Crime

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ ဆောက်လုပ်ဆဲ အထည်ချုပ်စက်ရုံရှိ အခန်းအတွင်းအမျိုးသမီးတစ်ဦးကို တူဖြင့်ရိုက်သတ်မှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ

Written by LatKhat Than

ရွှေပြည်သာ မြို့ နယ် ၊ ဝါးတရာ စက်မှုဇုံ၊ ဆောက်လုပ် ဆဲ အထည်ချုပ် စက်ရုံရှိ အခန်းအတွင်း အမျိုးသမီး တစ်ဦး တူဖြင့် ရိုက်သတ်ခံရမှု မှ ပြစ်မှု ကျူးလွန်သည် ဆိုသူ ၎င်း၏ ရည်းစားကို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မေ (၁၉) ရက် တွင် သတင်းထုတ်ပြန်သည်။

အမှုမှာ ရွှေပြည်သာ မြို့နယ်နေ အမျိုးသမီးသည် ၎င်း၏သမီးဖြစ်သူ မမာလာဦး(ခ)အားလီမှာ ဝါးတရာစက်မှုဇုန်၊ ဆောက်လုပ်ဆဲ အထည်ချုပ်စက်ရုံတွင်ရှိသော ၎င်းနေထိုင်သည့် အခန်းအတွင်း ဧပြီ ၇ ရက် နံနက်ပိုင်းက သေဆုံးနေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

သမီးဖြစ်သူ မမာလာဦး(ခ)အားလီ မှာ ၎င်း၏အိပ်ခန်းအတွင်း ကုတင်ဘေး တမံတလင်းပေါ်၌ ယာဘက်ဦးခေါင်း ချိုစောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ လှော်ကား နယ်မြေရဲစခန်းက (ပ)၄၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အခင်းဖြစ်ရပ်အား စစ်ဆေးခဲ့ပြီး တိုင်တန်းသူအမျိုးသမီး ၏ ထွက်ဆိုချက်အရ ၎င်း၏ဖုန်းသို့ သေဆုံးသူ မမာလာဦး(ခ)အားလီက မက်ဆေ့ခ်ျများ ပို့ထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သေဆုံးသူ၏ တယ်လီဖုန်းဆက်သွယ်ထားရှိမှု မှတ်တမ်းများနှင့် တည်နေရာတို့ကို ထုတ်ယူစုံစမ်းခဲ့သည်။

စုံစမ်းချက်အရ ဧပြီ ၆ ရက်ထိ သေဆုံးသူ မမာလာဦး(ခ)အားလီ ကိုင်ဆောင်အသုံးပြုခဲ့သည့် ဖုန်းနံပါတ်အား နောက်ဆုံးခေါ်ဆိုခဲ့သော ဖုန်းနံပါတ်ပိုင်ရှင်အား စုံစမ်းခဲ့ရာ ဝါးတရာစက်မှုဇုန် ပတ်လမ်းနေ တင်ထွန်းအောင်၏ လက်ကိုင်ဖုန်းဖြစ်ကြောင်း သိရသဖြင့် မေ ၁၇ ရက်တွင် တင်ထွန်းအောင်၏နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့သည်။

တင်ထွန်းအောင်ကို စစ်ဆေးချက်အရ အခင်းဖြစ်သည့်နေ့က ဇွဲနိုင် (ခ)အောင်ပိုင် (သေဆုံးသူ မမာလာဦး၏ရည်းစား) နှင့်အတူ ဘီယာသောက်နေစဉ် ၎င်း၏ဖုန်းဖြင့် ဇွဲနိုင်(ခ)အောင်ပိုင်က မမာလာဦး(ခ)အားလီထံ ငှားရမ်းခေါ်ဆိုခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ယင်းနောက် မမာလာဦး (ခ)အားလီ ရောက်လာချိန်တွင် ဇွဲနိုင်(ခ)အောင်ပိုင် နှင့်အတူ ၎င်းအဆောက်အဦရှေ့သို့ ထွက်သွားသည်ကို တွေ့ရှိခဲ့ပြီး၊ ညပိုင်းတွင် ဇွဲနိုင်(ခ)အောင်ပိုင်က သံပန်းအလုပ်သမားများ ညအိပ်သည့်နေရာသို့ ရောက်ရှိလာပြီး “ငါတော့ ပြဿနာတက်ပြီ” ဟု ပြောဆိုခဲ့ကြောင်းသိရသည်။

ထို့နောက် မသင်္ကာသူ ဇွဲနိုင်(ခ)အောင်ပိုင်အား မေ ၁၇ ရက် နေ့လည်ပိုင်းတွင် မမာလာဦး(ခ)အားလီ သေဆုံးခဲ့သည့် ဆောက်လုပ်ဆဲအထည်ချုပ်စက်ရုံလုပ်ငန်းခွင်မှ ဖမ်းဆီးရမိခဲ့သဖြင့် ရဲတပ်ဖွဲ့က အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ၎င်းကို စစ်ဆေးချက်အရသည် မမာလာဦး(ခ)အားလီ၏ အခန်းသို့ အခင်းဖြစ်သည့်နေ့က ရောက်ရှိခဲ့ပြီး အခန်းတွင်း၌ အခြားအမျိုးသားတစ်ဦးနှင့် အတူတွေ့ရှိမှုနှင့်ပတ်သက်၍ စကားများစဉ် မမာလာဦး(ခ)အားလီက ၎င်းအား လက်ဖြင့်ရိုက်ခဲ့ကြောင်း၊ ထို့နောက် မမာလာဦး(ခ)အားလီက အဝါရောင်တူဖြင့် ၎င်းအား ရိုက်နှက်ခဲ့သဖြင့် ယင်းတူကို ပြန်လည်လုယူပြီး မမာလာဦး(ခ)အားလီ၏ ဦးခေါင်းသို့ (၄/၅)ချက်ခန့် ဆက်ရိုက်ခဲ့ရာ မမာလာဦး (ခ)အားလီ လဲကျသေဆုံးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူ ဇွဲနိုင်(ခ) အောင်ပိုင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

credit:The Myanmar Time

About the author

LatKhat Than