်မှာတော့ အဲဒီအတိုင်း မဟုတ်ပါဘူး` ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက RCSS ၏ စွပ်စွဲချက်ကို ငြင်းပယ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း၌ တပ်မတော်တပ်ရင်များနှင့် PNLO တပ်ဖွဲ့တို့ ပူးပေါင်းကာ RCSS တပ်များကို လိုက်လံတိုက်ခိုက်ခဲ့မှုကြောင့် မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု ပန်ပိကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု RCSS ပိုင် Tai Freedom သတင်းဌာနမှ ဒီဇင်ဘာလ ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ယခုမနက်ရရှိသည့် သတင်းများအရ တိုက်ပွဲဖြစ်သည်ဟု RCSS သတင်းထုတ်ပြန်ထားသည့် ဒေသအတွင်းရှိ ကျေးရွာမျာသို့ သွားရောက်ရန် ဆက်သွယ်ထားသည့် လမ်း၊တံတားများ မီးရှို့ဖျက်ဆီးခြင်း ခံရသည်ကြောင်းကို ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားပြီး၊ မည်သူ့လက်ချက် ဖြစ်ကြောင်းကိုတော့ ၄င်းက ပြောကြားခြင်းမရှိပေ။

`ဒီမနက်ပဲ သတင်းထပ်လာတယ်။ အဲဒီကျေးရွာတွေသွားတဲ့ လမ်း၊တံတားတွေ အားလုံးကို မီးရှို့ဖျက်ဆီး လိုက်ပြီတဲ့။ ဖျက်လေးဖျက် လုပ်ထားတာပေါ့ဗျာ။ အပြင်ကနေလည်း ပို့လို့မရအောင် အထဲကလည်းမရအောင်။ ဒီမနက် တက်သွားတဲ့ သူနာပြုဆရာမလည်း ပြန်လှည့်လာရတယ်။ အဲဒီရွာ ကျောင်းဆရာမတွေလည်း ပြန်လှည့်လာရတယ်` ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း နားမွန်ကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာ ၃ ရွာအား တပ်မတော်နှင့် PNLO မှ နေရပ်မှ ရွေ့ပြောင်းရန် အမိန့်ပေးထားသည်ဟု RCSS မှ ထုတ်ပြန်ထားပြီး၊ RCSS ၏ အဆိုပါ သတင်းထုတ်ပြန်မှုသည် မှားယွင်းသော သတင်းထုတ်ပြန်မှုသာဖြစ်ကြောင်း PNLO သတင်းပြန်ကြားမှ ပြန်လည် တုန့်ပြန်ထားသည်။

လက်တလောတွင် တင်းမာမှုဖြစ်ပွားနေသော နားမွန်ဒေသတွင်ရှိ တပ်ဖွဲ့များသည် NCA ဆုံးဖြတ်ချက်အတိုင်း သူနေရာသူ နေကြခြင်းဖြစ်ကြောင်း၊ သို့သော် RCSS အနေနှင့်ကမှု Bilateral သဘောတူစာချုပ်အရ ၄င်းတို့၏ လှုပ်ရှားနယ်မြေဟု ပြောဆိုခြင်းမျိုးရှိပြီး၊ အဆိုပါဒေသတွင် နေထိုင်သူအများစုမှာ ပအိုဝ်းလူမျိုးများ ဖြစ်သည်ဟု လည်း ၄င်းက ပြောကြားသည်။

`ပြည်သူလူထုအများစုက ပအိုဝ်းလူထုဖြစ်နေတော့ သူတို့ အသက်ဘေးအန္တရယ် လုံခြုံရေး အကြောင်းမျိုးမျိုးပေါ့ဗျာ၊ ကာကွယ်စောင့်မှု မခံရဘူး။ မခံရတဲ့အပြင်ကို ကျောင်းမီးလောင်တာတို့၊ ကိုရင်လေးတွေ ပျံလွန်တော်မူတာတို့ အိမ်မီးလောင်တာ တို့ဖြစ်တော့ ရိုးရိုးပြောရင် မလုံမခြုံနဲ့ ကြောက်တဲ့အခါကျတော့ အဲဒီလုံခြုံမှုကို အာမခံချက်ပေးနိုင်ဖို့ လိုတယ်ဗျ။ ဒေသခံတာဝန်ရှိတဲ့ အဖွဲ့အစည်းက ။ အာမခံချက် ပေးတယ်လို့ကြေညာ လိုက်ရင်တော့ အကောင်းဆုံးပဲ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့အားလုံး လုပ်လို့ကိုင်လို့လွယ်တယ်။ နောက်ပြီး တပ်မတော်ကလည်း ရှိတယ်၊ အဲဒီမှာ အင်းအား ၂၀ လောက်နဲ့ သူဘာသူ အဝေးကြီးနေကြတာပါ။ ရွာရဲ့ တောင်မြောက်၊ အရှေ့အနောက် နီးနီးနားနား မဟုတ်ပါဘူး။ ရွာကလည်း အိမ်ခြေ ၅၀၀ လောက် ရှိတယ်ဆိုတော့။ ၀ိုင်းပြီးတော့ ရွာလုံခြုံရေး၊ ပြည်သူထုလုံခြုံရေးကို တာဝန်ယူကြတဲ့ သဘောပါ` ဟု ၄င်းကပြောကြားသည်။

RCSS တပ်များကို လိုက်လံတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းများ မရှိကြောင်းနှင့် ထိုသို့ပြုလုပ်မှာလည်း မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် NCA ၌ လက်မှတ်ထိုးထားသည့် အဖွဲ့ဝင်းများဖြစ်သည့်အတွက် NCA စာချုပ်တွင် အစိုးရနှင့် သော်လည်းကောင်း၊ တပ်မတော်နှင့် သော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း သော်လည်းကောင်း ရန်လိုမှုများရပ်စဲထားရမည် ဟု ပြဌာန်းထားသည့် အတွက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။

`ဒါကြောင့် အခုထုတ်တဲ့ ဟာတွေကတော့ အများအားဖြင့်တော့ ၀ါဒဖြန့်ချိရေး ဆန်တယ်လို့ပြောရမှာပေါ့။ ဒါကတော့ မီဒီယာလက်ဦးမှု ယူတဲ့သဘောပါ` ဟု ပြောကြားသည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် PNLO နှင့် RCSS တို့သည် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အဆိုပါဒေသတွင် စစ်ရေးတင်းမှုများ ဖြစ်ပွားကြသေးသည်။

အောင်ရဲနောင်
ref:The Ladies News

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *