Local News

AA ကြမ်းဖက်အဖွဲ့မှ ရခိုင်တွင် ရဲစခန်းနှင့် အရပ်ဘက် အာဏာပိုင်များကို တိုက်ခိုက်နေမှုများ ရပ်တန့်ရန် EU ကြေညာချက်ထုတ်

ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေတွင် ရဲစခန်းများ၊ အရပ်ဘက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်မှုများသည် တရားမျှတမှုမရှိသောကြောင့် ယင်းလုပ်ရပ်ကို ရပ်ဆိုင်းရန် ဥရောပသမဂ္ဂ (EU) မြန်မာနိုင်ငံဆိုင်ရာရုံးက မတ်လ ၁၄ ရက် နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ ဥရောပ အဖွဲ့ဝင်နိုင်ငံသံရုံးများ၊ ကနေဒါနှင့် နော်ဝေသံရုံးတို့မှ သံရုံးအကြီးအကဲများက ၎င်းတို့၏သဘောထားကို ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် အသက် အိုးအိမ်ဆုံးရှုံးနစ်နာမှုများနှင့် ဆိုးရွားသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအခြေအနေကို ဖြစ်ပေါ်စေလျက်ရှိပြီး ရဲစခန်းများ၊ အရပ်ဘက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း မတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် ၉ ဦး သတ်ဖြတ်ခံရခြင်း ကဲ့သို့သောလုပ်ရပ်များသည် မည်သို့မျှ တရားမျှတမှုမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အစိုးရအနေနှင့် AA ဆွေးနွေးမှုများပြုလုပ်ကာ နိုင်ငံရေးဖြစ်စဉ်မှတစ်ဆင့် ဖြေရှင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာဆိုင်ရာ လူသားချင်း စာနာမှုဥပဒေအရ အရပ်သားများကို ကာကွယ်နိုင်ရန်နှင့် လူသားချင်းစာနာမှုအကူအညီများပေးပို့ခွင့်ပြုရန်အတွက် လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဘက်ပေါင်းစုံမှ လေးစားလိုက်နာရန်လည်း အကြံပြုထားသည်။

တပ်မတော်ကလည်း AA ကို အပြတ် ချေမှုန်းမည်ဟုထုတ်ပြန်ထားပြီး AA လက်နက်ကိုင်အဖွဲ့ကလည်း ပြောက်ကျားတိုက်ပွဲအသွင် ဆင်နွှဲနေသည့်အတွက် လက်ရှိအခြေအနေအရ ညှိနှိုင်းဆွေးနွေးနိုင်မည့် အခြေအနေတွင်မရှိကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက သုံးသပ်သည်။

“တကယ်တမ်း အောက်မှာဖြစ်နေတာက ကျေးရွာတွေက ပြည်သူတွေ ကြားညပ်နေတာ။ AA ကလည်း ရခိုင်တိုင်းရင်းသား အဖွဲ့အစည်း၊ အမျိုးသားရေးအရ ထောက်ခံမှုအချို့လည်း ရှိနေတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးက စိုးရိမ်စရာအခြေအနေရှိတယ်”ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ဦးကျော်ခိုင်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အဆိုပါတိုက်ပွဲများကြောင့် မြို့နယ်ငါးမြို့နယ်တွင် စစ်ဘေးရှောင်များတိုးလာနေပြီး လူဦးရေ တစ်သောင်းကျော်ခန့်ရှိနိုင်ကြောင်း လူသားချင်းစာနာထောက်ထားမှုအဖွဲ့များက ခန့်မှန်းထားသည်။

___ LKT

About the author

လက်ခတ်သံ