International News

အွန်လိုင်းတွင် အစွန်းရောက်မှုများအား တိုက်ဖျက်ရန် Facebook က၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှု နည်းပညာကို တင်းကျပ်သွားမည်

Written by LatKhat Than

အွန်လိုင်းတွင် အစွန်းရောက် မှု ပျံ့နှံ့ခြင်း အား တိုက်ဖျက်ရန် ကမ္ဘာလုံး ဆိုင်ရာ ရှေ့ဆောင် ရှေ့ရွက်ပြုမှု Christchurch Call ကို ဆောင်ရွက်ရန် ပြင်သစ် သမ္မတ အီမန်နျူ ရယ်မက်ခရွန် နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒင် တို့က ပြင်ဆင် နေချိန်တွင် Facebook က ၎င်း၏ တိုက်ရိုက် ထုတ်လွှင့်မှု နည်းပညာ ကို တင်းကျပ် သွားမည် ဟု မေ (၁၅) ရက် တွင် ကြေညာခဲ့သည်။

နယူးဇီလန် ၏ Christchurch မြို့တွင် လူ (၅၁) ဦးသေဆုံးခဲ့သော ဗလီနှစ်ခု တိုက်ခိုက်ခံရမှု၌ လူဖြူလူမျိုးကြီး အစွန်းရောက်တိုက်ခိုက်သူသည် Facebook Live ကို အသုံးပြုခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းကြောင့် Facebook သည် ဖိအားပေးခံနေရသည်။ ကယ်လီဖိုးနီးယားအခြေစိုက် လူမှုမီဒီယာလုပ်ငန်းကြီး Facebook က အစွန်းရောက်အကြောင်းအရာများကို မျှဝေသူများအား Facebook Live ကို အသုံးပြုမှု တားမြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အစွန်းရောက်ဗီဒီယိုများ ပျံ့နှံ့မှုကို ဟန့်တားရန်အတွက် Facebook ၏ လုပ်ငန်းတွင်း ထိန်းချုပ်မှုများလည်း ခိုင်မာအောင် Facebook က ကြိုးပမ်းနေသည်။

“နယူးဇီလန်က အကြမ်းဖက်တိုက်ခိုက်မှု ပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို သုံးပြီး အမုန်းတရားတွေ၊ အစွန်းရောက်အကြောင်းတွေ၊ ပျံ့နှံ့မှုဆောင်ရွက်တာကို ပိုကန့်သတ်နိုင်ဖို့ ကျွန်တော်တို့ သုံးသပ်နိုင်ပါတယ်” ဟု Facebook ၏ လူမှုသဟဇာတရေးရာ ဒုဥက္ကဋ္ဌဂီရိုဆင်က ပြောကြားခဲ့သည်။

ဗြိတိန်၊ ကနေဒါ၊ နော်ဝေ၊ ဂျော်ဒန်နှင့် ဆီနီဂေါမှ ခေါင်းဆောင်များနှင့် ပါရီတွင် တွေ့ဆုံခဲ့သော အာဒင်နှင့် မက်ခရွန်တို့သည် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော အကြောင်းအရာများ ပျံ့နှံ့ခြင်းကို ဟန့်တားရန် Christchurch Call တောင်းဆိုမှုကို စတင်ခဲ့သည်။

သင်္ကေတဆောင်သော ယင်းကြိုးပမ်းမှုက လူမှုမီဒီယာကုမ္ပဏီကြီးများအနေနှင့် သတင်းတုနှင့် အစွန်းရောက်မှုများအား ကန့်သတ်ရန် ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးသမားများ၏ တောင်းဆိုမှုကို အရှိန်မြှင့်ဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများအပြားသည် ရုန့်ရင်းကြမ်းတမ်းသော အကြောင်းအရာများအား ပိတ်ဆို့ရန် ပျက်ကွက်သည့် ကုမ္ပဏီများကို ဒဏ်ငွေများချမှတ်မည့် ဥပဒေသစ်အား တင်းကျပ်ထားပြီးဖြစ်သည်။ သို့သော်လည်း ပြင်သစ်က ဦးဆောင်သည့် စည်းမျဉ်းသစ်များ ထပ်မံပေါ်ထွက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုထားသည်။

မက်ခရွန်က ပါရီတွင် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ၏ အကြီးအကဲ ၈၀ အား စုဝေးပြီး Tech for Good ဟု ခေါ်ဆိုသည့် နိုင်ငံရေးအစည်းအဝေးကို ဆောင်ရွက်နေသည်။ ထိုအစည်းအဝေးသို့Wikipedia၊ Uben Twitter နှင့် Google တို့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သော်လည်း Facebook ၏ အမှုဆောင်ချုပ် ဇက်ကာဘတ် မတက်ရောက်ခဲ့ပေ။ ဇက်ကာဘတ်သည် ပြီးခဲ့သည့် သီတင်းပတ်က မက်ခရွန်နှင့်တစ်ဦးချင်း သီးသန့်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

credit:Eleven Media

About the author

LatKhat Than