မျက်နှာပြောင်တိုက် စကေးကြမ်းတဲ့ AA အကြမ်းဖက်

Posted on

AA က အရပ်သားဓားစာခံတွေကိုဖမ်းခေါ်သွားပြီး ပြန်လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စ။ သူ့အိမ်မှာ သူ့မိသားစုနဲ့နေနေတဲ့လူတွေကို အကြောင်းမဲ့ဖမ်းခေါ်သွားတာကိုပဲ ‘ကယ်ထုတ်သွားတယ်’ လို့ မျက်နှာပြောင်တိုက် အကြောင်းပြတယ်။ နေစမ်းပါဦး.. သူတို့က ဝင်သတ်တာလေ။ ဘယ်သူ့ဆီက ကယ်ထုတ်တာတုန်း။ ဖမ်းရင်ဖမ်းတယ်ပေါ့။

ပြန်ပေးဆွဲပြီးငွေတောင်းတာမဟုတ်ရင် ဆုတ်လမ်းသာဖို့ လူသားဒိုင်းအဖြစ်သုံးတာသက်သက်ပဲ။ အရပ်သားတွေကို လူသားဒိုင်းအဖြစ်သုံးခြင်းဟာ စစ်ရာဇဝတ်မှုမြောက်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့ကို အကြမ်းဖက်အဖြစ် လွှတ်တော်ကနေ တရားဝင်ကြေညာသင့်ပြီး လိုအပ်သလိုလုပ်သင့်နေပြီ။
အရှေ့အလယ်ပိုင်းမှာလည်း ဒီလိုပဲ။

အစ္စရေးစစ်တပ်နဲ့ VNSA ဖြစ်တဲ့ ဟားမာ့စ်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲနေတတ်ကြတယ်။ အစ္စရေးဝန်ကြီးချုပ်ရဲ့တုန့်ပြန်မှုကတော့ ရှင်းပါတယ်။

“The terrorists are committing double war crime. They fire at Israeli civilians – and they hide behind Palestinian civilians.”
အကြမ်းဖက်သမားတွေဟာ စစ်ရာဇဝတ်မှုတွေကို နှစ်ပြန်တောင်ကျူးလွန်နေကြတယ်။ သူတို့က အစ္စရေး အရပ်သားတွေကိုပစ်တယ် – ပါလက်စတိုင်းအရပ်သားတွေနောက်မှာ ပုန်းနေကြတယ်။

ရခိုင်ဖြစ်စဉ်ကလည်း ဒီလိုပဲ။ သိက္ခာရှိရှိ စစ်တပ်နဲ့ရင်ဆိုင်တိုက်ရမယ့်အစား ရဲကင်းတွေကိုဝင်ပစ်တယ်။ ဝန်ထမ်းမိသားစုတွေကို ပစ်သတ်တယ်။ လူသားဒိုင်းအဖြစ်တောင် ဖမ်းခေါ်သွားလိုက်သေးတယ်။ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ကိုးကန့်က ဖုန်ကြားရှင်တို့တောင်မှ စစ်တပ်ကိုပဲရင်ဆိုင်ပစ်တယ်။ သူပုန်ထတယ်လေ။ အင်အားမျှတဲ့ စစ်တပ်ကိုပဲပစ်မှာပေါ့။ မိုက်တာက ယုတ်မာတာထက် သိက္ခာရှိပါတယ်။

ဒါထက် အစိုးရပေါ့။ အတိုင်ပင်ခံကိုယ်တိုင်က အေအေကို တိုင်းရင်းသားမို့ မချေမှုန်းတာလား။ အာဆာကို ဘာသာခြားမို့ ချေမှုန်းတာလားဆိုပြီး အထောက်ခံရမှာစိုးလို့ ပြတ်ပြတ်သားသားချေမှုန်းဖို့ ပြောပြီးပြီဆိုရင် ဥပဒေကြောင်းကနေ လိုအပ်တဲ့အတည်ပြုချက်လေးတော့ လုပ်ပေးသင့်ပါတယ်။ လွှတ်တော်ကနေ AA ကို အကြမ်းဖက်လို့ကြေညာတာ၊ စစ်အုပ်ချုပ်ရေးကြေညာတာ တစ်ခုခုပေါ့။ ဒါမှမဟုတ်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုလို အကြမ်းဖက်လုပ်ရပ်ကို လူသိရှင်ကြား ရှုံ့ချတာဖြစ်ဖြစ် လုပ်သင့်တယ်။ တစ်ဆက်တည်းမှာပဲ အေအေ ကိစ္စကို ဆွေးနွေးအဖြေရှာဖို့ အပူတပြင်းတောင်လုပ်သင့်နေပြီလို့မြင်ပါတယ်။ နို့မို့ဆို အပြစ်မဲ့တဲ့နိုင်ငံ့ဝန်ထမ်းမိသားစုတွေ အမှည့်ချွေခံရလို့ကို ပြီးမှာမဟုတ်ပါဘူး။ အခုတော့ ဒါကို မသိချင်ယောင်များဆောင်နေကြလား။ တစ်ဖက်လှည့်နဲ့ အားပေးနေတာလား။

နိုင်ငံမှာပြဿနာတစ်ခုဖြစ်လာရင် နိုင်ငံ့ခေါင်းဆောင်ရဲ့ရပ်တည်ချက်က ပိုသတိထားမိစရာဖြစ်လာလေပါပဲ။

Thant Nay Soe