Local News

အစိုးရနှင့် တွေဆုံရန် AA အဖွဲ့က လုံခြုံရေး စိုးရိမ်ဟုဆို၊ “မှဲ့တစ်ပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံထား

AA က လုံခြုံရေးအရ စိုးရိမ်နေသည့် အတွက် အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့ တွေ့ဆုံမည့်ရက် ခက်ခဲ နေပြီး တပ်မတော်ဘက်က မှဲ့တစ်ပေါက်မစွန်း စေရန် အာမခံထားကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

“အခု ကျွန်တော်တို့ ပြန်ပြီးတော့ ညှိတယ်။ ညှိတဲ့ အခါကျတော့ သူတို့က ကူမင်းဘက်ကို အဆင်ပြေမလား။သူတို့ဘက်က နောက်ဆုံးအကြံပြုချက်က မူဆယ်လို့ပြောတယ်။ မူဆယ်ဆိုရင်တော့ အဓိက KIA ကတော့ ဘယ်နေရာဖြစ်ဖြစ်လို့ပြောတယ်။ရန်ကုန်ဖြစ်စေ၊ နေပြည်တော်ဖြစ်စေ၊ မြစ်ကြီးနားဖြစ်စေ သူကတော့ အဆင်ပြေတယ်။ သို့သော် အခုလောလောဆယ် စိုးရိမ်မှုရှိနေတာက AA ပေါ့။ AA အဖွဲ့ကတော့ တိုက်ပွဲတွေ နည်းနည်းလေး ရှိနေတဲ့ အတွက် သူတို့ ခေါင်းဆောင်တွေလာတဲ့ အခါမှာ သူတို့ရဲ့ လုံခြုံရေးတွေ စိုးရိမ်တယ်လို့ပြောတယ်”ဟု ဦးဇော်ဌေးကပြောသည်။

ယနေ့ နေ့လည်ပိုင်း က နေပြည်တော်ရှိ NRPC ငြိမ်းချမ်းရေး၊ ရခိုင်အရေးတို့နှင့် ပတ်သက်ပြီး ဒီပလို မက်များအား တွေ့ဆုံရှင်းလင်းသည့် အခမ်းအနား တွင် ခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှု အပေါ် ဦးဇော်ဌေး မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တပ်မတော်ဘက်ကလည်း အကြီးအကဲတွေ မေးတယ်။ တပ်မတော်ဘက်က အကြီးအကဲတွေကလည်း ဘာပြောလဲဆိုတော့ မှဲ့ တစ်ပေါက် မစွန်းစေရဘူး။လုံခြုံရေးကို အာမခံပါတယ်”ဟု ၎င်းကပြောသည်။

လုံခြုံရေးအရ စိုးရိမ်စရာ မရှိသည့် အတွက် တွေ့ဆုံမှုအား လားရှိုးတွင် တွေ့ဆုံရန် ပြောကြားခဲ့သော်လည်း AA ဘက်မှ အခက်အခဲများရှိနေကြောင်း သိရသည်။

ထို့အတူ ယနေ့ နံနက်ပိုင်း က တရုတ်သံရုံးမှ တာဝန်ရှိသူများဖြင့် ဆက်လက် ကမ်းလှမ်းရာ လက်ရှိ အချိန်အထိနေရာ ညှိလို့ မရသေးကြောင်း သိရသည်။

အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့သည် ပြီးခဲ့သည့်ဧပြီလ ၃၀ ရက်နေ့ က မူဆယ်မြို့တွင် တွေ့ဆုံမှုအပြီးတွင် ယခုလ ၂၄ ရက်နှင့် ၂၅ ရက်တွင် နေပြည်တော်/ရန်ကုန်/ မြစ်ကြီးနား စသည့် နေရာ တနေရာရာတွင် တွေ့ဆုံရန် အဆိုပြုထားခဲ့ကြောင်း သိရသည်။

အစိုးရနှင့် တွေ့ဆုံမည့် ၄ ဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO)၊ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့(TNLA)၊ကိုးကန့် အဖွဲ့(MNDAA) နှင့် ရခိုင့်တပ်မတော်(AA) တို့ဖြင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်မှ အပစ်ရပ်ကာလ ၄ လ ပြီးဆုံးချိန် ဧပြီလ ၃၀ ရက်နေ့က စစ်တိုင်း ၅ ခုတွင် အပစ်ရပ်ကာလ ၂ လ ထပ်မံတိုးမြှင့်ပေးထားကြောင်း သိရသည်။

ref:TheFifthWaveNews

About the author

လက်ခတ်သံ