Local News

အာဖရိက ဝက်အပြင်းဖျား ရောဂါကြောင့် ဝက်နှင့် ဝက်ထွက် ပစ္စည်းများ နယ်စပ်ပေါက်များနှင့် လေဆိပ်များမှ တင်သွင်းခြင်း ကန့်သတ်

တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်း ဖျားရောဂါ ဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရန် ဝက်နှင့် ဝက်ထွက်ပစ္စည်းများကို နယ်စပ်ပေါက်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပေါက်များမှ တင်သွင်းခြင်းမပြုရန် တားမြစ် ထားကြောင်း သိရသည်။

အဆိုပါတားမြစ်မှုကို လေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီမှ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံမှ ကြိုတင် ကာကွယ်သည့်အနေဖြင့် တရုတ်နိုင်ငံနှင့် ရောဂါဖြစ်ပွားနေသော နိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက် ပစ္စည်းများကို နယ်စပ်ပေါက်များ အပါအဝင် လေဆိပ်၊ ရေဆိပ်များမှတဆင့် သယ်ယူခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ မပြုလုပ်ရန် ယာယီတားဆီးပိတ်ပင်ထားကြောင်း သိရသည်။

အဆိုပါရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိသေးသော်လည်း အိမ်နီးချင်းယူနန်ပြည်နယ်၌ ဖြစ်ပွားနေကြောင်း၊ ယင်းရောဂါပိုးသည် ကူးစက်မှုနှုန်းမြင့်မားပြီး ကာကွယ်ဆေးနှင့် ကုသဆေးများ မရှိခြင်းကြောင့်ကမ္ဘာ့ တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့မှ အရေးကြီးရောဂါအဖြစ် သတ်မှတ်၍ ဖြစ်ပွားလာပါက သုတ်သင်ရှင်းလင်းမှုပြုရန်သာ မှတ်ချက်ပြုထားကြောင်း သိရသည်။

ref:akonthi

About the author

လက်ခတ်သံ