Local News

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံတည်ဆောက်မှုအား ကန့်ကွက်သည့် ဒေသခံများကို ဖမ်းဝရမ်းထုတ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တော ကျေးရွာအုပ်စု အောင်သပြေကျေးရွာ အနီး မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား ကန့်ကွက်နေသည့် ဒေသခံများကို တရားရုံးက ဖမ်းဝရမ်းထုတ်သွားမည်ဖြစ်ကြောင်း သိရသည် ။

ဒေသခံတောင်သူများဖြစ်သည့် ကျော်ဇေယျပါ (၄) ဦးအား ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် မတ်လ (၁၅) ရက်နေ့က ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် အမိန့်ချမည်ဖြစ်သော်လည်း ရုံးတော်ရှေ့မရောက်ခဲ့ကြောင်း သိရသည် ။

“ကို​ကျော်​​ဇေယျပါ ၄ ဦးက ရုံးမလာဘူး၊ မလာတဲ့အတွက်​ ကျန်​​တော်​တို့က ခရီးလွန်​​နေပါတယ်​ဆိုပြီး ခွင့်​တင်​တယ်​၊တင်​တဲ့အ​ခြေအထားတစ်​ခုမှာ ကျွန်​​တော်​တို့တင်​တဲ့ခွင့်​နဲ့ပတ်​သက်​ပြီး တရားရုံးက ပယ်​ချတယ်​။ ပယ်​ချပြီး​တော့ သူတို့ကို ဖမ်းဆီးမယ်​ဆိုပြီး​တော့ ဖမ်းဆီးမိန့်​ထုတ်တယ် ။´´ ဟု ဒေသခံကျေးရွာသားများဘက်မှ ရှေ့နေအဖြစ်လိုက်ပါပေးသူ ဦးစည်သူ က ပြောသည်။

ထို့အပြင် ငြိမ်းစုစီပုဒ်​မ ၁၉ နှင့်​အမှုဖွင့်​တရားစွဲဆိုခံထားရသည့်​ ဦး​ရွှေအုန်းပါ(၅)ဦးကိုလည်း မတ်​လ(၁၃)ရက်​​နေ့ ရုံးချိန်းကအမိန့်​ချရန်​ ချိန်းဆိုထား​သော်​လည်း မလာ​ရောက်​ခဲ့သည့်​အတွက်​ အဆိုပါနေ့ကပင်​ ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

ဒေသခံများအနေဖြင့် စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံမျအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး ၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားကြောင်း သိရသည် ။

ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု စသည်တို့ကြောင့် ဒေသခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည် ။

ယင်းကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံအဝင်လမ်းအတွက် ရွာအဝင်လမ်းရှိ ကျွန်းပင် ၃၇၀ ကျော် နှင့် အခြားအပင် ၇၀၀ ကျော် ခုတ်လှဲဖျက်စီးခြင်းများရှိကြောင်း သိရသည် ။

ထိုစက်ရုံစီမံကိန်းမပြုလုပ်ရန်အတွက် ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်စာများနှင့် ကန့်ကွက်စာများကို အကြိမ်ကြိမ်တင်ပြခဲ့သော်လည်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည် ။

စီမံကိန်းပြုလုပ်မည့်ဧရိယာသည် အောင်သပြေ ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက် တကာ၊တောင်ကန်၊ပြည်သာယာ စသည့်ကျေးရွာများနှင့်ထိစပ် လျက်ရှိသည် ။

ပုံစာ – ဒေသခံတောင်သူများကို ယခင်တုန်းက တရားရုံးထုတ်လာပုံ

credit:the fifth wave news

About the author

လက်ခတ်သံ