International News

အမေရိကန် အမျိုးသမီးတစ်ဦးကို အဓမ္မခေါ်ဆောင်သွားသည့် ယူဂန္ဓာပြန်ပေးသမားများကို ဖမ်းဆီးရန် သမ္မတ ထရမ့်က တိုက်တွန်းပြောကြားခဲ့

Written by LatKhat Than

အမေရိကန် ကမ္ဘာလှည့် ခရီးသည် တစ်ဦးကို ပြန်ပေးဆွဲသွား သည့် ပြန်ပေးသမားများ ကို ရှာဖွေရန် ယူဂန္ဓာ ကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဧပြီ (၈) ရက် က တိုက်တွန်းပြောကြားခဲ့သည်။ ခရီးသွားကို လွှတ်ပေးရန် အတွက် ပြန်ပေးရွေးကြေးငွေ ပေးခဲ့ရခြင်း ရှိ မရှိဆိုသည့် အငြင်းပွား မှု သတင်းများဖြစ်ပေါ်နေစဉ် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် ၊ ကော့စ်တာမီဆာက ကင်မ်အန်ဒီကော့တ် ဆိုသည့် အမျိုးသမီးကို အဓမ္မခေါ်ဆောင် သွားသူများ က ငါးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး ၎င်းကို အမေရိကန်သံအမတ်ကြီးထံသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း ယူဂန္ဓာရဲများက ပြောကြားခဲ့သည်။

အန်ဒီကော့တ်နှင့် ယူဂန္ဓာနိုင်ငံသား ၎င်း၏ ယာဉ်မောင်းဖြစ်သူတို့မှာ ငါးရက်ကြာ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို ခံစားရပြီးနောက် နှစ်ဦးစလုံးမှာ ဘေးအန္တရာယ်ကင်းရှင်းခဲ့သည်။ ၎င်းတို့ကို ကွန်ဂိုနယ်စပ်နှင့် မျက်နှာချင်းဆိုင်ရှိ အဲလိဇဘက်ဘုရင်မကြီး အမျိုးသားဥယျာဉ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ယူဂန္ဓာ အာဏာပိုင်တို့က ပြောကြားသည်။

ထရမ့်က ယူဂန္ဓာအစိုးရကို တရားခံများကို ဖမ်းဆီးရန် ဖိအားပေးခဲ့သည်။

ယူဂန္ဓာသို့ သွားရောက်ရန် လုံခြုံစိတ်ချရသည်ဟု ပြည်သူများခံစားရစေရန် အမေရိကန် ကမ္ဘာလှည့်ခရီးသည်နှင့် ဧည့်လမ်းညွှန်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသူများကို ယူဂန္ဓာအစိုးရက ရှာဖွေပေးရမည်။ ၎င်းတို့ကို တရားဥပဒေရှေ့မှောက်သို့ ပွင့်ပွင့်လင်းလင်းနှင့် မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးရမည်ဟု ထရမ့်က တွစ်တာတွင် ရေးသားထားသည်။ ကမ္ဘာလှည့်ခရီးသည်နှင့် ဧည့်လမ်းညွှန် တို့ကို ပြန်လည်လွှတ်ပေးသည့်အတွက်ကျေနပ်မိကြောင်းကိုလည်း ရေးသားထားသည်။

ယူဂန္ဓာရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဖရက်ဒ်အာနန်ဂါက ပြန်ပေးငွေ ပေးအပ်ခဲ့ရသည်ဟု ၎င်းအနေဖြင့် မယူဆကြောင်းပြောသည်။

ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်သည့် လက်နက်ကိုင်ဆောင်ထား သည့် ပြန်ပေးသမားများ လက်ထဲမှ ပြန်ပေးဆွဲခံရသူများကို ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု ယူဂန္ဓာ တာဝန်ရှိသူများက ပြောကြားသည်။

ယူဂန္ဓာသမ္မတ ရိုဝီရီမူစီဗီနီက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများကို အရေးယူဖြေရှင်းလိမ့်မည်ဟု တွစ်တာတွင် ရေးသား ဖော်ပြထားသည်။

ကမ္ဘာလှည့်ခရီးသွားအုပ်စုတစ်စုထဲမှ အန်ဒီကော့တ်နှင့် ၎င်း၏ယာဉ်မောင်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်ပေးသမားများက ပြန်ပေးငွေ ဒေါ်လာ ၅၀ဝ,ဝ၀ဝ တောင်းဆိုခဲ့သည်။

credit:The Myanmar Time

About the author

LatKhat Than