International News

အမေရိကန် သမ္မတထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် တောင်ကိုရီးယား သမ္မတမွန်းဂျဲအင်း အိမ်ဖြူတော်သို့ ရောက်ရှိလာ

Written by LatKhat Than

တောင်ကိုရီးယား သမ္မတ မွန်းဂျဲအင်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးရန် ဧပြီ (၁၁) ရက်က အိမ်ဖြူတော်ကို ရောက်ရှိလာပါတယ်။

ထရမ့် နဲ့ မွန်းဂျဲအင်း တို့ဟာ မြောက်ကိုရီးယား အရေးအပြင်အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ အရေးတွေကို လည်း ဆွေးနွေးကြမယ် လို့ အိမ်ဖြူတော် က ပြောပေမယ့် အသေးစိတ် ကိုတော့ မပြောခဲ့ပါဘူး။

အဲဒီခရီးစဉ်မတိုင်မီ သမ္မတ မွန်းဂျဲအင်းရဲ့ လက်ထောက်တွေက အမေရိကန်-မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲတွေကို ပြန်အသက်ဝင်ဖို့ လိုတယ်ဆိုပြီး အလေးထား ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲဟာ ဘာသဘောတူညီချက်မှ မရဘဲ ပြီးဆုံးခဲ့ပါတယ်။

မြောက်ကိုရီးယားက သူ့အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို ဖြေလျော့ဖို့ တောင်းဆိုချိန်မှာ အမေရိကန်ကလည်း မြောက်ကိုရီးယားအနေနဲ့ အရင်ဆုံး နျူကလီးယား လက်နက် အပြီးသတ် စွန့်လွှတ်ရမယ်လို့ ပြောတာကြောင့် နှစ်ဖက်ဆက်ဆံရေး တင်းမာနေချိန်မှာ ဗီယက်နမ်ထိပ်သီးတွေ့ဆုံပွဲ ပျက်သွားခဲ့တာပါ။

အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုတွေကို ပြန်မဖြေလျော့ပေးဘူးဆိုရင် ၂၀၁၇ ကတည်းက ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုတွေကို ယာယီရပ်ဆိုင်းထားတာကို ကင်ဂျုံအန်းက ပြန်သုံးသပ်နိုင်တယ်လို့ မြောက်ကိုရီးယား အကြီးတန်း အရာရှိတယောက်က ပြီးခဲ့တဲ့လမှာ သတိပေးခဲ့ပါတယ်။

credit:dvb news

About the author

LatKhat Than