“အခွန် ၂ ဆရမည့် စိတ်ကူးကြောင့် တစ်ထောင်တန် ထီအား ဇွတ်လုပ်နေသလား” ဟု ကိုယ်စားလှယ် မေးခွန်းထုတ်

တစ်ထောင်တန် ထီထုတ်ပါက ၂ ဆ အခွန်ရမည်ဟု စိတ်ကူး ယဉ်၍ ဇွတ်လုပ်နေလား ဟုရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးဌေးဦးမှ ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် မေးမြန်း လိုက်ခြင်းဖြစ်သည်။

“အခုဟာ က နိုင်ငံတော်က တစ်လကို ၅၀၀ တန် ထီ တုန်းက ဘယ်လောက်အခွန်ရတဲ့အတွက် တစ်ထောင်တန် ထီထိုးရင် ၂ ဆ အခွန်ရမယ်ဆိုပြီး စိတ်ကူးယဉ်ပြီးဇွတ်လုပ်မယ်ဆိုရင် ထိုးတဲ့ ၏်သူတွေလည်း ဒုက္ခ ထီလုပ်ငန်းရှင်တွေလည်း အရင်းအနှီးက ၂ ဆ တိုးသွားမယ်။ ထီလုပ်ငန်းရှင်အသေးလေးတွေ လက်ပွေ့ရောင်းတဲ့ သူတွေက အရင်း ၂ ဆ ထပ်ရှာရတော့မယ်။အတိုးတွေနဲ့ အဲ့ဒါကျရင် အကုန်လုံးအကြပ်အတည်းတွေဖြစ်လာနိုင်တာကို ကျွန်တော်မြင်လို့ အခုလို မေးမြန်းရခြင်းဖြစ်ပါတယ်” ဟု ဦးဌေးဦးကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးဌေးဦးက “အောင်ဘာလေထီလက်မှတ်များကို အက္ခရာတိုးထုတ်ဝေရန် ပျက်ကွက်နေသောကြောင့် နိုင်ငံတော်မှ လစဉ်အခွန်ငွေများနစ်နာနေဖြင်း၊ထီလတ်မှတ်တစ်စောင်လျှင် ၆၅၀/၇၀၀ ကျပ်ဖြစ်နေ၍ ပြည်သူများနစ်နာဆုံးရှုံးနေခြင်း၊ တစ်ပိုင်တစ်နိုင်ထီရောင်းသူများ ၀င်ငွေကျဆင်းခြင်းတို့ဖြစ်ပေါ်နေသော်လည်း ထီလုပ်ငန်းရှင်ကြီးများမှာ အကျိုးအမြတ်များစွာ ရရှိနေကြပါသဖြင့် လိုအပ်သလို ပြုပြင်တည့်မတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးအရေးယူပေးရန်အစီအစဉ်ရှိမရှိအပေါ် မေးမြန်းရာတွင် အထက်ပါအတိုင်းထည့်သွင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးဌေးဦး က “အောင်ဘာလေ ထီကို ချစ်လွန်းလို့ ထိုးနေတာမဟုတ်ဘူး။ အားလုံးက စီးပွားရေးမပြေလည်လို့ မျှော်လင့်ချက်တစ်ခု အားကိုးအနေနဲ့ လုပ်နေတာ ။အဲ့တော့ ဆင်းရဲမွဲတေမှုကို လျော့ချချင်တယ်ဆိုရင် တစ်သောင်းဆု တစ်ခု ထုတ်တဲ့ အတွက် လူတစ်ယောက်တည်း ဆင်းရဲတွင်းက လွတ်မဲ့အစား သိန်း ၅၀၀ ဆု ၂၀ ထုတ်မယ်ဆို တစ်လ ကို အယောက် ၂၀ ဆင်းရဲတွင်းက လွတ်နိုင်မယ်။အဲ့ဒါကို ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်”ဟု ၎င်း ကထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့မေးမြန်းပြောကြားမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမောင်မောင်ဝင်း က “စုငွေတွေ အများကြီးပေးဖို့ ဆိုတာ တသမတ်ထဲမရှိပါဘူး။ သိန်းတစ်သောင်းစုဆိုပြီး ပထမဦးဆုံး စထုတ်တော့ သိန်းတစ်သောင်းစု ၊ငါးထောင်တစ်စု ပြီးရင် တစ်ထောင်နဲ့ ဆင်းသွားတယ်။အဲ့ထဲမှာ သုံးထောင်တွေဘာတွေ ထည့်သင့်တယ်လို့ အကြံပြုတဲ့အခါကျတော့ ငါးထောင်ဆို ၂ စု ၊သုံးထောင်ဆိုရင် ၃ စုလား ၄ စုလားပေါ့။အမြဲတမ်း တသမတ်ထဲ စုအရည်အတွက်ခွဲဝေပေးတာတော့ တသမတ်ထဲမရှိပါဘူး လိုအပ်ရင် လိုအပ်သလို ခွဲဝေပေးဖို့ရှိပါတယ်”ဟု ၎င်းကဖြေကြားခဲ့သည်။

ပြင်ပတွင် ထီဈေးနှုန်းတိုးမြှင့်ရောင်းချနေမှုသည် နေ့စဉ်လုပ်အားခနှုန်းထားနှင့် ဆက်စပ်လျှက်ရှိသည်ကို လေ့လာတွေ့ရှိချက်အရ တွေ့ရှိရကြောင်း ဦးမောင်မောင်ဝင်းကပြောသည်။

“လက်လီထီရာင်းချသူတစ်ဦးသည် ယခင်က တစ်ရက်တွင် ထီ နှစ်အုပ်ရောင်းချရုံဖြင့် တစ်နေ့လုပ်အားခပြည့်မီခဲ့သော်လည်း ယခုအခါ တစ်နေ့ လုပ်အားခသည် ကျပ် ၅၀၀၀ ခန့်ဖြစ်ရာ ကျပ် ၅၀၀ တန် ထီ စာအုပ် ၁၀ အုပ် ခန့် ကုန်စင်အောင် ရောင်းချနိုင်မှသာ တနေ့ရရှိမည့် လုပ်အားခ ပမာဏကို ပြည့်မီစွာ ရရှိနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အသစ်ထပ်မံထုတ်ဝေ ရောင်းချမည့် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီ များဖြန့်ဖြူးရောင်းချမည့် အချိန်တွင် ကြိုတင်မှာကြားချက်၊ဈေးကွက်လိုအပ်ချက်များနှင့်အညီ ထီအက္ခရာလုံးရေအား မှာကြားရိုက်နှိပ်ဖြန့်ဖြူးခြင်းဖြင့် ထီဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကပြောသည်။

၂၀၁၇ ခုနှစ် မတ်လ မှ ဒီဇင်ဘာလ အထိ ၅၀၀ ကျပ်တန် အောင်ဘာလေထီ အက္ခရာ ၂၉၀ လုံးနှင့် ၄၀၉၂၈ အုပ် ရောင်းချခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ မှ နိုဝင်ဘာလ အထိ အက္ခရာ ၄၁၈ လုံး ရောင်းချနိုင်ခဲ့ရာ ယခင်နှစ်များထက် အက္ခရာ ၁၂၈ လုံးပိုမိုရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ထီဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ထီကံစမ်းလိုသူများ လိုသလောက်အလွယ်တကူဝယ်ယူကံစမ်းနိုင်ရေး၊အောင်ဘာလေထီရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းအား စီးပွားရေး လုပ်ငန်းရှင်များမှ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုမပြုစေရေးတို့အတွက် သတ်မှတ်ချက်နှင့်အညီ ကြိုတင်လျှောက်ထား၍ Deposit တင်သွင်းသည့် ထီလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုရောင်းချခြင်းများဖြင့် ဆောင်ရွက်ထားကြောင်း ဦးမောင်မောင်ဝင်းကရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ စည်းကမ်းချက်များအား လိုက်နာမှုမရှိသည့် ထီဝယ်ယူခွင့်လျှောက်ထားသူများနှင့် သေဈးနှုန်းတိုးမြှင့်ရောင်းချသည့် လက်ကားဆိုင်ကြီးများ/လက်လီ/လက်ခွဲ အရောင်းဆိုင်များအား မြို့နယ်အလိုက် စီစစ်ဖော်ထုတ်၍ ထီစာအုပ်ဝယ်ယူခွင့်ပတိသိမ်းခြင်း၊စပေါ်ငွေများသိမ်းယူခြင်း စသည်တို့အား အရေးယူကြပ်မတ်ဆောင်ရွက်ကြောင်း ၎င်း ကရှင်းလင်းပြောကြားခဲ့သည်။

ထီစာအုပ်ဖြန့်ဖြူးရာတွင် အက္ခရာ တစ်လုံးတွင် အုပ်ရေ ၈၁၈၁၈အုပ်သတ်မှတ် ရိုက်နှိပ်ကြောင်း၊ထီဝယ်ယူသူများအနေဖြင့် နှစ်စမှ တစ်နှစ်စာ ကြိုတင်မှာထားသော်လည်း ထီစာအုပ်လာရောက်ထုတ်ယူမှုမရှိခြင်းသည် ၁၈၅၀၇၂၀ အုပ် ၀ယ်ယူရန် ပျက်ကွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ပျက်ကွက်ခဲ့သော်လည်း နိုင်ငံတော်အနေဖြင့် ထီအာအုပ်ရိုက်နှိပ်ခများ မဆုံးရှုံးစေရန်အတွက် ၀ယ်ယူမည့် ထီစာအုပ်တစ်အုပ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် သုံးလစာ Deposit အပ်နှံထားရှိစေ၍ ၀ယ်ယူရန် ပျက်ကွက်သူများထံမှ ၁၀ ကြိမ်မြောက်အထိ ၎င်း တို့၏ Deposit ငွေ ၁၂၂၉ သိန်းကျော် သိမ်းယူရရှိခဲ့သဖြင့် နိုင်ငံတော်အတွက် ထီစာအုပ်ရိုက်နှိပ်ခများ မဆုံးရှုံးခဲ့ကြောင်း ဦးမောင်မောင်ဝင်းကပြောသည်။

ထီဆုငွေများအား လာရောက်ထုတ်ယူမှုမရှိသည့် အပေါ်အထူးဆုအနေဖြင့် ထုတ်ပေးခြင်းထက် နိုင်ငံတော်ဘဏ္ဍအဖြစ်သိမ်းလိုက်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာအပေါ် အမီပြုနေသည့် ဌာနအားလုံးအတွက် ကျယ်ပြန့်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကပြောသည်။

“အခုဟာ က လာမထုတ်ဘူးဆိုရင် နိုင်ငံ ဘဏ္ဍသိမ်းလိုက်တယ်။ နိုင်ငံဘဏ္ဍသိမ်းလိုက်တော့ ဘဏ္ဍာငွေ ထဲရောက်ပြီးအားလုံး သုံးလို့ ရတာပေါ့။ နိုင်ငံဘဏ္ဍကနေ သုံးနေတဲ့ ဌာန အားလုံး သုံးရတာပေါ့။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးလို့ရတာပေါ့။ ထီပဲပြန်ပေးမယ်ဆိုရင်တော့ ထီသမားပဲ ပြန်ပြီးတော့ ကံစမ်းတာပေါ့”ဟု ၎င်းကပြောသည်။

အောင်ဘာလေ ထီလက်မှတ်ရောင်းအားသည် နှစ်စဉ် သင်္ကြန်ကာလတွင် ရုံးပိတ်ရက်များပြားသည့်အတွက် ထီရောင်းရက်နည်းပါးခြင်းကြောင့် ရောင်းအား ကျဆင်းခြင်း၊ မေ၊ဇွန်၊ဇူလိုင် လများတွင် မိုးရာသီစတင်သည့် ကာလဖြစ်သည့် အတွက်ရောင်းအားနည်းပါးခြင်းသည် နှစ်စဉ်ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

ref:The Fifth Wave News

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *