Local News

သင်္ကြန်အကြိုနေ့က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် သမီးဖြစ်သူအား ဖခင်က တုတ်ဖြင့်ရိုက် သဖြင့် သမီးဖြစ်သူ သေဆုံးမှု ဖြစ်ပွား

Written by LatKhat Than

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ဧပြီ (၁၄) ရက်၊ သင်္ကြန် အကြိုနေ့ ညနေပိုင်းက သမီးဖြစ် သူအား ဖခင်က တုတ်ဖြင့် ရိုက်သဖြင့် သမီးဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ဖခင်ဖြစ် သူအား အမှုဖွင့် ဖမ်းဆီးထားကြောင်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ် နှင့်ပတ် သက်ပြီး အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုက “သူတို့လင်မယားချင်း ရန်ဖြစ်တာ၊ လင်မယားချင်း ရန်ဖြစ်တော့ သမီးက ဝင်ဆွဲရင်းနဲ့ အမေကို မကျေနပ်တော့ သမီးကိုမဲပြီး ရိုက်လိုက်တာ၊ ဦးခေါင်းရဲ့ ဘယ်ဘက်ဂျိုဇောင်းကို ရိုက်မိတာ၊ မနက်က ၆ နာရီမှာ ဆုံးသွားတယ်၊ တောင်ငူဆေးရုံကနေ၊ နေပြည်တော်ကို ပို့တဲ့အချိန်မှာ ဆုံးသွားတာ၊ ပုဒ်မက ၃၀၂ ပြောင်းသွားတာပေါ့၊ သူ့အဖေကို ဖမ်းထားတယ်” ဟု ဧပြီ ၁၅ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် ညနေ ၆ နာရီခန့်က အုတ်တွင်းမြို့နယ် ဥယျာဉ်တော် ကျေးရွာအုပ်စု၊ သရက်ချဉ်ရွာနေ မအိအိခိုင် ၁၅ နှစ် (ဘ) ဦးထွန်းနိုင်သည် နွားတင်းကုတ်ထဲ၌ တံမြက်စည်းလှည်းနေစဉ် သူမ၏ဖခင်ဖြစ်သူ ကိုထွန်းနိုင် ၃၃ နှစ်(ဘ) ဦးသောင်းတင်သည် အပြင်မှ နေအိမ်သို့ ပြန်ရောက်ခဲ့ကြောင်း၊ နေအိမ်အရောက်၌ အိမ်မှာ ဘယ်သူမှ မရှိကြဘူးလား ဟုပြောဆိုကာ သမီးဖြစ်သူ မအိအိခိုင်အား ဆဲဆို၍ ဘာလုပ်နေတာလည်း ဟုဆိုပြီး အနီးရှိတုတ်ဖြင့် ရိုက်ခဲ့ကြောင်း၊ တုတ်ဖြင့်အရိုက်ခံရသော မအိအိခိုင်တွင် ညာဘက်ဂျိုစောင်း ဖူးရောင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ရရှိသွားသဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ဖြစ်စဉ်ကြောင့် ဖခင်ဖြစ်သူ ကိုထွန်းနိုင်အား အမှုဖွင့် အရေးယူပေးရန် မိခင်ဖြစ်သူ မမိုးဝင်း ၃၃ နှစ်က တရားလိုလုပ် အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် အုတ်တွင်းမြို့မရဲစခန်းမှ (ပ) ၁၄၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၅ အရ ကနဦးအမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအိအိခိုင်အား တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရာ ဒဏ်ရာပြင်းထန်၍ ဧပြီ ၁၅ ရက် နံနက် ၆ နာရီ အချိန်ခန့်၌ နေပြည်တော် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် ပို့ဆောင်စဉ် တုတ်ဖြင့်အရိုက်ခံရသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း အုတ်တွင်းမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

သမီးဖြစ်သူ မအိအိခိုင် သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖခင်ဖြစ်သူ ကိုထွန်းနိုင်အား ကနဦး ဖွင့်လှစ်ထားသော ရာဇသတ်ကြီး ပုဒ်မ ၂၉၄/ ၃၂၅ အစား လူသတ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့် ဆောင်ရွက်ခဲ့ပြီး မအိအိခိုင်၏ အလောင်းအား ရင်ခွဲစစ်ဆေးရန်အတွက် ဧပြီ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်၌ အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် တုတ်ဖြင့်ရိုက်သူ ကိုထွန်းနိုင်အား အုတ်တွင်းမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တရားစွဲဆို တင်ပို့ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အုတ်တွင်းမြို့မရဲစခန်းမှ သိရသည်။

credit:Eleven Media

About the author

LatKhat Than