“ငဖြီးကြီး”ကိစ္စ NLD ပါတီက တာဝန်ယူ ဖြေရှင်းပေးမည်

စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ရန်ကုန်မြို့တော်ဝန်အား ‘ငဖြီးကြီး’ဟု ပြောဆို သုံးနှုန်းလိုက် သည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက တာဝန်ယူ မည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြို့တော်ဝန်ဦးမောင်မောင်စိုး အနေဖြင့် ပြန်လည် တုံ့ပြန်ဖြေရှင်းမှုမျိုး မပြုလုပ်ရန် ယင်းကိစ္စနှင့်ပတ်သက်၍ ပါတီမှ ရှင်းလင်းပေးမည်ဖြစ်ကြောင်း NLD ဗဟိုစီးပွားရေး ကော်မတီအဖွဲ့ဝင်တဦးက အသိပေးပြောဆိုထားပြီးဖြစ်ကြောင်း NLD ပါတီအသိုင်းအဝိုင်းမှ သိရသည်။

”အဲဒီကိစ္စက သူတို့ပြောပုံအရဆိုရင် မြို့တော်ဝန်ဦးမောင်မောင်စိုးကို ပြန်မဖြေရှင်းခိုင်းထားဘူး။ ဖြေရှင်းလိုက်ရင် ရှုပ်သလိုဖြစ်သွားလိမ့်မယ်ပေါ့။ ပါတီကပဲရှင်းမယ်ဆိုပြီးတော့ ပါတီစီးပွားရေးကော်မတီက တာဝန်ရှိသူက မြို့တော်ဝန်ဆီကိုလှမ်းပြီး အကြောင်းကြားထားတယ်” ဟု ပါတီနှင့်နီးစပ်သူတဦးက ပြောသည်။

ရန်ကုန်မြို့တော်ဝန်
လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့်စသည့် ပါတီမှအကြီးအကဲများ ပြည်ပခရီးစဉ်များထွက်နေသည့်ကာလ ဖြစ်နေသည်။ NLD ဗဟိုစီးပွာရေးကော် မတီဥက္ကဋ္ဌဦးဟံသာမြင့်က ”အဲဒီကိစ္စက ဘာမှမသိရသေးဘူး။ ကျွန်တော်က မုံရွာရောက်နေတယ်။ အဲဒါက စည်းကမ်းထိန်းသိမ်းရေးက ဦးဥာဏ်ဝင်း နိုင်ငံခြားရောက်နေတယ်။ သူပြန်လာမှ။ သူပြန်လာမှာပါ။ ဒီနေ့ညရောက်မယ်။ သူရောက်မှပဲ ဆက်စဉ်းစားလို့ရပါမယ်”ဟု ဇန်နဝါရီ ၁ဝ ရက် ညပိုင်းက News Watch သို့ပြောသည်။

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် မြောက်ရပ်ကွက်အတွင်းရှိ ကံ့ကော်လမ်းတွင် မိလ္လာရေများ မြောင်းအတွင်း စီးဆင်းနေမှုများကို ရှင်းလင်းပေးရန် မဲဆန္ဒရှင်များက စည်ပင်သို့အကြောင်းကြားခဲ့သော်လည်း မဖြေရှင်းခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုဦးက”စမ်းချောင်းမှာပါ။ ကျွန်တော် နှစ်ကြိမ်သွား စစ်ပေးပါတယ်။ အမှန်တကယ်လည်း ဖြစ်နေတာတွေ့ခဲ့ပါတယ်။ နှစ်ကြိမ်လုံး ဒီကိစ္စကိုဖြေရှင်းဖို့ အာဏာပိုင်ကို မေတ္တာရပ်ခံခဲ့ပါတယ်။ ယခုတိုင် ဖြေရှင်းမပေးနိုင်တာသိရတဲ့အတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ အဓိကက စည်ပင်ပါ။ ဥပဒေပြဋ္ဌာန်းပေးထားသည့်တိုင်အောင် ဖြီးဖြန်းပြီးနေနေပါတယ်။ ဌာနရဲ့အကြီးဆုံး မြို့တော်ဝန်ကအစ ငဖြီးကြီးလို့ပဲ မြင်မိပါတယ်။ မဲဆန္ဒရှင်များကို ပြောချင်တာက အစွမ်းကုန်ကြိုးစားပေးပါ့မယ်။ တရားစွဲခဲ့ရင် သက်သေအဖြစ်လိုက်ပါပေးလိုပါတယ်”ဟု ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇန်န၀ါရီ ၉ ရက်နေ့က ရေးသားခဲ့သည်။

စမ်းချောင်းအမတ် ဦးဘိုဘိုဦး
ဘိုဘိုဦးက ယင်းသို့ ထောက်ပြဝေဖန်ရေးသားခဲ့ပြီးနောက်တရက် ဇန်န၀ါရီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာစည်ပင်မှ တာဝန်ရှိသူများကစမ်းချောင်းမြို့နယ် ကံကော်လမ်း အမှတ်၁၄ ရှိ မိလ္လာစနစ်ချို့ယွင်းမှုနဲ့ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စသည် ပါတီစည်းကမ်းနှင့် အရေးတကြီး ပြင်းပြင်းထန်ထန် ဆောင်ရွက်ရမည့် ကိစ္စမျိုးမဟုတ်ဟု ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

”ကိုဘိုဘိုဦးလည်း တာဝန်ရှိတဲ့သူပဲ။ မြို့တော်ဝန်ဦးမောင်မောင်စိုးလည်း တာဝန်ရှိတဲ့သူပဲ။ တာဝန်ရှိတဲ့သူ အချင်းချင်းကို ဒီလိုလူသိရှင်ကြားပြောတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ တကယ်လို့ ပါတီကရှင်းမယ် ဆိုတာကလည်း ခေါ်ပြီးသတိပေးတာမျိုးပေါ့။ အဲလောက်တော့ရှိမယ်။ ခေါ်သတိပေးမယ်ဆိုရင်လည်း ဦးဘိုဘိုဦးပဲ ခေါ်မှာပေါ့။ ဦးဘိုဘိုဦးကို ခေါ်သတိပေးမှာပဲ”ဟု ဗဟိုပြန် ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောသည်။

Credit:News Watch

Leave a Reply

Your email address will not be published. Required fields are marked *