Local News

ယခုနှစ်ကုန်ပိုင်းတွင် လျှပ်စစ် ဓါတ်အားလိုအပ်ချက်၏ ၅၀% ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

ယခုနှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား လိုအပ်ချက်၏ ၅၀ရာခိုင်နှုန်းအား ဖြည့်ဆည်းပေးနိုင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်နယ် ဘဲလင်း ၂၃၀ ကေဗွီ ဓါတ်အားခွဲရုံဝင်းအတွင်း၌ တည် ဆောက်ပြီးစီးသွားသည့် ၁၄၅ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ” ကျွန်မတို့ရဲ့အိမ်နီချင်းနိုင်ငံတော်တော်များများမှာဆိုရင် ၈၀ ရာခိုင်နှုန်းကျော် ၉၀ ရာခိုင်နှုန်းကျော်၊ ၁၀၀ ရာခိုင်နှုန်းပြည့် စသည်ဖြင့်လျှပ်စစ်အားပေးနိုင်ပေးနိုင်ပေမယ့် ကျွန်မတို့နိုင်ငံမှာ အခုအချိန်အထိ လျှပ် စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ရာခိုင်နှုန်းတောင် မပြည့်သေးတာကိုတွေ့နေရပါတယ်” ဟု ဆိုသည်။

ထို့အတွက်ကြောင့် နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန်များစွာကြိုးစားရန်လိုကြောင်း၊လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားလိုင်းသစ် များဖွင့်လှစ်ခြင်း၊ ဓာတ်အားခွဲရုံသစ်များ ဖွင့်လှစ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ” ဒီနှစ်မကုန်ခင်မှာလည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ၂၀၁၆ ခုနှစ်တုန်းက ၃၀ရာခိုင်နှုန်းလောက်ကနေပြီးတော့ ဒီနှစ်မကုန်မီ ၅၀ ရာခိုင်နှုန်းအထိရောက်ဖို့အတွက် ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ မှာဆိုရင် တစ်နိုင် ငံလုံး ရာနှုန်းပြည့်သုံးစွဲနိုင်မယ်လို့မျှော်မှန်းထားပါတယ်” ဟု ပြောကြားသည်။

ယခုနှစ် နွရာသီတွင် ရန်ကုန်အပါအဝင် ဒေသအတော်များများ၌လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မကြာခဏကြုံတွေ့နေရပြီးပြည်သူများကြား၌လည်း လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကို ဝေဖန်နေကြသည်။

မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၁၀ ဒသမ ၈၇၇ သန်းအနက် ၄၄ ရာခိုင်နှုန်းခန့်မှာဓာတ်အားပေးစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး ယခု ၂၀၁၉ အကုန်တွင် ၅၀ရာခိုင်နှုန်းအထိလျှပ်စစ် မီးတိုးတက်ရရှိရန် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ
ဖြန့်ဖြူးပေးနိုင်ရေးအတွက်ရည်မှန်းထားသည်ဟုနိုင်ငံတော် အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အောင်ရဲနောင်
ref:The Ladies News

About the author

လက်ခတ်သံ