Local News

တစ်ဆို့နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် UPDJC အတွင်းရေးမှူး အဖွဲ့ အလွတ်သဘော ဆွေးနွေးမည်

မနက်ဖြန် ဇွန်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ လတ်တလော တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်းများ ရှေ့ဆက်နိုင်ရန် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက The Ladies News သို့ပြောကြားသည်။

`တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်သွားနိုင်အောင်။ အဲဒါတွေကို ဘယ်လိုဆက်ပြီး လုပ်ကြမလဲဆိုတာ သူ့သဘောထား ကိုယ့်သဘောထားပေါ့လေ။ အပြန်အလှန် အလွတ်သဘော ဆွေးနွေးကြဖို့ ဖြစ်ပါတယ်` ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

မနက်ဖြန် ဆွေးနွေးပွဲတွင် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အလွတ်သဘော တွေ့ဆုံထားမှုများ၏ ဖြစ်ပေါ်တိုးတက်မှုများကို မေးမြန်းရန်ရှိသည်ဟု နိုင်ငံရေးပါတီများ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် က ပြောကြားသည်။

`အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အလွတ်သဘော တွေ့ထားတာတွေရှိတယ်။ အဲဒီအပေါ်မှာ ဖြစ်ပေါ်တိုးတက်မှု ဘာရှိလဲ မရှိလဲပေါ့။ ပြီးရင် အစိုးရဘက်ကရော ဘာများ ပြင်ဆင်ချက်ရှိလဲပေါ့။ EAO ဘက်ကလည်း ဘာများ ပြင်ထားတာရှိလဲပေါ့။ အဲဒါတော့မေးရမှာပါ့` ဟု စိုင်းကျော်ညွှန့်က ပြောကြားသည်။

UPDJC အတွင်းရေးမှူးအဖွဲ့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မနက်ဖြန် ပြုလုပ်မည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့များမှ ကိုယ်စားလှယ် အားလုံးနီးပါး တက်ရောက်ရန်ရှိသည်ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

UPDJC အဖွဲ့၏ တရားဝင် အစည်းအဝေးများသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယ အစည်းအဝေး ပြီးကတည်းက ပြုလုပ်နိုင်ခြင်း မရှိသေးသည်မှာ ယန့အချိန်အထိဖြစ်သည်။

ref:The Ladies News

About the author

လက်ခတ်သံ