တရားမ၀င်ဘင်္ဂါလီတွေကို လမ်းပြပို့ဆောင်သူတစ်ဦးနှင့် မင်းလှမြို့တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

Posted on

မကွေးတိုင်း မင်းလှမြို့နယ်အတွင်း တရားမ၀င် ၀င်ရောက်လာ၍ ဖမ်းဆီးရမိသော ဘင်္ဂါလီ(၇)ဦးအား မြို့နယ်လဝကနှင့်ပူးပေါင်း၍ မှတ်ပုံတင်အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခကြေးငွေဖြင့်လိုက်ပါပို့ဆောင်သူ စိုးမိုးဦး(ခ)ဆန်းဦးအား ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရေနံမရဲကင်းစခန်းမှသိရှိရသည်။

ဖြစ်စဉ်မှာ ရေနံမအပိုင်နယ်မြေအတွင်း တရားမဝင် မွတ်စလင်လူမျိုးများဖြတ်သန်းဝင်ရောက်လာနိုင်ကြောင်း သတင်းအရ မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်း၊ လက်ပံတံခါးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့များသည် မြို့သစ်ကျေးရွာလမ်းပေါက်တွင် ပိတ်ဆို့ရှာဖွေနေသည်ဟု ဆိုသည်။

ဇွန်(၂၅)ရက် (၉)နာရီ(၃၀)မိနစ်အချိန်တွင် ဆင်ရင်ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအကြား လျှိုမြောင်အတွင်း မသင်္ကာဖွယ်ရာလူစိမ်းများတွေ့ရှိကြောင်း ဆင်ရင်ကျေးရွာ ရွာခွဲတာဝန်ခံဦးရွှေဘို၏သတင်းပေးချက်အရ ဆင်တောင်ချောင်းအနီးဝန်းကျင်၌ တောနင်းရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် အထောက်ထားမဲ့ဝင်ရောက်လာသည့် မာဟာဘူအာလောင်(၁၉)နှစ်အပါအ၀င် ကျား(၇)ဦး အစ္စလာမ် ကျောက်တော်မြို့နယ်နှင့် လမ်းပြလိုက်ပါပို့ဆောင်သူ စိုးမိုးဦး(ခ)ဆန်းဦး (၂၄)နှစ် ချင်း/ဗုဒ္ဓ မင်းတုန်းမြို့နယ်နေသူတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ရခိုင်ပြည်နယ်ဘက်မှ တရားမ၀င်ခိုးဝင်သူ (၇)ဦး ဖြစ်ပြီး လမ်းပြပို့ဆောင်သူ (၁)ဦး စုစုပေါင်း (၈)ဦးအား ဇွန် ၂၅ ရက်က မင်းလှမြို့နယ် ရေနံမနယ်မြေအပိုင် ကျောင်းကုန်းကျေးရွာနှင့် ဆင်ရင်ကျေးရွာအကြား လျှိုမြောင်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။