ဂျာဗားပင်လယ်အတွင်းသို့ ပျက်ကျခဲ့သည့် အင်ဒိုနီးရှား (Lion Air) လေယာဉ်၏ လေယာဉ်မှူး အခန်းမှ အသံဖမ်းစက် အား ရေငုပ်သမားများ ရှာဖွေတွေ့ရှိ

အောက်တိုဘာလ က ဂျာဗား ပင်လယ်အတွင်း သို့ ပျက်ကျခဲ့သည့် အင်ဒိုနီးရှား (Lion Air) လေယာဉ်၏ လေယာဉ်မှူးအခန်းမှ အသံဖမ်းစက်ကို အင်ဒိုနီးရှားရေတပ်မှ ရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ (၁၄) ရက်တွင် ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သည့် ခရီးသည် ၁၈၉ ဦးထဲမှ ရှာမတွေ့ဘဲ ကျန်ရှိနေသော အလောင်းတချို့ကို ပင်လယ် ရေအောက်ကြမ်းပြင်တွင် တွေ့ရှိခဲ့ကြောင်း၊ လေယာဉ်မှူးအခန်းမှ အသံဖမ်းစက် ရှာဖွေတွေ့ရှိခဲ့ခြင်းကို ဇန်နဝါရီ ၁၄ ရက် နံနက်ခင်းအချိန်တွင် အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေးကော်မတီဥက္ကဋ္ဌက အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ရေကြောင်းသွားလာရေး ဒုတိယဝန်ကြီး ရတ်ဝမ်ဂျာမာ လူဒင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

နည်းပညာမြှင့် ကိရိယာများ အသုံးပြု၍ ရှာဖွေသော ရေငုပ်သမားများသည် အသံဖမ်းစက်ကို ရေအောက်ကြမ်းပြင် အနက်ရှစ်မီတာ (၂၆ ပေ) ရွှံ့နွံထဲမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ်၏ အနောက်ပိုင်း ရေတပ်သင်္ဘောစုမှ ဒုတိယဗိုလ်မှူးကြီး အဂန်နူဂရိုဟိုက ဆိုသည်။

လေယာဉ်ပျက်ကျပြီး ရက်ပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် လေယာဉ်မှူးအခန်းမှ ပထမ အချက်အလက် မှတ်တမ်းတင်စက်အရ နောက်ဆုံးပျံသန်းခဲ့သည့် လေကြောင်းခရီးစဉ် လေးခုအတွင်း လေယာဉ်၏ အမြန်နှုန်းပြကိရိယာ ချွတ်ယွင်းချက် ရှိနေသည်ကို ပြသခဲ့ကြောင်း သိရသည်။ ယခုထပ်မံ တွေ့ရှိခဲ့သည့် လိမ္မော်ရင့်ရောင် အသံဖမ်းစက်မှာ ပထမ အချက်အလက် မှတ်တမ်းတင်စက် တွေ့ရှိခဲ့သည့်နေရာမှ ၁၀ မီတာအကွာတွင် ရှိနေခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ဆိုသည်။

“အသံဖမ်းစက်က အပိုင်းနှစ်ပိုင်း ကျိုးနေပေမယ့် စုံစမ်းစစ်ဆေးသူတွေအတွက် အသုံးဝင်နေသေးတယ်လို့ မျှော်လင့်ရပါတယ်” ဟု အင်ဒိုနီးရှား အမျိုးသားသယ်ယူပို့ဆောင် ရေးဘေးကင်းလုံခြုံမှုအဖွဲ့ (NTSC) မှ ဒုတိယဥက္ကဋ္ဌ ဟာယိုဆက်မိကိုက အေအက်ပီသို့ ပြောကြားခဲ့သည်။ အကယ်၍ အသံဖမ်းစက်တွင် ပျက်စီးချို့ယွင်းမှု မရှိပါက စုံစမ်းစစ်ဆေးရေးသမားအတွက် အရေးပါသော အချက်အလက်များကို ထောက်ပံ့ပေးနိုင်လိမ့်မည် ဖြစ်သည်။

အချက်အလက် မှတ်တမ်းတင်စက် (Black Box) များသည် အများအားဖြင့် ရောင်ပြန်အစင်းကြောင်းများ ပါရှိသော လိမ္မော်ရောင်တောက်တောက် အရောင်များ ဖြစ်ကြပြီး စီးပွားဖြစ် ပျံသန်းသည့် လေယာဉ်များအားလုံး Black Box ကို မဖြစ်မနေ တပ်ဆင်ထားကြရသည်။

ပျံသန်းမှု သက်တမ်းနှစ်လသာ ရှိသော Boeing 737 Max 8 လေယာဉ်သည် အောက်တိုဘာ ၂၉ ရက်က ဂျာကာတာလေဆိပ်မှ ထွက်ခွာပျံသန်းပြီး မိနစ်အနည်းငယ်အကြာတွင် ဂျာဗားပင်လယ်ပြင်အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူ ခရီးသည် ၁၈၉ ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်။ ယင်းဖြစ်ရပ်သည် ၁၉၉၇ ခုနှစ် နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားသော အဆိုးရွားဆုံး လေယာဉ် မတော်တဆမှုကြီးဖြစ်ပြီး ၁၉၉၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် Garuda လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုအတွင်း လူပေါင်း ၂၃၄ ဦး သေဆုံးခဲ့သည်။

credit:Eleven media

Leave a Reply

Your email address will not be published. Required fields are marked *