ရုရှား နှင့် အမေရိကန် ရင်ဆိုင် အတွေ့

Posted on

အားလုံး စိတ်ဝင်စားနေတဲ့ လေယာဉ်တင် သင်္ဘောရေယာဉ်စုနဲ့ AShM တင် Backfire ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်ခဲ့သော်ဆိုတဲ့ ဇာတ်လမ်း လေးပါ။ ကျွန်တော့်ကိုယ်ပိုင်မဟုတ်ပါ စာရေးဆရာကြီး Tom Clancy ရဲ့ Red Storm Rising ဆိုတဲ့ ဝတ္ထုကို အကျည်းဘာသာပြန်ထားတာပါ။ မြည်းစမ်းကြည့်ကြပါ။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

(နောက်ခံ ကားမှာ ၁၉၈၉ ခုနှစ်တွင် ဆိုဗီယက် တပ်များက နေတိုးမဟာမိတ်များကို ထိုးစစ်ဆင် ၀င်ရောက်တိုက်ခိုက်ရာမှ အစပြုသည်။ ဆိုဗီယက် လေကြောင်းချီတပ်မတစ်ခုက အိုက်စလန်ကျွန်းကို အလစ်အငိုက် သိမ်းပိုက်လိုက်သဖြင့် နေတိုး၏ GIUK ခေါ် ဂရင်းလန်၊ အိုက်စလန်နှင့် ဗြိတိန်တို့ကြား ရေလမ်းကြောင်းကို အားပြုထားသည့် SOSUS ဆိုနာသတိပေးစနစ်လည်း ကျဆုံးသွားသည်။ အိုက်စလန်ကို စစ်ကူပေးရန် ရည်ရွယ်ထားသည့် မရိန်းတပ်များကိုလည်း အနောက်ဂျာမနီသို့ လမ်းကြောင်းပြောင်းပေးရန် ဆုံးဖြတ်လိုက်ရာမှ ကမ်းတပ်သင်္ဘောများနှင့် အစောင့်လိုက်လေယာဉ်တင်သင်္ဘောများ ပါဝင်သော အမေရိကန်ရေတပ်ဖွဲ့နှင့် ထိုရေယာဉ်စုကို တိုက်ခိုက်ရန်ကြိုးစားသည့် ဆိုဗီယက်ရေတပ်လေကြောင်းတပ်ဖွဲ့ AVMF တို့ ထိပ်တိုက် ရင်ဆိုင်ရန် ဖြစ်လာသည်။)

၁။ လေယာဉ်တင်စစ်ရေယာဉ် USS Nitmiz

စစ်ရေ ယာဉ်စုသည် အင်္ဂလန်နှင့် ပြင်သစ်တို့၏ လေကြောင်းအကာအကွယ် ရှိရာ အရှေ့စူးစူးကို ဦးတည်ခုတ်မောင်းနေသည်မှာ ဆယ်နာရီခန့် ရှိပေပြီ။ နော်ဝေမြောက်ပိုင်း လေတပ်စခန်းများကို ဆိုဗီယက်လေတပ်၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် နော်ဝေတို့ထံမှ ကြိုတင်သတိပေးချက်များ ရရှိရန်လည်း မဖြစ်နိုင်တော့။ သို့သော် ထောက်လှမ်းရေးသတင်းများအရ ကိုလာကျွန်းဆွယ် Kola peninsula ရှိ ဆိုဗီယက်ဗုံးကြဲလေယာဉ်များ အနေနှင့် ယနေ့ပင် မိမိတို့ကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

လေတပ်မပါ ဆိုဗီယက်ရေတပ်၏ လေကြောင်းတပ်ဖွဲ့ AVMF တစ်ခုတည်းတွင်ပင် Tu22M Backfire နှင့် Tu16 Badger ဗုံးကြဲလေယာဉ်တပ်ရင်းကြီး ၃ ခုစီ၊ Badger အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ် တပ်ရင်းကြီး ၁ ခုနှင့် Tu95 Bear ပင်လယ်ပြင် ကင်းထောက်လေယာဉ် တပ်ရင်းကြီး ၁ ခု ရှိမည်ဟု ခန့်မှန်းထားသည်။ ကိုလာကျွန်းဆွယ်နှင့် မိမိတို့ လက်ရှိတည်နေရာမှာလည်း မိုင် ၂၀၀၀ ပင် မဝေးတော့။

ဆိုဗီယက် ပင်လယ်ပြင်ကင်းထောက် ရေဒါဂြိုဟ်တု RORSAT တစ်လုံး နောက်ထပ် ၅၂ မိနစ်ခန့်တွင် မိမိတို့အပေါ် ဖြတ်ကျော်ပျံသန်းရန် ရှိသည်။ မိမိတို့ တည်နေရာကို သိပြီး ၄ နာရီအတွင်း ဆိုဗီယက်ဗုံးကြဲလေယာဉ်များ ရောက်ရှိလာနိုင်သည်။

အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်းစီမှ E2 Hawkeye လေကြောင်းချီ ကြိုတင်သတိပေး လေယာဉ် ၁ စင်းစီ၊ F14 Tomcat တိုက်လေယာဉ် ၂ စင်းစီနှင့် EA6 Prowler အီလက်ထရောနစ် စစ်ဆင်ရေး လေယာဉ် ၁ စင်းစီကို ကြိုတင်ပြီး လေကြောင်းတိုက်ကင်း CAP အနေနှင့် လွှတ်တင်ထားသည့် အပြင် အခြား တိုက်လေယာဉ်များကိုလည်း ၁၅ မိနစ်အတွင်း လွှတ်တင်နိုင်ရန် ပြင်ဆင်ထားသည်။ အမေရိကန်တို့နှင့် အတူရှိနေသော ပြင်သစ်လေယာဉ်တင်သင်္ဘော Foch ပေါ်ရှိ F8 Crusader တိုက်လေယာဉ်များမှာလည်း လွှတ်တင်ရန်အသင့်ပင်။

၂။ ရုရှနိုင်ငံ ကိုလာကျွန်းဆွယ်

RORSAT ဂြိုဟ်တု အမေရိကန်ရေယာဉ်စုအပေါ် ဖြတ်ကျော်ချိန်မှာ ၀၃၁၀ နာရီ ဖြစ်ပြီး နောက် ၁၅ နေလျှင် ထိုသတင်းကို တိုက်ပွဲဝင် လေယာဉ်အဖွဲ့သားများထံသို့ ဖြန့်ဝေပေးပို့လိုက်သည်။ ထိုနောက် ကိုလာကျွန်းဆွယ်ရှိ လေတပ်စခန်းများမှ ဆိုဗီယက်ဗုံးကြဲလေယာဉ်ကြီးများ တစ်စင်းပြီး တစ်စင်း တိုက်ပွဲဝင်ရန် ပျံတက်ကြလေသည်။မိမိတို့ ၁၅ နှစ်ခန့် နာရီပေါင်းများစွာ စီမံခန့်၊ လေ့လာခဲ့၊ လေ့ကျင့်ခဲ့မှုများကို လက်တွေ့အသက်သွင်းကြတော့မည်။

ဆိုဗီယက်ကမ်းခြေနှင့် မိုင် ၂၀ အကွာတွင် ရှိနေသည်ကတော့ အမေရိကန် ထောက်လှမ်းရေး ရေငုပ်သင်္ဘော USS Narwhal ပင်။ သူ့ အီလက်ထရောနစ် ထောက်လှမ်းရေးကိရိယာများက ဆိုဗီယက်လေယာဉ်များ၏ ရေဒီယိုဆက်သွယ်မှုများကို ဖမ်းယူရမိပြီးနောက် အင်အားကို ခန့်မှန်းတွက်ချက်ပြီး ထောက်လှမ်ရေးသတင်းပို့ချက် ထုတ်လွှင့်လိုက်လေသည်။

၃။ လေယာဉ်တင်စစ်ရေယာဉ် USS Nitmiz

ထိုသတင်းမှာ ၁၅ မိနစ်အတွင်းပင် အမေရိကန်စစ်ရေယာဉ်စု ထံသို့ ရောက်ရှိသွားလေသည်။ လေယာဉ်အုပ်စုကြီးမှူး CAG က ရေတပ်ဖွဲ့မှူး၏ သဘောတူညီချက်ဖြင့် နောက်ထပ်တိုက်ကင်းအတွက် E2C ၁ စင်း၊ F14 ၂ စင်းနှင့် EA6 ၁ စင်းစီကို ထပ်မံလွှတ်တင်လိုက်ပြီး ပထမတိုက်ကင်းအဖွဲ့ကို ပြန်လည်ဖြည့်တင်းရေးအတွက် ပြန်ခေါ်လိုက်သည်။ တိုက်လေယာဉ်အားလုံးကိုလည်း ၀၆၀၀ နာရီတွင် လွှတ်တင်ရန် စီမံလိုက်သည်။ ရေယာဉ်စုမှ မိုင် ၂၀၀ ခန့်အကွာတွင် ရန်သူကို ရင်ဆိုင်နိုင်ရန် ဖြစ်သည်။

ရေယာဉ်စုကိုလည်း လေကြောင်းရန်ကာကွယ်ရေး ပုံစံနှင့် နေရာယူစေလိုက်သည်။ လေယာဉ်တင်သင်္ဘောများနှင့် စစ်သည်တင်သင်္ဘောများက အလယ်တွင် နေရာယူပြီး၊ လေကြောင်းရန်ကာကွယ်ရေး ပဲ့ထိန်းဒုံးတင်သင်္ဘော ၉ စင်းနှင့် ရေငုပ်သင်္ဘောချေမှုန်းရေး သင်္ဘော ၆ စင်းက ၀န်းရံလျှက်။ အီလက်ထရောနစ် ထုတ်လွှင့်မှု ကန့်သတ်ရေး EMOCON စည်းမျှင်းများအရ သင်္ဘောတိုင်း၏ ရေဒါအားလုံးကို ပိတ်လိုက်ပြီး အမှောင်ချလိုက်သည်။ မိမိတို့ ရေဒါလှိုင်းများကို ထောက်လှမ်းရှာဖွေနေသော ဆိုဗီယက် Bear D ကင်းထောက်လေယာဉ်များ ရှိနေနိုင်သည် မဟုတ်တုံလော။

မိမိတို့ တည်နေရာ အကြမ်းဖျင်းကို ဆိုဗီယက်တို့ သိရှိပြီး ဖြစ်သော်လည်း ထိုမျှနှင့် မလုံလောက်သေး။ ဗုံးကြဲလေယာဉ်များ ရောက်မလာမီ အချိန် ၄ နာရီအတွင်း ရေယာဉ်စု တည်နေရာအပြောင်းအလဲကို အတိအကျသိရန် လိုသည်။ အဓိကပစ်မှတ်များဖြစ်သော အမေရိကန်လေယာဉ်တင်သင်္ဘော ၂ စင်းနှင့် ပြင်သစ်လေယာဉ်တင်သင်္ဘော ၁ စင်းကို တိတိကျကျတိုက်ခိုက်နိုင်ရန် လိုအပ်သော သတင်းအချက်အလက်များ ထောက်လှမ်းနိုင်ရေးမှာ Bear D တို့၏ တာဝန်ပင်။

၎။ဆိုဗီယက်တို့ လေယာဉ်အုပ်ကို ဦးဆောင်လာသည်ကတော့ Bear D ကင်းထောက်လေယာဉ်ကြီး ၁၀ စင်းပင်။ အမေရိကန် လေယာဉ်တင်သင်္ဘော ရေယာဉ်စုများကို ရှာဖွေရန် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူများပင်။ အီလက်ထရောနစ် ထောက်လှမ်းရေး ကိရိယာများက အမေရိကန်တို့၏ ရေဒါလှိုင်းများကို အနံခံလျှက်။

သူတို့၏နောက် မိုင် ၈၀၀ ခန့်အကွာတွင် လိုက်ပါလာသည်ကတော့ Badger ဗုံးကြဲလေယာဉ်များ။ ထို့နောက် မိုင် ၂၀၀ ခန့်အကွာတွင်တော့ Backfire ဗုံးကြဲလေယာဉ်များ။ တောင်ပံတစ်ဘက်တွင် AS-6 Kingfish သင်္ဘောဖျက်ဒုံး တစ်လုံးစီ တပ်ဆင်လျှက်။

သူတို့အားလုံး အမေရိကန် ရေယာဉ်စု ရှိမည်ဟု ခန့်မှန်းထားသော တောင်ယွန်းယွန်းသို့ ဦးတည်ပျံသန်းလျက်။

၅။နံနက်ခင်း၏ မိုးသောက်ရောင်နီများမှာ အမေရိကန် ရေယာဉ်စုပေါ်တွင် ဖြာကျလျက် ရှိသည်။ လေယာဉ်တင်သင်္ဘောကြီးများ ဖြစ်သော Nitmiz, Saratoga နှင့် Foch တို့ မှာ တစ်စီးနှင့် တစ်စီး ၈ မိုင်ခန့် ဖြန့်ကျက်ခုတ်မောင်း နေကြသည်။ လေယာဉ်အားလုံးကိုလည်း ပျံသန်းရေးကုန်းပတ်ပေါ်တွင် အသင့်စောင့်ဆိုင်းလျက်။ လေယာဉ်အဖွဲ့သားများမှာလည်း မောင်းခန်းအတွင်း အသင့်အနေအထားဖြင့် မှေးစက်အနားယူနေကြသည်။

AIM-54 Phoenix တာဝေး ဝေဟင်မှဝေဟင်ပစ်ဒုံးများ တပ်ဆင်ထားသော F-14 Tomcat တိုက်လေယာဉ်များမှာ လာတော့မည့် တိုက်ပွဲကို ငန့်လင့်နေသယောင်။ A-6 Intruder နှင့် A-7 Corsair မြေပြင်တိုက်ခိုက်ရေး လေယာဉ်တို့တွင်တော့ ဗုံးများအစား အပိုဆီတိုင်ကီများ တပ်ဆင်ထားသည်။ F-14 များကို Buddy refueling စနစ်ဖြင့် ဝေဟင်တွင် ဆီဖြည့်ပေးနိုင်ရန်ဖြစ်သည်။ ပြင်သစ် F-8 Crusader တို့က ရေယာဉ်စု၏ အနီးကပ် လေကြောင်းရန်ကာကွယ်ရေးအတွက် ဖြစ်သည်။

နံနက် ၀၅၅၈ နာရီတွင်တော့ လေယာဉ်များကို လွှတ်တင်ရန် ပြင်ဆင်သည့်အနေဖြင့် လေယာဉ်တင်သင်္ဘောအားလုံး လေဆန်ဘက်သို့လှည့်ကာ စက်ကုန်ဖွင့် မောင်းနှင်ကြလေသည်။

၆။”ရေဒါ တစ်ခုတွေ့တယ်” ဆိုဗီယက် Bear D တစ်စီးပေါ်ရှိ ရေဒါပညာရှင်စစ်သည်တစ်ဦးက သတင်းပို့လိုက်သည်။ ” အမေရိကန် လေကြောင်းချီ ကြိုတင်သတိပေး ရေဒါပဲ။ အရှေ့တောင်ဘက် ရည်ညွန်း ၁၃၁ ဒီဂရီ”

ဆိုဗီယက်လေယာဉ်မှူးက လေယာဉ်ကို လမ်းကြောင်းမပြောင်းပဲ တောင်ဘက်တည့်တည့် ဆက်လက်မောင်းနှင်သည်။ ထိုမှသာ ရန်သူ E2C ရေဒါတည်နေရာ အတိအကျကို တွက်ချက်နိုင်ပေမည်။ ရန်သူ E2C မှ မိမိကို ထောက်လှမ်းမိပါက မိနစ်ပိုင်းအတွင်း F-14 လက်ချက်ဖြင့် ဇာတ်သိမ်းသွားနိုင်သည်ဟူသော အသိကို တာဝန်ဟူသော သတိဖြင့် ထိန်းချုပ်ထားရသည်။

ဆယ်မိနစ်ကြာပြီးနောက် ရေဒါစစ်သည်၏ ” အကွာအဝေး ၆၅၀ ကီလိုမီတာ။ တည်နေရာ မြောက် ၄၇ ဒီဂရီ ၉ မိနစ်၊ အနောက် ၃၄ ဒီဂရီ ၅၀ မိနစ်” ဟူသော သတင်းအချက်အလက်ကို မိမိတို့နောက် မိုင် ၁၀၀ ခန့်တွင် လိုက်ပါလာသော အဖွဲ့ခေါင်းဆောင် လေယာဉ်ဆီသို့ သတင်းပို့လိုက်လေသည်။

ဆိုဗီယက် ဗုံးကြဲလေယာဉ်ခေါင်းဆောင်က ယခုသတင်းနှင့် ယခင်ဂြိုဟ်တုသတင်းကို နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် အမေရိကန်ရေယာဉ်စု၏ လက်ရှိတည်နေရာကို ခန့်မှန်းတွက်ချက်ကြည့်ရာ နောက် ၂ နာရီဆိုလျှင် မိမိတို့ Badger များ အမေရိကန်ရေဒါ ဖမ်းမိနိုင်သော အကွာအဝေးသို့ ရောက်ပေမည်။

၇။မကြာမီပင် အမေရိကန်တို့၏ Tomcat ကြားဖြတ်တိုက်လေယာဉ် ၄၈ စီးလုံးမှာ လေထဲသို့ ရောက်ရှိနေပြီဖြစ်ပြီး အသင့်အနေအထားဖြင့် စောင့်ဆိုင်း ပျံသန်းနေကြသည်။ Tomcat နှစ်စီးတစ်တွဲကို ဆီဖြည့်ပေးမည့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်တစ်စီး တွဲဘက်လျက်။

ကရူဇာစစ်ရေယာဉ် Ticonderoga ဦးဆောင်သော လေကြောင်းရန်ကာကွယ်ရေး ဖျက်သင်္ဘောများကလည်း သူတို့၏ ဒုံးများကို ပစ်လွှတ်ရန် အသင့်အနေအထားဖြင့် ပြင်ဆင်ထားသည်။ ရေဒါများကိုလည်း အသင့်ပြင်ထားသော်လည်း မဖွင့်သေးပဲ Naval Tactical Data System မှတစ်ဆင့် ပေးပို့သော E2C တို့၏ ရေဒါသတင်းများကိုသာ အသုံးပြုနေသည်။

လေယာဉ်များကို လွှတ်တင်ပေးသည်နှင့် စစ်ရေယာဉ်စုကြီးလည်း အရှေ့ဘက်သို့ လမ်းကြောင်းပြောင်းကာ ခုတ်မောင်းလေတော့သည်။ သို့သော် တစ်နာရီ ရေမိုင် ၂၀ သာ ခုတ်မောင်းနိုင်သော စစ်သည်တင်သင်္ဘောများ ဖြစ်ကြသော Saipan, Ponce နှင့် Newport တို့၏ အမြန်နှုန်းက အားလုံးကို ကန့်သတ်ထားသည်။

S-3 Viking ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ်များနှင့် ဖရီးဂိတ်စစ်ရေယာဉ် Caron ဦးဆောင်သော ရေငုပ်သင်္ဘောဖျက် ဖရီးဂိတ်စစ်ရေယာဉ်များကလည်း ဆိုဗီယက်ရေငုပ်သင်္ဘောများ ရန်မှ ကာကွယ်နိုင်ရန် အသည်းအသန် ထောက်လှမ်းလျှက် ရှိသည်။

၈။ဆိုဗီယက် ဗုံးကြဲလေယာဉ်တပ်ဖွဲ့မှူး အနေဖြင့် သူလိုအပ်သော သတင်းအချက်အလက်များ စုံလင်ပေပြီ။ Hawkeye ၄ စီး၏ တည်နေရာမှ တစ်ဆင့် အမေရိကန် ရေယာဉ်စု၏ တည်နေရာကို ခန့်မှန်းလို့ ရသွားသည်။ ထို့ပြင် ထို Hawkeye တို့ အရှေ့ဆီသို့ တဖြေးဖြေး ရွေ့လျားနေကြသည်ကို ကြည့်ခြင်းဖြင့် အမေရိကန်တို့၏ လမ်းကြောင်းနှင့် အမြန်နှုန်းကိုလည်း ခန့်မှန်းနိုင်သည်။ မိမိတို့ Badger ဗုံးကြဲလေယာဉ်များနှင့် အမေရိကန်ရေယာဉ်စုမှာ မိုင် ၄၀၀ ခန့်သာ ကွာဝေးတော့သည်။

ထို့ကြောင့် ” ရန်သူရေယာဉ်စု မြေပုံညွှန်း ၄၅၆/၈၁၀၊ အမြန်နှုန်း ရေမိုင် ၂၀၊ ဦးတည်ချက် ၁၀၀၊ န-နာရီ ၀၆၁၅၊ တိုက်မယ်၊ တိုက်မယ်၊ တိုက်မယ်။ ” ဟူသော အမိန့်ကို ဗုံးကြဲလေယာဉ်အားလုံးသို့ ထုတ်ပြန်လိုက်လေသည်။

တိုက်ပွဲကတော့ စလေပြီ။

၉။Badger ဗုံးကြဲလေယာဉ်များပေါ်ရှိ လေကြောင်းလမ်းပြနှင့် ဗုံးချိန်စစ်သည်များက ရရှိထားသော သတင်းအချက်အလက်များကို တောင်ပံတစ်ဘက်တွင် တစ်လုံးစီ သယ်ဆောင်လာသော AS-5 Kelt ဒုံးကျည်များ၏ လမ်းညွှန်စနစ်စီသို့ ပေးပို့လိုက်သည်။

သူတို့၏ အနောက်တောင်ဘက် မိုင် ၈၀၀ ခန့်တွင်တော့ အမေရိကန်ရေယာဉ်စု၏ ရေဒါများလက်လှမ်းမမီရာ အကွာအဝေးက နဂါးပတ် ပျံသန်းလာခဲ့သော Backfire ဗုံးကြဲလေယာဉ်များ။ သူတို့လည်း တပ်ဖွဲ့ခေါင်းဆောင် ပေးပို့သော ပစ်မှတ်တည်နေရာသို့ အရှိန်တင်ကာ ပျံသန်းလာခဲ့သည်။ လေယာဉ်အဖွဲ့သားအားလုံးလည်း စိတ်လှုပ်ရှားနေကြပြီ။

“ပစ်၊ ပစ်၊ ပစ်” Badger ဗုံးကြဲလေယာဉ် တပ်ရင်းကြီးမှူးများ၏ ဦးဆောင်မှူဖြင့် ၀၆၁၅ နာရီတွင် အစီး ၈၀ သောBadger များမှ Kelt ဒုံးကျည်များကို တစ်စင်းခြင်း ဖြုတ်ချလိုက်လေသည်။ ပေ ၃၀ ခန့်အလျားရှိသော ဒုံးကြီးများလည်း Autopilot ၏ ထိန်းကြောင်းမှုဖြင့် အမြင့်ပေ ၃၀၀၀၀ မှ တစ်နာရီ ရေမိုင် ၆၀၀ နှုန်းဖြင့် တစ်နည်းအားဖြင့် Backfire လေယာဉ်များ ပုံမှန်ပျံသန်းသော ပုံစံမျိုးဖြင့် တောင်ဘက်စူးစူးဆီသို့ ဦးတည်သွားလေသည်။

ယခုစစ်ဆင်ရေးတွင် သူတို့ ထမ်းဆောင်ရမည့် အပိုင်း ပြီးဆုံးပြီ ဖြစ်သဖြင့် Badger ဗုံးကြဲလေယာဉ်များလည်း အိမ်အပြန်လမ်းဆီသို့ ပျံသန်းရန် ပြန်ကွေ့ကြလေသည်။ ဒုံးကျည်များနှင့်အတူ တောင်ဘက်သို့ ဆက်လက်ပျံသန်းသွားသူတို့ကတော့ Badger-J (Tu-16P) အီလက်ထရောနစ် စစ်ဆင်ရေးလေယာဉ် ၆ စင်းသာ။ Kelt တို့၏ အနောက် မိုင် ၄၀ အကွာခန့်မှနေပြီး အီလက်ထရောနစ် ဖိဖျက်ခြင်း (jamming) အကူ ပေးရန် ဖြစ်သည်။

၁၀။”ရန်သူ၊ ရန်သူ၊ ရပ်ညွှန်း ၃-၄-၉၊ အကွာအဝေး ၄-၆-၀ မိုင်မှာ ရန်သူတွေ့တယ်။ စကားဝှက် Raid-1 လို့ သတ်မှတ်မယ်။ ရန်သူအင်အား ခန့်မှန်း ၁-၄-၀၊ ရန်သူ့ဦးတည်ချက် ၂-၇-၅၊ အမြန်နှုန်း တစ်နာရီ ရေမိုင် ၆၀၀ နဲ့ ချဉ်းကပ်လာနေတယ်”

ထိုစဉ်တွင်ပင် အမေရိကန်တို့၏ ရေဒါဖန်သားပြင်များ အီလက်ထရောနစ် အနှောင့်အယှက် များဖြင့် ပြည့်နှက်သွားသည်။

“Hawk-3 မှ Clipper Base သို့ သတင်းပို့ပါတယ်။ ရန်သူ အီလက်ထရောနစ် ဖိဖျက်မှုကို တွေ့နေရတယ်။” E2C ကြိုတင်သတိပေးလေယာဉ်က လေယာဉ်တင်သင်္ဘောပေါ်ရှိ ကွပ်ကဲရေးစင်တာကို သတင်းပို့လိုက်သည်။ “Jammer ၆ ခုလို့ ခန့်မှန်းရပါတယ်။ နောက်ဆယ်မိနစ်လောက်မှာမှ ဖိဖျက်မှုကို ဖယ်ရှားနိုင်ပါလိမ့်မယ်။ ကြားဖြတ်တိုက်လေယာဉ်တွေကို လမ်းညွှန်ကွပ်ကဲခွင့် အမိန့်တောင်းခံပါတယ်”

အမေရိကန်တပ်မှူးက ခွင့်ပြုလိုက်သည်နှင့် လေကြောင်းစစ်ဆင်ရေးအရာရှိက Hawk-3 မှ တောင်းခံသော လမ်းညွှန်ကွပ်ကဲခွင့် အမိန့်ကို ချပေးလိုက်သည်။ ” အဲ့ကောင်တွေကို ပစ်ချစမ်းကွာ။ ဒါပဲ”

ထိုနောက် အမေရိကန် စစ်ရေယာဉ်စုလည်း သင်္ဘောပေါ်ရှိ လက်နက်များ၏ ပစ်ကွင်းရှင်းစေရန် ရန်သူချိန်းခြောက်မှုနှင့် ထောင့်မှန် ရပ်ညွှန်း ၂-၇-၀ သို့ တစ်ပြိုင်တည်း လမ်းကြောင်းပြောင်းလိုက်တော့သည်။ သင်္ဘောများပေါ်ရှိ ဒုံးလမ်းညွှန်ရေဒါများမှာလည်း အသင့်အနေအထား။

၁၁။ဆိုဗီယက် Kelt ဒုံးကျည်များမှာလည်း သူတို့၏ Autopilot ၏ လမ်းညွှန်မှုဖြင့် ၀ဲကာ ဝှေ့ကာ အထက်တက် အောက်ဆင်းဖြင့် ပျံသန်းနေကြသည်။ သူတို့၏ Radar transponder များကလည်း Badger ဗုံးကြဲလေယာဉ်များဟု ထင်ရအောင် အီလက်ထရောနစ် ထုတ်လွှတ်မှုများ လုပ်နေသည်။

၁၂။ရန်သူ jamming ကို ဖယ်နိုင်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက် Hawk-3 ပေါ်ရှိ ကွပ်ကဲရေးအရာရှိက Tomcat တို့ကို ကြားဖြတ်တိုက်ခိုက်နိုင်ရန် နေရာယူခိုင်းတော့သည်။

မိုင် ၁၅၀ ခန့်အကွာတွင် ပထမဆုံး Tomcat အုပ်၏ လေယာဉ် ၁၂ စီးက စပြီး ကြားဖြတ်တိုက်ခိုက်နိုင်လေသည်။ ရေဒါကြားဖြတ်အရာရှိ RIO များက ရန်သူကို ဒုံးလမ်းညွှန်ရေဒါဖြင့် ဖမ်းယူနုငိသည်နှင့် တစ်ပြိုင်တည်း လေယာဉ်မှူးက Phoenix ဒုံးကျည်များကို ပစ်လွှတ်လိုက်လေသည်။ ရန်သူဗုံးကြဲလေယာဉ်များ ဒုံးမလွှတ်နိုင်မည် လက်ဦးရမည် မဟုတ်လော။

Phoenix ဒုံးကျည် ၄၈ လုံးဖြင့် ရန်သူ ၃၉ စင်းကို ပစ်ချလိုက်နိုင်လေသည်။ ထို့နောက် နောက် ပထမလေယာဉ်အုပ်လည်း နောက်အုပ်များအတွက် လမ်းကြောင်းရှင်းပေးလိုက်လေသည်။

ဒုတိယအုပ်ကလည်း ဒုံးကျည် ၄၈ လုံးဖြင့် နောက်ထပ် ရန်သူ ၃၄ စင်းကို ပစ်ချလိုက်နိုင်လေသည်။

တတိယအုပ်နှင့် စတုတ္ထအုပ်တို့က တစ်ပြိုင်တည်း ပစ်ပြီးသော အခါ ရန်သူ ၁၉ စင်းသာ ကျန်တော့သည်။ သူတို့တွင်လည်း Phoenix ဒုံးကျည်များမကျန်တော့ တို့ကြောင့် စက်အမြှောက်ဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရန် ချဉ်းကပ်သွားကြသည်။

မိမိတို့ လေ့ကျင့်ထားသည့်အတိုင်းပင် ရန်သူဗုံးကြဲလေယာဉ်များကို တစ်စင်းပြီးတစ်ပြီး ပစ်ချနိုင်နေရာ အမေရိကန်တို့ ကျေနပ်နေကြသည်။

တိုက်လေယာဉ်တို့ လွတ်ထွက်လာနိုင်သော ရန်သူအကျန်များကို ခြေမှုန်းနိုင်ရန် သင်္ဘောများပေါ်ရှိ SAM တို့၏ ပစ်မှတ်ရှာ ရေဒါများကိုလည်း ဖွင့်လိုက်လေသည်။

၁၃။ထိုအချိန်မှာပင် “နောက်ထပ် ရေဒါပစ်မှတ် အသစ်တွေ့တယ်။ စကားဝှက် Raid-2 ” နောက်ထပ် လေကြောင်းချီ ကြိုတင်သတိပေးလေယာဉ်တစ်စီးက ရုတ်တရက် သတင်းပို့လာသည်။

တစ်ချိန်တည်းမှာပင် ကြားဖြတ်တိုက်လေယာဉ် အုပ်မှူးမှာလည်း ပစ်မှတ်များကို မျက်မြင်မြင်နေရပြီ ဖြစ်သည်။ သူတို့ထင်သော Badger များမဟုတ်။ သူတို့အားလုံး Kelt ဒုံးကျည်များကို ၀ိုင်းပစ်နေကြခြင်းပင်။

သူတို့အားလုံး အလှည့်စားခံလိုက်ရပြီ ဖြစ်သည်။

(ဆိုဗီယက်တွေရဲ့ Kelt ဒုံးကျည် တစ်ဖြစ်လည်း ပစ်မှတ်ဒရုန်းတွေ သုံးပြီး လှည့်စားမှုက အောင်မြင်သွားပါတယ်။ အမေရိကန်ရေတပ်ရဲ့ အားကိုးရဆုံး ကြားဖြတ်တိုက်လေယာဉ်တွေ ဖြစ်တဲ့ F-14 တွေကို ယောင်ပြပြီး အဝေးကို ခေါ်ထုတ်သွားနိုင်ပါတယ်)

၁၄။အမေရိကန်တို့ မြောက်အရပ်မှလာသော ရန်သူကို မဲနေချိန်တွင် အနောက်တောင်မှ လာနေသော Backfire တို့ကလည်း သူတို့ကို တွေ့သွားလေပြီ။ “ရပ်ညွှန်း ၀-၃-၇ မှာ ရန်သူ” ဟူသော အီလက်ထရောနစ် စစ်ဆင်ရေးအရာရှိ၏ အသံနှင့်အတူ Bear D ကင်းထောက်လေယာဉ်ကြီး၏ Big Bulge ရေဒါက အမေရိကန်ရေယာဉ်စုကို အတိအကျ ခြေရာခံနိုင်သွားလေပြီ။ ရန်သူနှင့် သူတို့ကြားအကွာအဝေးမှာ မိုင်ပေါင်း ၁၃၀။

အမေရိကန်ရေယာဉ်စုတွင် ကျန်သမျှသော အစောင့်အရှောက်မှာ ပြင်သစ် Crusader တိုက်လေယာဉ် ၈ စင်းသာ။ ယင်းတိုက်လေယာဉ်တို့လည်း Afterburner ထိုးကာ Backfire တို့ ရှိရာအရပ်ဆီသို့ အသော့နှင်လေတော့သည်။

Backfire ဗုံးကြဲလေယာဉ် ၇၃ စီးမှာလည်း AS-6 Kingfish သင်္ဘောဖျက်ခရုဇ်ဒုံးကျည် စုစုပေါင်း အလုံး ၁၄၀ ကို ပစ်လွှတ်ပြီးသည်နှင့် အင်ဂျင်ပါဝါ အပြည့်ထိုးကာ မြှောက်ဘက်သို့ လမ်းကြောင်းပြောင်းပျံသန်းလေတော့သည်။ Kingfish ဒုံးကျည်မှာ Kelt တို့ကဲ့သို့ မဟုတ် သံလွန်နှုန်းဖြင့် ပစ်မှတ်ရှိရာသို့ ပျံသန်းပြီး သူ၏ Active radar ပစ်မှတ်ရှာစနစ်ဖြင့် သတ်မှတ်ပေးထားသော ပစ်မှတ်နယ်မြေအတွင်း အကြီးဆုံးပစ်မှတ်ကို ရှာဖွေတိုက်ခိုက်မည် ဖြစ်သည်။

၁၅။”ဗင်ပိုင်းယား၊ ဗင်ပိုင်းယား” ကရူဇာစစ်ရေယာဉ် Ticonderoga ပေါ်ရှိ လေကြောင်းရန် ကာကွယ်ရေး တာဝန်ခံ အရာရှိက ရေယာဉ်စုကို ရန်သူ သင်္ဘောဖျက်ဒုံးများဖြင့် တိုက်ခိုက်နေရကြောင်း ကြိုတင်သတ်မှတ်ထားသည့် စကားဝှက်ကို ထုတ်လွှင့်လိုက်လေသည်။

အမေရိကန်သင်္ဘောများပေါ်ရှိ Aegis နှင့် အခြား လေကြောင်းရန်ကာကွယ်ရေး စနစ်များလည်း ရေဒါများမှ ရရှိသမျှ သတင်းအချက်အလက်များကို အရေးကြီးအဆင့်ခွဲကာ SM-2 ဝေဟင်ပစ်ဒုံးကျည်များ တစ်စင်းပြီး တစ်စင်း ပစ်လွှတ်တော့သည်။ ပစ်မှတ်များမှာ ရေယာဉ်စုမှ ၉၉ မိုင်အကွာ။ရေယာဉ်များလည်း စက်ကုန်ဖွင့်ကာ အကွေ့အကောက်များဖြင့် evasive maneuver မောင်းနှင်ကြတော့သည်။

SAM ဒုံးကျည်ပစ်စင်များမှ ဒုံးများပစ်လွှတ်လိုက်၊ အော်တိုမစ်တစ် ထပ်မံဖြည့်တင်းလိုက်ဖြင့် ဒုံးများကို ၂ စက္ကန့်လျှင် တစ်စင်းနှုန်းဖြင့် ပစ်ထုတ်လိုက်ရာ ၃ မိနစ်ခန့်အကြာတွင်ပင် လေကြောင်းရန် ကာကွယ်ရေးဒုံးများ ကုန်လေပြီ။ သင်္ဘောများမှာလည်း ဒုံးအင်ဂျင်များ၏ မီးခိုးများဖြင့် ဖုံးလွှမ်းနေသည်။

သင်္ဘောများပေါ်ရှိ ရေဒါလမ်းညွှန်မှုအတိုင်း ချည်းကပ်ရှိန် တစ်နာရီ မိုင် ၂၀၀၀ ကျော်ဖြင့် ပျံသန်းသွားသော အမေရိကန် လေကာဒုံးများကြောင့် သင်္ဘောဖျက်ဒုံးများ၏ ၆၀ ရာခိုင်နှုန်းကျော် လေထဲတွင်ပင် ဖျက်စီးခံလိုက်ရသည်။ သို့သော် စုစုပေါင်း ဒုံးကျည် ၈၂ လုံ့း ကျန်သေးကာ အကြီးဆုံးပစ်မှတ် သင်္ဘော ၈ စင်းစီသို့ ဦးတည်ဆဲ။

ထို့နောက် တာတိုပစ် Sea Sparrow ဒုံးကျည်များ တက်သွားသည်။ သင်္ဘောများပေါ်ရှိ ရေဒါဖိဖျက်ကိရိယာ Jammer တို့လည်း အသက်ဝင်ပြီ။ အကွာအဝေး မိုင် ၂၀ ခန့်အရောက်တွင်တော့ လမ်းလွှဲ chaff များ ပစ်လွှတ်သဖြင့် အလူမီနီယပ်စ သန်းပေါင်းများစွာကလည်း လေထုကို ဖုန်းလွှမ်းလျက်။

ဆိုဗီယက် ဒုံးကျည်များ၏ အရေအတွက်မှာလည်း တဖြေးဖြေး လျော့ကြလာသည်။ ခုနှစ်ဆယ်။ ခြောက်ဆယ်။ နောက်ဆုံးတွင်တော့ သင်္ဘောဖျက်ဒုံး ၄၁ လုံးသာ ကျန်တော့သည်။

၁၆။လေယာဉ်တင်သင်္ဘော Nitmiz ထံသို့ ဦးတည်လာနေသည်ကတော့ ဒုံး ၅ လုံး။ နောက်ဆုံး ခံစစ်ဖြစ်သော ရေဒါလမ်းညွှန် CIWS များကလည်း ဒုံးကျည်များကို ခြေရာခံကာ ၂၀ မမ ကျည်များ အဆက်မပြတ် ပစ်လွှတ်တော့သည်။

ပထမဆုံး သင်္ဘောဖျက်ဒုံးမှာ သင်္ဘောအနောက်ဘက် ကိုက် ၈၀၀ ခန့်တွင် ပေါက်ကွဲသွားသည်။ ယမ်းအား ၁ တန်ခန့်၏ ပေါက်ကွဲမှုကြောင့် လေယာဉ်တင်သင်္ဘောကြီးပင် တုန်ခါသွားသယောင်။

ဒုတိယ Kingfish မှာ သင်္ဘောဦးပိုင်းနှင့် ကပ်ကာနီးမှ ဖျက်ဆီးနိုင်သဖြင့် ပေါက်ကွဲမှု၏ အစအနများက ကုန်းပတ်ပေါ်ရှိ လေယာဉ်များ ရေတပ်သားများကို ဖျက်ဆီးလိုက်သည်။တတိယတစ်စင်းမှာလည်း chaff တို့၏ လှည့်စားမှုကြောင့် သင်္ဘောနောက်ဘက် မိုင်ဝက်ခန့်အကွာရှိ ပင်လယ်ထဲသို့ ထိုးဆင်းသွားသည်။

သို့သော် စတုတ္ထနှင့် ပဉ္စမဒုံးတို့မှာကား လေယာဉ်တင်သင်္ဘောကြီးကို တည့်တည့်ကြီး ထိမှန်တော့သည်။ ကြီးမားသော ပေါက်ကွဲမှုကြီးများကြောင့် လူများမှာ ၁၅ ပေခန့် လွင့်ထွက်သွားသည်။ ထို့နောက် မီးတောက်မီးလျှံများက သင်္ဘောတစ်စီးလုံးကို ၀ါးမျိုတော့မတတ်။

သင်္ဘောဖျက်ဒုံးများ ထိမှန်သော နေရာက သင်္ဘောအပေါ်ပိုင်း ပျံသန်းရေးကုန်းပတ် ဖြစ်နေသောကြောင့် လည်းကောင်း၊ ကောင်းမွန်သော ပျက်စီးထိန်းနှင့် မီးသတ်စနစ်များကြောင့် လည်းကောင်း သင်္ဘောနှစ်မြစ်မည့် အန္တရာယ်မှ ကာကွယ်ကောင်း ကာကွယ်နိုင်ပေလိမ့်မည်။ သို့သော် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန်ကား မဖြစ်နိုင်တော့။ ထို့ပြင် ကွပ်ကဲရေးစင်တာကို တိုက်ရိုက်ထိမှန်ခံရသဖြင့် ရေယာဉ်စုမှူးအပါအ၀င် အရာရှိစစ်သည် အများအပြားလည်း ဆုံးရှုံးခဲ့ရသည်။

၁၇။Nitmiz ၏ မြောက်ဘက် ယခင်က ပြင်သစ်လေယာဉ်တင်သင်္ဘော Foch ရှိခဲ့သော နေရာတွင် ယခုတွင်တော့ မီးခိုးလုံးကြီးများသာ မြင်ရသည်။ လေယာဉ်တင်သင်္ဘော Saratoga ကို ကြည့်ရသည်ကတော့ ဆိုးဆိုးရွားရွား ထိခိုက်ဟန်မတူ။ ၃ မိုင်ခန့် အကွာတွင်တော့ ကရူဇာစစ်ရေယာဉ် Ticonderoga ၏ အပေါ်ပိုင်း superstructure တစ်ခုလုံးမှာ သံတိုသံစအဖြစ် ပြောင်းလဲနေပြီး မီးဟုန်းဟုန်းတောက်နေသည်။

မိုးကုတ်စက်ဝိုင်းပေါ်ရှိ မီးတောက်များကတော့ ကမ်းတက်စစ်ရေယာဉ် Saipan ၏ နောက်ဆုံး ကျန်သမျှပင်။ စစ်သည် ၂၅၀၀ ခန့် တင်ဆောင်လာသော စစ်ရေယာဉ် ဖြစ်သဖြင့် အဆုံးအရှုံးကတော့ များပေလိမ့်မည်။ ထို့အတူ ဖျက်သင်္ဘော ၁ စီး၊ ဖရီးဂိတ် ၂ စီးတို့လည်း နှစ်မြုတ်ခဲ့သလို အခြားသင်္ဘောပေါင်းများစွာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

၁၈။ပြင်သစ် Crusader တိုက်လေယာဉ်များလည်း ဆုတ်ခွာသွားသော ဆိုဗီယက် Backfire ဗုံးကြဲလေယာဉ်များနောက်သို့ အမှီလိုက်သည်။ လွယ်လှသည်တော့မဟုတ် Afterburner ထိုးထားသော ဗုံးကြဲလေယာဉ်များမှာ တိုက်လေယာဉ်များနီးပါး မြန်သည်။ သူတို့မှီသမျှထဲမှ ဗုံးကြဲလေယာဉ် ၆ စင်းကိုတော့ ပစ်ချလိုက်နိုင်သည်။ သူတို့လေယာဉ်တင်သင်္ဘော၊ သူတို့ရဲဘော်ရဲဘက်များအတွက်။

ဗြိတိန်တော်ဝင်လေတပ်ကလည်း ဆိုဗီယက်တို့၏ အပြန်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ရန် ကြိုးပမ်းသည်။ သို့သော် ထိုကိစ္စကို ကြိုတင်တွက်ဆမိသော ဆိုဗီယက်တို့က အနောက်ဘက်သို့ ရှောင်ကာ ပျံသန်းသွားသဖြင့် ထိတွေ့မှု မဖြစ်လိုက်တော့။

၁၉။တိုက်ပွဲအဆုံးတွင်တော့ တိုက်ပွဲဝင်နိုင်သေးသော တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောဖြစ်သည့် Saratoga လည်း ပြန်လည်ဆင်းသက်နိုင်သမျှသော လေယာဉ်များကို တင်ဆောင်ကာ အကောင်းကျန်သေးသမျှ အစောင့်သင်္ဘောတို့နှင့် ဂျာမနီသို့ ဆက်လက်ဦးတည်သွားသည်။

တိုက်ပွဲဖြစ်ပွားရာ ရေပြင်တွင်တော့ နှစ်မြုတ်သွားသော သင်္ဘောများမှ အသက်ရှင်ကျန်သမျှ စစ်သည်တို့ကို ကယ်ဆယ် ဆယ်ယူနိုင်ရန် ဖျက်သင်္ဘော ၁ စီးနှင့် ဖရီးဂိတ် ၃ စီးကိုသာ တွေ့ရတော့သည်။

Nitmiz အပါအ၀င် အခြား ထိခိုက်ဒါဏ်ရာရ သင်္ဘောတို့ကား အနီးဆုံ့း မဟာမိတ်ဆိပ်ကမ်းဖြစ်သော Southamptom ဆိပ်ကမ်းဆီသို့ တစ်ရွေ့ရွှေ့နှင့်သာ။

၂၀။ထိုသို့ဖြင့် ခေတ်မီလေယာဉ်တင်သင်္ဘောများနှင့် ခရုဇ်ဒုံးတင် ဗုံးကြဲလေယာဉ်များ၏ တိုက်ပွဲလည်း အရှုံးအနိုင်ပြတ်သားစွာြ့ပီးဆုံးသွားလေတော့သည်။ သို့သော် စစ်ပွဲကြီးကား မပြီးသေး။ နောက်ထပ် တိုက်ပွဲများစွာ ကျန်သေး၏။

Writer:Zin Min Htet

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း