Local News

ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့ကြသော ဆရာဆရာမများ၏ ကိုယ်ရေးမှတ်တမ်းများအား ပညာရေးဌာနမှ တာင်းယူနေခြင်းသည် မလျော် သြဇာသုံး ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ သဘောထားထုတ်ပြန်

Written by LatKhat Than

ပညာရေး ဌာနမှ ဥပဒေနှင့် အညီ ဆန္ဒထုတ်ဖော် ခဲ့ကြသော ဆရာ၊ ဆရာမများ၏ ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ တောင်းယူနေခြင်းသည် မလျော်သြဇာ သုံး ခြိမ်းခြောက် နေခြင်းဖြစ်ကြောင်း အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု ကော်မတီမှ မေ (၂၄ )ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါကြေညာချက် တွင် မေ (၂၂) ရက် ညနေ တွင် လပွတ္တာမြို့နယ် အတွင်းရှိ ပညာရေး ဝန်ထမ်း (၁၀၀၀) ကျော် က ပညာရေး ဝန်ထမ်းများ ထိခိုက် နစ်နာ ဆုံးရှုံးနေမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် တာဝန်ချိန်ပြင်ပတွင် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့မှု၌ ဦးဆောင်ခဲ့ကြသည့် ဆရာသုံးဦးနှင့် ဆရာ၊ ဆရာ၂၀ ဦးတို့၏ ကိုယ်ရေးမှတ်တမ်းနှင့် ကြွေးကြော်သံ ၃၆ ချက်များကို ပညာရေးဌာန တာဝန်ရှိသူအဆင့်ဆင့်မှ အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ နှုတ်မိန့်ဖြင့် တောင်းခံနေခြင်းသည် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများကို မလျော်သြဇာသုံး ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများအပေါ် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ မလျော်သြဇာသုံး ခြိမ်းခြောက်ခြင်းဆန်သည့် အပြုအမူများ မပြုလုပ်ရန် အလေးအနက်တောင်းဆိုကြောင်း ပညာရေးဝန်ထမ်းများအပေါ် အလားတူအပြုအမူများ ဆက်လက်ဆောင်ရွက်နေပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲကိစ္စရပ်များသည် မလျော်သြဇာသုံး ခြိမ်းခြောက်သူများ၏ တာဝန်သာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပညာရေးကဏ္ဍတွင် အလွဲအမှားများရှိနေသည့်အပြင် ပညာရေးမှူးများကို အရေးယူမှုများရှိနေခြင်းကြောင့် ဆရာ၊ ဆရာမများ လမ်းပေါ်သို့ထွက်ပြီး ဆန္ဒပြရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပညာရေးဝန်ကြီးဌာနအား ပညာရေးဝန်ထမ်းများနှင့် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာနိုင်အောင် အဖြေထွက်နိုင်အောင် တွန်းအားပေးသင့်ကြောင်း ဆရာများသမဂ္ဂမှ ကိုယ်စားပြုကော်မတီဝင် ဆရာဦးလှိုင်တင်က ပြောကြားသည်။

“ဒီလိုပြဿနာတွေပေါ်လာတိုင်း ဝန်ကြီးဌာနအနေနဲ့ ဆရာ၊ ဆရာမအချင်းချင်းကို သွေးပြန်ခွဲတာမျိုး အုပ်စုကွဲအောင်လုပ်တာမျိုးတွေ ရှိတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဝန်ကြီးဌာနကို ပညာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးနိုင်အောင် ညှိနှိုင်းအဖြေရှာနိုင်အောင် တွန်းအားပေးစေချင်တယ်။ အလေးထား လုပ်ပေးစေချင်တယ်။ ပြဿနာဖြစ်တိုင်း ကြေညာချက်တွေ ထုတ်လိုက်။ မရရင်လမ်းပေါ်ထွက် ဆန္ဒပြလိုက်နဲ့ ဘာမှအဖြေမထွက်ဘူးဖြစ်နေတယ်။ ပညာရေးဝန်ထမ်းတွေက ဝန်ကြီးဌာနကို တွေ့ဆုံဆွေးနွေးချင်တယ် ပြောတိုင်း ဆွေးနွေးတင်ပြခွင့်မရပါဘူး။ ဒါကြောင့် အခုလို ကြေညာချက်တွေ ထွက်ပေါ်လာတာပါ” ဟု ဆရာများသမဂ္ဂမှ ကိုယ်စားပြုကော်မတီဝင် ဆရာဦးလှိုင်တင်က ပြောကြားသည်။

တိုင်ကြားသူ အမည်လိပ်စာမပါရှိသော ပစ်စာများကို စစ်ဆေးအရေးယူမှုမပြုရေး၊ အစိုးရဘဏ္ဍာငွေ မလုံလောက်ပါက ပညာရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းထားရေးနှင့် ပင်စင်ထောက်ပံ့ကြေးကောက်ခံမှုကို ဌာနဆိုင်ရာက အရေးယူမှုမပြုရေးအတွက် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဆရာဆရာမများ စုပေါင်းပြီး မေ၂၂ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ပညာရေးဌာနမှဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ခဲ့ကြသော ဆရာ၊ ဆရာမများ၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ တောင်းယူနေခြင်းသည် မလျော်သြဇာသုံး ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အခြေခံနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ သဘောထားကြေညာချက်နှင့်ပတ်သက်ပြီး နေပြည်တော် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူတစ်ဦးက ယင်းကိစ္စနှင့်ပတ်သက်ပြီး သီးခြားစာထွက်ခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

credit:Eleven Media

About the author

LatKhat Than