International News

အိန္ဒိယနိုင်ငံတွင် ဈေးဝယ်စင်တာ(၁)ခု မီးလောင်၊ (၁၅) ဦးထက် မနည်း သေဆုံး

Written by LatKhat Than

အိန္ဒိယ နိုင်ငံ အနောက်ပိုင်း ဂူဂျာရတ် ပြည်နယ် ဆူရက် မြို့ အထပ် (၄) ထပ် ရှိ ဈေးဝယ်စင်တာ အဆောက်အဦးတစ်ခု မေလ (၂၄) ရက်က မီးလောင်မှုကြောင့် လူ (၁၅) ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။

သေဆုံးသူ အများစုဟာ အဆောက်အဦအတွင်း ဖွင့်ထားတဲ့ ကျူရှင်မှာ တက်နေတဲ့ ကျောင်းသားလေးတွေ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

NDTV သတင်းဌာန ရုပ်ပုံတွေမှာ မီးလောင်အဆောက်အဦ အပေါ်ဆုံးထပ်က လူတွေ ခုန်ချနေပုံကို ပြသခဲ့ပါတယ်။

လူတွေဟာ အဆောက်အဦဘေးမှာ ချိတ်ဆွဲထားတဲ့ ခေါင်းစီးစာတမ်းကို တွဲခိုခုန်ဆင်း ခဲ့တာပါ။

ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မိုဒီကလည်း ဒီမီးလောင်မှုမှာ သေဆုံးသူတွေအတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းပြီး ဒဏ်ရာရသူတွေလည်း အမြန်ဆုံးပြန်ကောင်းလာပါစေလို့ ဆန္ဒပြုခဲ့ပါတယ်။

နောက်ပြီး ထိခိုက်ခံစားရသူတွေကို လိုအပ်တဲ့ အကူအညီ အားလုံးပေးဖို့ ပြည်နယ်အစိုးရနဲ့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သူရဲ့ တွစ်တာ စာမျက်နှာမှာရေးခဲ့ပါတယ်။

credit:dvb news

About the author

LatKhat Than