Local News

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်က မြစ်ဆုံဒေသအား ဆည်တည်ဆောက်ခြင်းမပြုရန် တရုတ်သမ္မတ Xi Jinping ထံမေတ္တာရပ်ခံတောင်းဆို

Written by LatKhat Than

ကိုယ်ခံပညာ ဘက်စုံ သုံးတိုက်ခိုက်ရေးပြိုင်ပွဲဖြစ်သည့် (One Championship) ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ မြန်မာနိုင်ငံသား ကချင် တိုင်းရင်းသား အောင်လအန်ဆန်က နိုင်ငံ၏ သဘာဝ အမွေအနှစ်ဖြစ်သည့် မြစ်ဆုံဒေသအား ဆည်တည် ဆောက်ခြင်းမပြုရန် တရုတ် သမ္မတ Xi Jinping ထံ မေတ္တာရပ်ခံတောင်းဆို ခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်က မြစ်ဆုံဒေသသည် ရှည်လျားလှသည့် သမိုင်းနောက်ခံ အမွေအနှစ်တစ်ခုဖြစ်သည့် အပြင် တိုင်းရင်းသားမျိုးနွယ်စုများအနက် ကချင်လူမျိုးများကို အများကသိရှိအောင် ယှဉ်တွဲသရုပ်ဖော်ပြနေသည့်နေရာတစ်ခုဖြစ်ခြင်းကြောင့် ဆည်တည်ဆောက်ခြင်းမပြုရန် သူ၏ Facebook အကောင့်မှတစ်ဆင့် ဧပြီ (၁၂)ရက်၊ ညပိုင်းက ပို့စ်တင်ကာမေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်က ” မြစ်ဆုံဟာ ကျွန်တော်တို့နိုင်ငံအတွက် သဘာဝတရားကပေးတဲ့လက်ဆောင်ကောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါဟာ ရှည်လျားလှတဲ့သမိုင်းနောက်ခံအမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုအနှစ်သာရတွေကို ဖော်ကျူးထားတဲ့ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီပြယုဂ်ကပဲ တိုင်းရင်းသားမျိုးနွယ်စုအများကြီးထဲကမှ ကချင်လူမျိုးတွေကို အများကသိအောင် ပြောပြနေပြီး ဆန်းကြယ်လှပတဲ့ဒီနေရာကို တစ်သက်မှာတစ်ခေါက်လာရောက်လည်ပတ်ဖြစ်အောင် ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။

ကျွန်တော်ကလေးဘဝတုန်းက မိသားစုနဲ့အတူ အရမ်းအေးတဲ့ မလိခမြစ်နားမှာ ပျော်ပွဲစားထွက်ခဲ့တဲ့အမှတ်တရလေးတွေကို မှတ်မိနေပါသေးတယ်။ မြစ်ဆုံနားက N-Mai Hlaing ကိုဖြတ်ပြီး လှေစီးခဲ့ကြတာတွေရောပေါ့။ ဒီနေရာတွေဟာ မြစ်ကြီးနားနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပျော်ရွှင်စရာကောင်းတဲ့ကလေးဘဝအမှတ်တရတွေပါပဲ။ အဲဒါကြောင့်လည်း Katie နဲ့ Ah De တို့ကို ကျွန်တော့်ရဲ့မွေးရပ်မြေဟာ ဘယ်လောက်လှပတယ်ဆိုတာကို မျက်မြင်သက်သေပြချင်လို့ ဒီကိုရောက်တုန်းမှာ ဒီနေရာတွေကိုပထမဆုံးခေါ်လာဖြစ်ခဲ့ပါတယ်။ နိုင်ငံတိုင်းဟာ သူတို့ကိုပေးထားတဲ့ သဘာဝတရားကြီးရဲ့လက်ဆောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်သလို ကျွန်တော့်သား Ah De အသက်တွေကြီးလာပြီး သူ့ကလေးတွေရလာတဲ့အချိန်အထိ သူ့ကလေးတွေကို ဒီလိုအလှတရားတွေပြနိုင်ဖို့ ဒီမြစ်ဆုံနေရာလေးဟာ အခုလိုမျိုးအမြဲလှပနေစေပါလို့ ဆုတောင်းပါတယ်။

မြန်မာ့သမိုင်းတစ်လျှောက်မှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာ အမြဲလိုလိုပါဝင်နေပါတယ်။ နောက်ပြီး လေးစားရပါတဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတကြီး Xi Jinping ကိုလည်း မြစ်ဆုံဆည်ကြီးမဆောက်လုပ်ဖို့ ကျွန်တော့်အနေနဲ့တောင်းဆိုချင်တယ်ဆိုတာပါပဲ။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုအတွက် ဒီသဘာဝရတနာကြီးဟာ အရမ်းကိုတန်ဖိုးကြီးမားလွန်းလို့လျှပ်စစ်စွမ်းအားဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ခေါင်းစဉ်လောက်လေးနဲ့ ကတိကဝတ်တွေမပြုလုပ်ပါနဲ့ဗျာ။ကျွန်တော့်သား Ah De လေးနဲ့ နောင်မွေးဖွားလာမယ့်သူ့ရဲ့ကလေးလေးတွေ ကြီးပြင်းလာတဲ့အထိ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဒီသဘာဝအလှတရားကြီးတွေကို မြင်တွေ့စေချင်ပါသေးတယ် ” ဟု သူ၏ Facebook အကောင့်မှတစ်ဆင့် မေတ္တာရပ်ခံခဲ့သည်။

အောင်လအန်ဆန်သည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ငယ်ဘဝကြီးပြင်းရာမြစ်ဆုံဒေသရှိ သဘာဝအလှအပများကို မြင်တွေ့ခံစားရစေရန် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် ဇနီးဖြစ်သူ Katie နှင့် သားဖြစ်သူ Ah De တို့အား ပထမဆုံးအကြိမ်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် One Championship ၏ MMA ပြိုင်ပွဲများတွင် သူ၏ပွဲပြီးနောက် ကျေးဇူးတင်စကားပြောသည့်အခါတိုင်း နိုင်ငံငြိမ်းချမ်းရေးကိုလိုလားကြောင်းနှင့် စည်းလုံးညီညွတ်ပါက မည်သည့်အကြောင်းကိစ္စမဆို အောင်မြင်နိုင်ကြောင်းကို အမြဲပြောလေ့ရှိသူဖြစ်သည်။ အောင်လအန်ဆန်၏ယခုပို့်စ်အား ထောက်ခံမှတ်ချက်ပြုသူများနှင့် ပြန်လည်မျှဝေသူများစွာရှိကြောင်း သိရသည်။

credit:Eleven Media

About the author

LatKhat Than