International News

ဆီးရီးယားတွင် အိုင်အက်စ် စစ်သွေးကြွ ရာနှင့်ချီ လက်နက်ချ အညံ့ခံ

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဘတ်ဟို့ဇ် ဒေသမှာ မတ်လ ၁၄ ရက်နေ့က ရာချီတဲ့ အိုင်အက်စ် စစ်သွေးကြွတွေ လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့သိရပါတယ်။

အမေရိကန် ကျောထောက်နောက် ခံပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး (SDF) အဖွဲ့ရဲ့ ထိုးစစ်ဆင်တာကြောင့် ဘတ်ဟို့ဇ်ဒေသမှာ အိုင်အက်စ်တွေ တဖြည်းဖြည်း တပ်ဆုတ်နေရချိန် အခုလို လက်နက်ချခဲ့ကြတာပါ။

လက်နက်ချ အညံ့ခံခဲ့ကြတဲ့ စစ်သွေးကြွတွေထဲမှာ ဒဏ်ရာ ရသူအများစု ပါပါတယ်။ ဒဏ်ရာရနေတဲ့ အဲဒီစစ်သွေးကြွတွေကို သူတို့ရဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေက တွဲခေါ်လာပြီး တိုက်ပွဲဖြစ်နေတဲ့ ဘတ်ဟို့ဇ်မြို့ကနေ ထွက်လာခဲ့ကြတာပါ။

SDF အဖွဲ့ဟာ အိုင်အက်စ်တွေ နောက်ဆုံးခြေကုပ် ယူထားတဲ့ ဘတ်ဟို့ဇ်ဒေသကို အပြီးသတ်သိမ်းယူဖို့ စစ်ဆင်ရေးအရှိန်မြင့် ပြုလုပ်နေပြီး တိုက်ပွဲတွေ ယာယီရပ်နားထားတဲ့ အချိန်မှာ စစ်သွေးကြွတချို့ လက်နက်ချခဲ့တာပါ။

အိုင်အက်စ်တွေဟာ လက်ရှိအခြေအနေအရ အရေးနိမ့်နေပေမယ့်လည်း ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ခြေကုပ်ယူထားပြီး ချုံခိုတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာနိုင်တာကြောင့် လုံခြုံရေးအရ အန္တရာယ်ရှိပါသေးတယ်။

About the author

လက်ခတ်သံ