Local News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိ

Written by LatKhat Than

နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် ၏ ဖိတ်ကြားချက် အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၉ ခုနှစ် ဧပြီ (၂၅) ရက် မှ (၂၈) ရက် အထိ ကျင်းပမည့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် သို့ တက်ရောက်ရန် ဧပြီ (၂၄) ရက် က ပေကျင်းမြို့သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန်အတွက် ပေကျင်းမြို့သို့ သွားရောက်ရာ၌ ဒေသစံတော်ချိန် ၁၀ နာရီ ၂၀ မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းနိုင်ငံတကာ လေဆိပ်သို့ ခေတ္တရောက်ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Zhang Guohua၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr. Hong Liang ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ခရီးဦးကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၄ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၂၀ မိနစ်တွင် ပေကျင်းမြို့သို့ ခရီးဆက်လက်ထွက်ခွာခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပေကျင်းခရီးစဉ်တွင် နိုင်ငံအတွင်း တောင် – မြောက် ဆက်သွယ်နိုင်မည့် အမြန်လမ်း စီမံကိန်းကြီးများနှင့်ပတ်သက်၍ သဘောတူရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်၏ ပြောကြားချက်ကို ဧပြီ ၄ ရက်တွင် ဘီဘီစီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံထဲကို ဖြတ်သွားမည့် တရုတ်၏ ပိုးလမ်းမ စီမံကိန်းထဲတွင် မူဆယ် – မန္တလေး ရထားလမ်းစီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များ ပါဝင်ပြီး အဆိုပါ စီမံကိန်းများအနက် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ထွက်နိုင်မည့် မဟာဗျူဟာမြောက် အရေးပါသည့် ဆိပ်ကမ်းတစ်ခု ဖြစ်လာဖွယ်ရှိကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ် – မြန်မာ စီးပွားရေးစင်္ကြံန် စီမံကိန်းအား တရုတ်နိုင်ငံ ကူမင်းမှ မြန်မာနိုင်ငံ မန္တလေး – ရန်ကုန် -ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ချိတ်ဆက်ရန်ရှိပြီး မြန်မာအစိုးရဘက်ကလည်း မူအားဖြင့် သဘောတူထားကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ခရီးစဉ်တွင် အဆိုပါစီမံကိန်းများနှင့် ပတ်သက်၍ တရုတ်နှင့် ဆွေးနွေးပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှုမျိုး ရှိလာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ကြသည်ဟု ဘီဘီစီက သတင်း ဖော်ပြခဲ့သည်။

credit:Eleven Media

About the author

LatKhat Than