International News

ဗြိတိန်တော်ဝင်လေတပ်က Typhoone တိုက်လေယာဉ်များ အတွက် BriteCloud အဆင့်မြင့် ပုံဖျက်နည်းပညာကို စမ်းသပ်ခဲ့

ဗြိတိန်တော်ဝင် လေတပ်က ၎င်း၏ Typhoon တိုက်လေယာဉ်တွင် တပ်ဆင် အသုံးပြုမည့် BriteCloud နောက်ဆုံးပေါ် ပုံဖျက်နည်းပညာ စမ်းသပ်မှုကို စတင် လုပ်ဆောင်နေပြီဖြစ်ပါသည်။ အဆိုပါ နည်းပညာကို တိုက်ခိုက်ရေးဂျက်လေယာဉ်များအား ရေဒါစနစ်ဖြင့်ပစ်မှတ်များကို ရှာဖွေပစ်ခတ်နိုင်သော နောက်ဆုံးပေါ်ဒုံးကျည်များ၏ တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် ပုံစံပြုထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Stuart Andrew က ၎င်းတို့အနေဖြင့် တစ်ခါသုံး ဆိုဒါဘူးအရွယ်စား ရှိသော ရေဒါစနစ်ဖြင့် မဖမ်းယူနိုင်သည့် BriteCloud ခေါ် Electronics Package များစမ်းသပ်မှုကို ဧပြီလကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

BriteCloud က ဝေဟင်မှဝေဟင်သို့လည်းကောင်း၊ မြေပြင်မှဝေဟင်သို့လည်းကောင်းပစ်ခတ်မည့် ဒုံးကျည်များ၏ ချိန်ရွယ်မှုစနစ်ကို အားကောင်းသော ရေဒါထုတ်လွှတ်မှုစနစ်ဖြင့် နှောင့်ယှက်ဟန့်တား ကာ တိုက်လေယာဉ်များကို ဘေးကင်းရာသို့ခေါ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။ BriteCloud ကို တပ်ဆင်ပစ်လွှတ်ရန် လေယာဉ်အားပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်မလိုအပ်ဘဲ လေယာဉ်ရှိ အချက်ပြမီးတပ်ဆင်သည့်နေရာမှ ပစ်လွှတ်နိုင်မည်ဖြစ်ပါသည်။

အဆိုပါ အသေးစားရုပ်ဖျက်နည်းပညာ BriteCloud ကို Leonardo ကုမ္ပဏီက ပုံစံပြုထုတ်လုပ် ထားခြင်းဖြစ်ပါသည်။ ၎င်းကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ထားပြီးဖြစ်ရာ ဗြိတိန်တော်ဝင်လေတပ်၏ Typhoon တိုက်လေယာဉ်အုပ်စုတွင် ပထမဦးဆုံးတပ်ဆင်အသုံးပြုသွားမည်ဟုသိရပါသည်။ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါစီမံကိန်းအတွက် ၂၀၁၂ ခုနှစ်ကတည်းကပင် Leonardo ကုမ္ပဏီနှင့်ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ ယူရို ၂၇ သန်း ရင်းနှီးမြှုပ်နှံထားပါ သည်။

၎င်းကိုစိတ်ချယုံကြည်စွာအသုံးပြုနိုင်လောက်သည်အထိ စမ်းသပ်မှုများကို ထပ်မံလုပ်ဆောင် သွားဦးမည်ဖြစ်ပြီး လေကြောင်းတိုက်ပွဲများတွင် ၎င်း၏အသုံးဝင်မှုကိုမြှင့်တင်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားဦးမည်ဖြစ်ပါသည်။ ထို့အပြင် အခြားသောစစ်သုံးရဟတ်ယာဉ်များနှင့် C-130 Hercules တိုက်လေယာဉ်များနှင့်လည်း တွဲဖက်အသုံးပြုနိုင်စေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရပါ သည်။

Typhoon တွင် တပ်ဆင်စမ်းသပ်ခြင်းသည် တော်ဝင်လေတပ်ရှိ Lightning ကိုယ်ပျောက် ဂျက် လေယာဉ်၌လည်း တပ်ဆင်အသုံးပြုနိုင်လိမ့်မည်ဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင် ဖြစ်ပါသည်။ အကယ်၍ စမ်းသပ်မှုများအောင်မြင်မည်ဆိုပါက ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဗြိတိန်လေတပ်ဖွဲ့များအနေဖြင့် ၂၀၁၉ ခုနှစ်အကုန်တွင် BriteCloud ပုံဖျက်နည်းပညာကို ရရှိနိုင် တော့မည်ဖြစ်ကြောင်း သတင်းများအရ သိရှိရပါသည်။

mmn24

About the author

လက်ခတ်သံ