International News

အီရန် အားစစ်ေ်ရးဖြင့် လက်တုံ့ပြန်တိုက်ခိုက်ရန် အိမ်ဖြူတော် က နည်းလမ်းရှာဖွေနေ

Written by LatKhat Than

ယမန်နှစ် က အီရတ် နိုင်ငံထဲ၌ တိုက်ခိုက် မှု ဖြစ်ပွား ခဲ့ပြီးနောက် အီရန်အား တုံ့ပြန် တိုက်ခိုက်ရေးအတွက် စစ်ရေးမူကြမ်း စီမံကိန်းများတင်သွင်းရန် အိမ်ဖြူတော်က တောင်းဆိုခဲ့ရာ ပင်တဂွန်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့တွင် စိုးရိမ်မှုတို့ဖြစ်ပေါ်စေခဲ့သည်ဟု The Wall Street Journal တွင် ဇန်နဝါရီ ၁၃ ရက်က ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလက ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးတည်ရှိရာ သံတမန်ရပ်ကွက်ထဲသို့ အီရန်နှင့် ဆက်စပ်မှုရှိသည့် အုပ်စုတစ်စုက မော်တာဖြင့် တိုက်ခိုက်မှုဆောင်ရွက်ခဲ့ပြီးနောက် ယခုဖြစ်စဉ် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သတင်းထဲ၌ ဖော်ပြခဲ့သည်။ မော်တာကျည်မှာမူ မြေလွတ်တစ်ခုသို့ ကျသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိပေ။

သို့သော် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ NCS သည် အဆိုပါအသေးစားတိုက်ခိုက်မှုကို အမေရိကန်ဘက်မှ ခိုင်ခိုင်မာမာ ပြန်လည်တုံ့ပြန်နိုင်ရေးအတွက် ကြိုးပမ်းနေပြီး ယင်းသို့တုံ့ပြန်ရန် နည်းလမ်းများထဲ၌ အီရန်သို့ ပစ်ခတ်တိုက်ခိုက်ခြင်းလည်း ပါဝင်သည်ဟု ဝေါစထရိဂျာနယ်၌ ဖော်ပြခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတို့၌ တိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်ရန် ရွေးချယ်စရာ နည်းလမ်းများ တင်ပြရေးအတွက်လည်း NCS က တောင်းဆိုခဲ့သည်ဟု သိရသည်။

“ဒီကိစ္စဟာ သေချာပေါက် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပါတယ်။ လူတွေဟာ ထိတ်လန့်သွားကြတယ်။ အီရန်ကို သွားတိုက်ရလောက်အောင် သူတို့ဟာ ဘယ်လောက် အဆင်ခြင်မဲ့လဲဆိုတာ စိတ်ကူးနဲ့တောင် တွေးလို့မရပါဘူး” ဟု အမေရိကန်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဝေါစထရိသို့ ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကာကွယ်ရေးဌာနသည် ဖြစ်လာနိုင်သော တိုက်ခိုက်မှုအတွက် စီမံချက်များ ရေးဆွဲပြီးပြီဟု သိရသည်။ သို့သော် ထိုစီမံချက်များကို အိမ်ဖြူတော်သို့ ဝေမျှခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိဟု ဝေါစထရိ၌ ဖော်ပြခဲ့သည်။

NCS ၏အစည်းအဝေးတစ်ခုတွင် လက်ထောက်အမျိုးသား လုံခြုံရေးအကြံပေး မီရာရီကာဒယ်က အီရတ်၌ဖြစ်ပွားသော တိုက်ခိုက်မှုသည် စစ်ပွဲလုပ်ရပ်ဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး အမေရိကန်ဘက်မှ ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ရန်လည်း ဆော်သြခဲ့သည်။

ပင်တဂွန်မှ အရာရှိများကမူ အိမ်ဖြူ တော်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးစီမံကိန်းများ ရေးဆွဲပေးခြင်းသည် ပုံမှန်ကိစ္စသာဖြစ်သည့်အကြောင်း အလေးပေး ပြောကြားခဲ့သည်။

“စီမံကိန်းရေးဆွဲတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ခြိမ်းခြောက်မှု အမျိုးမျိုးအတွက် စစ်ရေးနဲ့တုံ့ပြန်ဖို့ ရွေးချယ်စရာနည်းလမ်းတွေကို သမ္မတထံ တင်ပြရပါတယ်” ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ရော့ဘ်မန်းနင်းက ပြောကြားခဲ့သည်။

ယခုသတင်းများနှင့်ပတ်သက်၍ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအား မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အီရတ်၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးချိန်ကမူ အိမ်ဖြူတော်က အမြန်ဆုံး ပြန်လည်လက်တုံ့ပြန်မည်ဟု အီရန်ကို သတိပေးခဲ့သည်။ အီရန်နိုင်ငံအပေါ် ရန်လိုသော သဘောထားရှိသူအဖြစ် လူသိများသည့် အိမ်ဖြူတော် လုံခြုံရေးအကြံပေး ဂျွန်ဘိုတန်သည် အီရန်၌ အစိုးရ အပြောင်းအလဲဖြစ်စေရန် တိုက်တွန်းလုပ်ဆောင်နေသည်။

credit:Eleven media

 

About the author

LatKhat Than

Leave a Comment