မွေးကင်းစ ရင်သွေးကို အမှိုက်ပုံတွင် စွန့်ပစ်သည့် ထိုင်းအမျိုးသမီးအား ဖမ်းဆီး

Posted on

ခင်ပွန်းဖြစ်သူရဲ့ ၀င်ငွေနှင့် မလောက်ငတော့ ဟုဆိုကာ မွေးကင်းစ ရင်သွေးငယ်အား စွန့်ပစ်သည့် မိခင်တစ်ဦးအား ထိုင်းနိုင်ငံတွင် အရေးယူလိုက်ပါသည်။

ဇွန်လ ၅ ရက်နေ့က ထိုင်းနိုင်ငံ နခွန်ပထွန်ခရိုင်၊ ဆမ်ပရန်ဒိစတြိတ်၊ ကရာသွမ်လွမ်း(Krathum Lom) မြူနီစီပယ်မှ အမှိုက်ကားမောင်း သူက ကရာသွန်လွမ်း အမှတ်(၂၇) လမ်းဘေးရှိ အမှိုက်ပုံးထဲတွင် စွန့်ပစ်ထားသော မွေးကင်းစ ကလေးငယ်(ယောင်္ကျားလေး)တစ်ဦးကိုတွေ့သဖြင့် ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့သည်။ ကလေးငယ်မှာ နေပူထဲတွင် ပစ်ထားခံရသဖြင့် မျက်နှာမှာ နီရဲနေပြီး အိပ်ပျော်နေသည်ဆို၏။

CCTV မှတ်တမ်းများအရ အသက်(၂၉)နှစ်အရွယ် ၀ရာပွန်(Waraporn)ဆိုသည့် အမျိုးသမီးတစ်ဦးအား ယောက္ခမဖြစ်သူ၏ သတင်းပေးပို့မှုအရ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။ အမျိုးသမီးမှာ ကလေးမွေးဖွားထားရသဖြင့် အားနည်းနေပြီး၊ သူ၏ ရင်သွေးအား စွန့်ပစ်ခဲ့ခြင်းကို ၀န်ခံထွက်ဆိုခဲ့သည်။

စစ်ဆေးချက်များအရ ၀ရာပွန်တွင် လက်ရှိ ကလေး(၄)ဦးရှိနေကာ ယခုကလေးမှာ ၅ ယောက်မြောက်ဖြစ်ပြီးယင်းကလေးများကိုစောင့်ရှောက်ရသည့် စရိတ်စကလောက်ငှခြင်း မရှိသလို သူ့ခင်ပွန်းဖြစ်သူမှာလည်း တစ်လလျှင် လစာ ဘတ်တစ်သောင်း(မြန်မာငွေ ကျပ် ၅သိန်းနီးပါး)သာရသဖြင့် ယခု နောက်ဆုံးမွေးဖွားလာသည့် ကလေးကို မည်သို့မျှ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် မဖြစ်နိုင်တော့သဖြင့် ယခုကဲ့သို့ စွန့်ပစ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

ဝရာပွန်၏ ခင်ပွန်းသည်အားစစ်ဆေးရာတွင် ယခုဖြစ်ရပ်ကို သူမသိခဲ့ကြောင်းထွက်ဆိုပြီး၊ ယခုကဲ့သို့ မလုပ်သင့်ကြောင်းပြောဆိုကာ သူ၏ဇနီးဖြစ်သူအပေါ်လွန်စွာဒေါသထွက်နေကြောင်း ဒေသခံမီဒီယာများက ရေးသားဖော်ပြထားသည်။

စွန့်ပစ်ခံ ကလေးငယ်ကိုမူ Phran ဆေးရုံသို့ပို့ဆောင်ပြီး လိုအပ်သည်များကို ပြုစုစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ရာ ကလေးငယ်မှာ အသက်အန္တရာယ်မစိုးရိမ်ရတော့ပဲ ကျန်းမာလာပြီဟုသိရသည်။ ကလေးငယ်မှာ ၆ ဒသမ ၆ ပေါင်အလေးချိန်ရှိပြီး ကြံ့ခိုင်မှုရှိကြောင်းသိရသည်။

Source :Kapook News
LKT