ချဲလ်ဆီးနဲ့ ဆာရီတို့ “လမ်းခွဲခိျန်တန်ပြီလား”

Posted on

မန်စီးတီးကို ဂိုးပြတ် အရေးနိမ့်ပြီးတဲ့နောက် ချဲလ်ဆီး ပရိသတ်တွေဟာ နည်းပြဆာရီကို ရာထူးက ထုတ်ပယ်ပေးဖို့ တောင်းဆိုမှုခဲ့ကြပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်စီးတီးကို ပွဲချိန် 25 မိနစ်အတွင်း 4 ဂိုးပေးလိုက်ရတဲ့အပြင် ပွဲအပြီးမှာ 6 ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေဟာ နည်းပြဆာရီအပေါ် ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရှေ့တစ်ပတ်ကျော်ကာလကလည်း ဘုန်းမောက်ကို အဝေးကွင်းမှာ 4 ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ပေါင်း 20 ကျော်ကာလအတွင်းအဆိုးရွားဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတဲ့အပြင် 2019 ခုနှစ်ထဲမှာ ကစားခဲ့တဲ့ အဝေးကွင်း နောက်ဆုံး 4 ပွဲဆက် အရေးနိမ့်ကာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ပေးဂိုး 14 ဂိုးအထိရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ချဲလ်ဆီးပရိသတ်တွေဟာ တစ်ရာသီစာဝယ်ယူထားတဲ့ လက်မှတ်တွေကို ကွင်းထဲ လွှင့်ပစ်ခဲ့ကြပြီး ရလဒ်ဆိုးရွားမှုမှာ အဓိက တာဝန်ရှိတဲ့ နည်းပြဆာရီကို ထုတ်ပယ်ပေးဖို့အော်ဟစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းရဲ့ တွစ်တာစာမျက်နာပေါ်မှာလည်း နာရီပိုင်းအတွင်း ဆာရီကို ထုတ်ပယ်ပေးဖို့တောင်းဆိုတဲ့ တွိစ်တွေ အများအပြားတက်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တွစ်တာစာမျက်နာပေါ်မှာ ပရိသတ်တစ်ဦးက ” လာမယ့်တနင်္လာနေ့အထိ ချဲလ်ဆီးမှာ ဆာရီ ဆက်ရှိနေမယ်ဆိုရင် အသင်းကို ပေါင် 100 လောင်းနဲ့ ရောင်းထုတ်ရလိမ့်မယ်” လို့ ရေးသားခဲ့ပြီး နောက်ပရိသတ်တစ်ဦးကလည်း ” 10 နှစ်ကျော်အတွင်း ချဲလ်ဆီးပရိသတ်တွေအတွက် အဆိုးရွားဆုံးကာလပါပဲ” လို့ ရေးသားသွားခဲ့ကြပါတယ်။

မန်စီးတီးကို အရေးနိမ့်ပြီးတဲ့နောက်မှာ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားအဆင့် 4 နေရာကို မန်ယူအသင်းထံ လွှဲပြောင်းပေးလိုက်ရပြီး နည်းပြဆာရီရဲ့ ရာထူးဟာ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း နည်းပြရာထူးအတွက်ဖိအားများသွားခဲ့ရပြီလို့ ပွဲအပြီးမှာ ၀န်ခံပြောဆိုခဲ့ပါတယ်။

ရာထူးအတွက်ဖိအားရှိလာတဲ့အပေါ် ဆာရီက ” ဖိအားတွေ ရှိလာတာ အမှန်ပါပဲ။ ဒီအသင်းရဲ့ ကောင်းသည်၊ဆိုးသည်ကို ကျတော်ပဲ တာဝန်ယူရမှာဆိုတော့ ဖိအားရှိလာတာပေါ့။ နည်းပြရာထူးအတွက်ကတော့ အချိန်မှာ ဘာမှမသိသေးပါဘူး။ အသင်းတာဝန်ရှိသူတွေနဲ့ ကျတော်ဆွေးနွေးရပါဦးမယ်။ လောလောဆယ်တော့ ဘာမှ မသိနိုင်သေးဘူး” လို့ ပြောသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းရဲ့ လက်ရှိရလဒ်ဆိုးတွေကြောင့် ဆာရီဟာ မကြာခင်မှာ ရာထူးကနေထုတ်ပယ်ခံရနိုင်တယ်လို့ Sky Sports ရုပ်သံက ဘောလုံးရေးရာသုံးသပ်သူတွေဖြစ်တဲ့ ဂရေမီဆောင်းနက်စ်နဲ့ ဂယ်ရီနဗီးတို့က သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ နယူးကာဆယ်နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဂရေမီဆောင်းနက်စ်က ” နည်းပြတွေ ထုတ်ပယ်ခံရမယ့်အကြောင်းပြောရင် ကျတော် စိတ်လက်မအီမသာဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း ထုတ်ပယ်ခံရဖူးလို့ပါပဲ။ အဲဒီခံစားမှုက လုံးဝမကောင်းဘူး။ အီတီဟတ်ကို ချဲလ်ဆီးပရိသတ်တွေ အများကြီး လာအားပေးခဲ့ကြပေမယ့် ပထမပိုင်းအပြီးမှာပဲ ထပြန်သွားကြတယ်။ အဲဒီပွဲကို ချဲလ်ဆီးအသင်းဒါရိုက်တာတွေလည်း လာကြည့်ကြတယ်ဆိုတော့ ဆာရီအနေနဲ့ ရာထူးကို ဆက်ကိုင်ထားဖို့ ခက်ခဲသွားပြီ ထင်ပါတယ်၊ 6-0 ဆိုတဲ့ ရလဒ်က ချဲလ်ဆီးအသင်းအတွက် လက်ခံနိုင်စရာ ရလဒ်မျိုးမဟုတ်ဘူး” လို့ သုံးသပ်သွားခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲအပြီးမှာပဲ ချဲလ်ဆီးနည်းပြဆာရီဟာ ရာထူးကထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့ပြီး ဘွတ်ကီတွေက 2 လေး 1 လေးအထိ ဈေးဖွင့်လာကြပါတယ်။ ဆာရီနဲ့ပတ်သက်ပြီး ဂယ်ရီနဗီးကတော့ ” ချဲလ်ဆီးလိုအသင်းမျိုးက နောက်တစ်ရက်မှာ နည်းပြသစ်ပြောင်းလဲလိုက်မယ်ဆိုရင်တောင် အံ့အားသင့်စရာမရှိပါဘူး” လို့ သုံးသပ်သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *