International News

အမေရိကန် လေယာဉ်တင် သင်္ဘောတွေကို ပြိုင်ဘက် စစ်တပ်တွေ တိုက်ခိုက် နှစ်မြုပ်ပစ်ဖို့ မဖြစ်နိုင်သေးတဲ့ အကြောင်းရင်း

လေယာဉ်တင် သင်္ဘောတွေဟာ အမေရိကန် စစ်တပ် ခွန်အားရဲ့ သင်္ကေတ တွေပါ။ မကြာသေးခင်ကတော့ တရုတ် စစ်ရေးပရောဖက်ဆာတစ်ဦးက အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောနှစ်စင်းကို နှစ်မြုပ်ဖို့ တရုတ်ကို ပြောဆိုတိုက်တွန်းလိုက်တာကြောင့် ဂယက်ထသွားခဲ့ပါတယ်။

အလုပ်ထက် အပြောက ပိုလွယ်တာကတော့ သဘာဝပါပဲ။၂၀၀၅ မှာ အမေရိကန်ဟာ ‘နှစ်မြုပ်ပစ်ခြင်း စစ်ရေးလေ့ကျင်မှု’ကို စမ်းသပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ အသက်မဲ့တဲ့ USS America လေယာဉ်တင်သင်္ဘောကို ပစ်မှတ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အနာဂတ် စူပါလေယာဉ်တင်သင်္ဘောတွေ တည်ဆောက်ရေး လမ်းညွှန်ချက်ရဖို့ အမေရိကန်လေယာဉ်တင်သင်္ဘောတွေရဲ့ ကာကွယ်နိုင်စွမ်းကို စမ်းသပ်တာပါ။

အဲဒီ လေယာဉ်တင်သင်္ဘောကို အကြိမ်ကြိမ် ဗုံးကြဲမှုတွေနဲ့ မျိုးစုံသော တိုက်ခတ်မှုတွေနဲ့ စမ်းခဲ့ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ဗုံးကြဲခံရတဲ့ လေးပတ်မြောက်အထိ ဒီလေယာဉ်တင်သင်္ဘောဟာ ရပ်တည်နိုင်ခဲ့ပြီးမှ နောက်ဆုံးမှ နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ The War Zone က ဖော်ပြပါတယ်။

ရေဘုရင်ကြီးတွေအဖြစ် တင်စားခံရတဲ့ လေယာဉ်တင်သင်္ဘောတွေဟာ အမေရိကန်ရဲ့ စစ်ရေးခွန်အားတွေပါပဲ။ တိုက်ပွဲမှာ တရုတ်အနေနဲ့ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော ၁၁ စီးက တစ်စီးစီးကို ပစ်ခတ်နိုင်ရင် ပစ်ခတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တန်ချိန်တစ်သိန်းရှိတဲ့ ဒီသင်္ဘောတွေထဲက တစ်စီးစီးကို နှစ်မြုပ်ပစ်နိုင်မယ်ဆိုတာကတော့ စကားပြောစရာ ဖြစ်လာပါပြီ။ မနှစ်မြုပ်နိုင်ဘူးလို့ ပြောနေတာလည်း မဟုတ်သလို ရိုးရှင်းလွယ်ကူတဲ့ စမ်းသက်ချက် ဖြစ်မှာ မဟုတ်ဘူးလို့ ပညာရှင်တွေက Business Insider ကို ပြောကြပါတယ်။

“လေယာဉ်တင်သင်္ဘောကို ထိမှန်အောင် ပစ်ခတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် နျူလကီးယားနဲ့ ပစ်ခတ်မယ်ဆိုရင်တော့ လေယာဉ်တင်သင်္ဘောဟာ ကြီးကြီးမားမား ပျက်စီးမှုတော့ ဖြစ်နိုင်တယ်။”လို့ အငြိမ်းစားကပ္ပတိန်ဟောင်းတစ်ဦးဖြစ်တဲ့ တဲဘော့မန်ဗယ်က ပြောပါတယ်။ သူဟာဆိုရင် Ford အမျိုးအစား လေယာဉ်တင်သင်္ဘောသစ်တွေအတွက် ဒီဇိုင်းတည်ဆောက်ရာမှာ ပါဝင်သူ၊ လေယာဉ်အင်ဂျင်နီယာတစ်ဦးအဖြစ် ယခင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

ပေ ၁၁၀၀ ရှည်တဲ့ လေယာဉ်တင်သင်္ဘောတွေဟာ ရေပေါ်မျော နျူကလီးယားစွမ်းအင်စက်တွေပါပဲ။ လောင်စာတင်သင်္ဘော၊ ဗုံးလက်နက်သိုက်နဲ့ ရေပေါ်မျော လေယာဉ်ကွင်းအဖြစ်လည်း ရှိနေတဲ့ သင်္ဘောကြီးတွေပါ။ ဒီလေယာဉ်တင်သင်္ဘောတွေကို ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေနဲ့ တော်ပီဒိုတွေရဲ့ ရန်ကနေ ကိုယ်ကိုကို စတေးခံပြီး ကာကွယ်ပေးမယ့် ခရူဇာစစ်သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေက ၀ိုင်းရံပေးထားတာ ဖြစ်ပါတယ်။

အရွယ်အစားနဲ့ ပိုင်းကန့်ခွဲခြားတဲ့ ဒီဇိုင်းပုံစံတွေအရ လေယာဉ်တင်သင်္ဘောဟာ ထိမှန်မှုရဲ့ ဒဏ်ကို ခံနိုင်ရည်စွမ်း ရှိနေပါတယ်။ “USS America ကို စမ်းသပ်တဲ့ ဖြစ်စဉ်မှာဆိုရင် သင်္ဘောရဲ့ အရွယ်အစားတစ်ခုတည်းနဲ့တင် ကောင်းကောင်းကြီး ခံနိုင်စွမ်း ရှိတာကို ပြသနိုင်ခဲ့တယ်။”လို့ အမေရိကန်ရေတပ်အရာရှိဟောင်းနဲ့ ကာကွယ်ရေးပညာရှင် ဘိုင်ယန်ကလက်က ပြောပါတယ်။လေယာဉ်တင်သင်္ဘောတွေကို တည်ဆောက်ထားတဲ့ သံမဏိဟာဆိုရင်လည်း ထွင်းဖောက်ဖို့ ခဲယဉ်းတဲ့ အမျိုးအစားနဲ့ တည်ဆောက်ထားတာပါ။ “ဒီသံမဏိအလွာတွေဟာ ရေအောက်နစ်မြုပ်အပိုင်းနဲ့ ဘေးဖက်ကိုယ်ထည်ပိုင်းတွေကို ကာကွယ်ပေးထားတဲ့ အလွှာတွေပဲ ဖြစ်တယ်။”လို့ မန်ဗယ်က ပြောပါတယ်။

“အချိန်နဲ့ လက်နက်တွေ စိတ်ကြိုက်ပေးထားမယ်ဆိုရင်တော့ လေယာဉ်တင်သင်္ဘောတစ်စီးကို နှစ်မြုပ်နိုင်ချင် နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခုခံမှု ကြုံရတယ်ဆိုရင်တော့ လေယာဉ်တင်သင်္ဘောက ပျက်စီးမှုတွေကို ထိန်းချုပ်သွားပြီး အဝေး ခုတ်မောင်းသွားလိမ့်မယ်။ ပြီးရင်တော့ တစ်ကျော့ပြန် ပြန်လာတိုက်ခိုက်ပြီး အလွယ်တကူ အနိုင်ယူမှာပဲ ဖြစ်တယ်။”လို့ အမေရိကန်ရေတပ်တက္ကသိုလ်မှာ သင်တန်းပို့ချနေတဲ့ မန်ဗယ်က ပြောခဲ့ပါတယ်။

Rf; Business Insider
Writer_မောင်သံဆင့် ( Daily Hot News )

About the author

လက်ခတ်သံ