International News

အမေရိကန်နှင့် ရုရှားတို့ ဆက်ဆံရေး တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင် ပြောဆို

Written by LatKhat Than

ရုရှားနှင့် အမေရိကန် တို့ ကဏ္ဍများစွာ တွင် ရပ်တည် ချက်ချင်း ကွဲလွဲနေသည့်တိုင် ယိုယွင်းနေသော ဆက်ဆံရေး ကို ပြုပြင်ကာ ဆက်ဆံရေး တိုးမြှင့်နိုင်မည်ဟု မျှော််လင့်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ရုရှားနိုင်ငံ ဆိုချီမြို့သို့ ရောက်ရှိ နေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယိုနှင့် မေ (၁၄) ရက် တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

အီရန် ၊ ဆီးရီးယား၊ ယူကရိန်းနှင့် ဗင်နီဇွဲလားအရေးတို့တွင် ရပ်တည်ချက် ကွဲလွဲနေကြသည့်တိုင် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားခြေဝင်ရှုပ်ခဲ့ခြင်းမရှိကြောင်းအက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်းရောဘတ်မြူလာစုံစမ်းစစ်ဆေးမှု အစီရင်ခံစာကသက်သေခံနေသဖြင့် အမေရိကန်နှင့်ရုရှားဆက်ဆံရေးကိုအဆင့်မြှင့်တင်ရန် အချိန်အခါကောင်းဖြစ်ကြောင်းသမ္မတပူတင်ကပြောသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဆန္ဒရှိကြောင်းမစ္စတာပွမ်ပီယိုကသမ္မတပူတင်ထံသတင်းစကားပါးခဲ့သည်။

ပြီးခဲ့သည့်လကရောဘတ်မြူလာအစီရင်ခံစာထွက်လာပြီးနောက်ပိုင်းအမေရိကန်နှင့် ရုရှားအဆင့်အမြင့်ဆုံးတွေ့ဆုံမှုအဖြစ် သမ္မတပူတင်နှင့် မစ္စတာပွမ်ပီယိုတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“ရောဘတ်မြူလာပါ ဘက်မလိုက်ဘဲအချက်အလက်အပေါ် အခြေခံစုံစမ်းစစ်ဆေးခဲ့တာတွေ့ရပါတယ်။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားခြေဝင်ရှုပ်ခဲ့ခြင်းမရှိကြောင်းလည်းသမာသမတ်ကျကျ တွေ့ရှိခဲ့ပါတယ်” ဟုသမ္မတပူတင်ကဆိုချီမြို့တွင် မစ္စတာပွမ်ပီယိုနှင့် တွေ့ဆုံစဉ် မှတ်ချက်ပေးပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရုရှားခြေဝင်ရှုပ်ပါက နှစ်နိုင်ငံဆက်ဆံရေးသည် ယခုထက်ပိုဆိုးသွားလိမ့်မည်ဟုလည်း မစ္စတာပွမ်ပီယိုကရုရှား နိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗ်ရော့နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

credit:The Myanmar Time

About the author

LatKhat Than