ဆိုဗီယက်ပြည်ထောင်စုလုပ် စကတ်ဒုံးကျည် (Scud missiles)

Posted on

ဆိုဗီယက်ပြည်ထောင်စုလုပ် စကတ်ဒုံးကျည် (Scud missiles) များသည် စစ်အေးကာလ (၁၉၄၇ – ၁၉၉၁) အတွင်း ဆိုဗီယက်ပြည်ထောင်စုသာမက အခြားနိုင်ငံများပါ တွင်ကျယ်စွာ အသုံးပြုခဲ့ပြီး များစွာသော စစ်ပွဲကြီးများတွင် နာမည်ကျော်ခဲ့သည့် ဒုံးကျည်များဖြစ်ပါသည်။

စကတ်ဒုံးကျည်များ၏ မူရင်းရုရှားအမည်မှာ Р-11(R-11) နှင့် Р-17 (R-17) တို့ဖြစ်သော်လည်း နေတိုးတပ်ဖွဲ့အတွင်း ဤဒုံးကျည်များအကြောင်း မှတ်တမ်းသတင်းပို့ ရေးသားရာ၌ “Scud” ဟု သုံးနှုန်းခဲ့ရာမှ မူရင်း ရုရှားအမည်ထက် ပိုမိုတွင်ကျယ်ခဲ့ပြီး အုပ်စုအနေဖြင့် Scud-A, Scud-B, Scud-C, Scud-D ဟူ၍ ခွဲခြားသတ်မှတ်လေ့ရှိပါသည်။

Scud-A အုပ်စု မစ်ဆိုင်းများ

R-11 (Р-11)

Scud ဒုံးကျည်ဟု စတင်မှတ်တမ်းတင်ညွှန်းဆိုခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုထုတ် နည်းဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်အမျိုးအစားမှာ R-11 Zemlya (Р-11) ဒုံးကျည်များဖြစ်ကြသည်။ R-11 ဒုံးကျည်များကို ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့သည့် ဂျာမန် V-2 ဒုံးကျည်များကို အခြေခံကာ ၁၉၅၁ ခုနှစ်များမှ စတင်၍ တည်ဆောက်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အင်ဂျင်နီယာမှာ ဗစ်တာ မာကဲယဗ် (Victor Makeev – Виктор Петрович Макеев) ဖြစ်ပြီး နာမည်ကျော် ရော့ကတ်ဗိသုကာပညာရှင် ဆယ်ရ်ဂေး ကာရာလျော့ဗ်၏ ဦးဆောင်မှုအောက်တွင် တည်ဆောက်ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဒုံးကျည်ပျံသန်းရာတွင် Propellant (လောင်စာ) အတွက် မည့်သည့် oxidizer အမျိုးအစား ရွေးချယ်ရာတွင်မူ မာကဲယဗ် နှင့် ကာရာလျော့အကြား သဘောထားကွဲလွဲခဲ့ကြသည်။ ကာရာလျော့ဗ်အနေဖြင့် liquid oxygen ကို ပိုနှစ်သက်ခဲ့ပြီး ဗစ်တာ မာကဲယဗ်ကမူ nitric acid ကို propellant အဖြစ်အသုံးပြုရန် အားသာခဲ့ကြသည်။ နောက်ဆုံးတွင် အင်ဂျင်နီယာ မာကဲယဗ်၏အစီအစဉ်ဖြင့် ၁၉၅၃ ဧပြီလ ၁၈ ရက်နေ့တွင် RP-1 နှင့် နိုက်ထရစ်အက်ဆစ် ကို oxidizer အဖြစ် အသုံးပြုသော အင်ဂျင်အသုံးပြု R-11 ဒုံးကျည်ကို ပထမဆုံးအကြိမ် လွှတ်တင်နိုင်ခဲ့သည်။ ဤတွင် RP-1 ဆိုသည်မှာ Rocket Propellant -1 (Refined Petroleum -1) ဖြစ်ပြီး Kerosene ကို သန့်စင်ထားသည့် လောင်စာဖြစ်ပါသည်။

၁၉၅၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အင်ဂျင်နီယာ မာကဲယဗ် သည် အင်ဂျင်နီယာချုပ်ဖြစ်လာခဲ့ပြီး R-11 ဒုံးများကိုလည်း စစ်ဖက်တွင် လက်ခံအသုံးပြုခဲ့သည်။ နေတိုးနှင့် အမေရိကန်ပြည်ထောင်စုအနေနှင့်မူ SS-1 Scud-A အဖြစ် မှတ်တမ်းတင်ထားပါသည်။ ဆိုဗီယက်ပြည်ထောင်စုအတွက် တရားဝင်မှတ်တမ်းတင် အမည်မှာ 8A61 ဖြစ်သည်။

R-11 (Scud –A)၏ အလျားမှာ ၁၀.၄၂၄ မီတာ ၊ အချင်း – ၀.၈၈ မီတာ၊ အလေးချိန် (take-off mass) မှာ ၅၃၅၀ ကီလိုဂရမ်၊ pay load မှာ ၆၉၀ ကီလိုဂရမ်ဖြစ်သည်။ တွန်းကန်အား (Thrust)မှာ ၁၀၁.၀၀ ကီလိုနယူတန် ရှိသည်။ ထိရောက်အကွာအဝေးမှာ ၂၇၀ ကီလိုမီတာဖြစ်ပြီး ပစ်မှတ်ထိရောက်မှုအမှား (Circular error probable –CEP) မှာ မီတာ ၃၀၀၀ ဝန်းကျင် ဖြစ်ပါသည်။ အမျိုးအစားမှာ Single stage liquid fuel သုံး မစ်ဆိုင်းဖြစ်ပါသည်။ ပျံသန်းမှုအမြင့်ဆုံးမှာ ၇၈ ကီလိုမီတာ ဖြစ်ပြီး။ အများဆုံးထိရောက်မှုအကွာအဝေးအတွက် ပျံသန်းကြာချိန်မှာ ၅.၅ မိနစ်ဝန်းကျင် ဖြစ်သည်။

R-11 ဒုံးများ ဆိုဗီယက်ပြည်ထောင်စုတွင် နောက်ဆုံးအသုံးပြုပစ်ခတ်ခဲ့သည် နေ့ရက်မှာ ၁၉၆၅ ခုနှစ် မေလ ၁၈ ရက်နေ့ဖြစ်သည်။

R-11M (Р-11М)

R-11М မှာမူ R-11 ကို နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်အောင် မွမ်းမံတည်ဆောက်ထားသည့် ဒုံးကျည်ဖြစ်ပြီး နေတိုးနှင့် အမေရိကန်ပြည်ထောင်စု အနေနှင့်မူ SS-1b Scud –A အဖြစ် သုံးနှုန်းလေ့ရှိသည်။ ဆိုဗီယက်ပြည်ထောင်စု သုံး တရားဝင် ကုဒ်အမှတ်မှာ 8K11 ဖြစ်ပါသည်။ ဆိုဗီယက်တပ်မတော်တွင် ၁၉၅၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ တရားဝင်လက်ခံအသုံးပြုခဲ့သည်။

R-11M ၏ ထိရောက်အကွာအဝေးမှာ ပုံမှန်အမျိုးအစားအတွက် ကီလိုမီတာ ၂၇၀ ဖြစ်ပြီး နျူကလီးယားထိပ်ဖူးတပ်အတွက်မူ ကီလိုမီတာ ၁၅၀ ဖြစ်ပါသည်။ ပစ်မှထိရောက်မှုအမှား Circular error proable (CEP) မှာ ၃၀၀၀ မီတာဝန်းကျင်အတွင်းဖြစ်သည်။ R-11M တွင် တပ်ဆင်အသုံးပြုသည့် နျူကလီးယားထိပ်ဖူးမှာ ၉၅၀ ကီလိုဂရမ်အလေးချိန်ရှိသည်။ R-11M သည် အလျား ၁၀.၃၄၄ မီတာ၊ အချင်း ၀.၈၈ မီတာ ရှိပါသည်။

Propellant အနေနှင့်မူ – fuel အဖြစ် Kerosene T-1/TS-1 ကို အသုံးပြုထားပြီး oxidizer အဖြစ် (80% Nitric Acid+20% Nitrogen Tetoxide) တို့ကို အသုံးပြုထားသည်။ Thrust မှာ ၁၃၃၀၀ ကီလိုဂရမ် ဖြစ်ကြသည်။

ဆိုဗီယက်ပြည်ထောင်စုတွင် နောက်ဆုံးအသုံးပြုခဲ့သည်နေ့စွဲမှာ ၁၉၅၉ ဒီဇင်ဘာ ၂၇ ရက်နေ့ဖြစ်ပါသည်။

R-11FM

R-11FM missiles များမှာမူ submarine များမှ ပစ်ခတ်အသုံးပြုနိုင်ရန် R-11 ကို ဆက်လက်အခြေခံပြီး တည်ဆောက်ထားသည့် ဒုံးများဖြစ်သည်။ single stage missile ဖြစ်ပြီး kerosene fuel အသုံးပြုထားပါသည်။ ထိရောက်အကွာအဝေးမှာ အများဆုံး ၁၅၀ ကီလိုမီတာ ဖြစ်ပြီး နျူကလီးယားထိပ်ဖူးတပ် ဖြစ်သည်။ အလျား ၁၀.၃ မီတာ နှင့် အဝန်း ၀.၈၈ မီတာ ရှိကာ launch mass မှာ ၅၅၀၀ ကီလိုဂရမ်ဖြစ်သည်။

R-11FM missiles များကို ဆရ်ဂေးအိ ကာရာလျော့ဗ် ၏ ကြီးကြပ်မှုအောက်တွင် တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး Missile တည်ဆောက်ချိန်နှင့် တပြိုင်တည်းမှာပင် ၄င်းကို တပ်ဆင်အသုံးပြုမည့် ရေငုပ်သင်္ဘော B-611 ကိုလည်း တည်ဆောက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ် စက်တင်ဘာ-အောက်တိုဘာလများအတွင်း ဆိုဗီယက်ပြည်ထောင်စု ကာပုစတင် ယာ (Kapustin Yar) ရော့ကတ်နှင့် ဒုံးများ လွှတ်တင်ရေး စခန်းတွင် ၃ ကြိမ်စမ်းသစ်ပစ်လွှတ်နိုင်ခဲ့ပါသည်။ ထိုစမ်းသပ်မှုများတွင် submarine အခြေအနေနှင့်တူအောင်ပြုလုပ်ထားသော တည်ငြိမ်ပစ်စင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်မူ ရေငုပ်သင်္ဘော Б-67 မှ နေ၍ R-11FM မစ်ဆိုင်းများကို အောင်မြင်စွာဖြင့် ရုရှားနိုင်ငံမြောက်ပိုင်း ဝှိုက်ဆီး (White Sea) တွင် စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ရေငုပ်သင်္ဘောပေါ်မှ စမ်းသပ်ပစ်လွှတ်ချိန်တွင် အင်ဂျင်နီယာချုပ် ကာရာလျော့ဗ် ကိုယ်တိုင် ရေငုပ်သင်္ဘောပေါ်တွင် ရောက်ရှိကြည့်ရှုနေခဲ့ပါသည်။ ၁၉၅၉ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် တပ်မတော်တွင် တရားဝင်လက်ခံအသုံးပြုခဲ့သည်။

၁၉၅၈ မှ ၁၉၆၇ အတွင်း ၇၇ ကြိမ်ပစ်ခတ်အသုံးပြုခဲ့ပြီး ၅၉ ကြိမ်မှာ အောင်မြင်ထိရောက်ခဲ့ပါသည်။

Scud –B အုပ်စု missiles များ

R-17 Elbrus

R-17 Elbrus မစ်ဆိုင်းများကို SS-1C-Scud-B ဟု အနောက်အုပ်စုများမှာ မှတ်တမ်းတင်ပြီး R-17 ဒုံးများကို ဆိုဗီယက်ပြည်ထောင်စုအတွင်းသာမက နိုင်ငံပေါင်း ၃၂ နိုင်ငံမှ လက်ခံအသုံးပြုခဲ့ကြပြီး ဆိုဗီယက်ပြည်ထောင်စု ပြင်ပ ၄ နိုင်ငံတွင် ထုတ်လုပ်မှုများ ပြုလုပ်ခဲ့ကြသည်။ အကြိမ်များစွာ ပစ်ခေတ်အသုံးပြုခဲ့သော အမျိုးအစားဖြစ်ပြီး ၁၉၆၀-၁၉၈၇ ကာလများအတွင်း အကြိမ်ရေ ၇၀၀၀ ကျော်ဟု ခန့်မှန်းထားကြသည်။

ပထမဆုံး ပုံစံကို အင်ဂျင်နီယာ ဗစ်တာ မာကဲယဗ်မှ ပုံစံဆွဲခဲ့ပြီး ၁၉၅၈-၅၉ အတွင်း တည်ဆောက်ခဲ့ကြကာ ၁၉၅၉ ခုနှစ်တွင် mass production အတွက် စတင်ခဲ့ပါသည်။ ပထမဆုံး ပတ်ခတ်မှုကို ၁၉၆၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် တပ်မတော်တွင် စတင်အသုံးပြုခဲ့သည်။

R-17 သည် ယခင် R-11 ကို အခြေခံကာ မွမ်းမံမှုများပြုလုပ်ထားခြင်းဖြစ်သည်။ အင်ဂျင်တွင် oxidizer အဖြစ် Inhibited Red Fuming Nitric Acid (HNO3) နှင့် fuel အဖြစ်မူ unsymmetrical dimethylhydrazine (UDMH) တို့ကို အသုံးပြုထားပြီး ၄င်းတို့ကို engine combustion chamber အတွင်းပို့ဆောင်နိုင်ရန် လောင်စာပန့်များ အသုံးပြုခြင်းဖြင့် လိုအပ်သော တွန်းကန်အား (Thrust)ကို ရရှိစေထားသည်။ ထိန်းချုပ်စနစ်အတွက်မူ ဂိုင်ရိုစကုပ် ၃ ခု အသုံးပြုထားပြီး ပစ်မှတ်ထိရောက်မှု အမှား(Circular Error of Probability- CEP) မှာမူ ၄၅၀ မီတာ အထိ လျော့နည်းလာပါသည်။ ယခင် R-11 နှင့် R-11M များမှာ ၃၀၀၀ မီတာ အထိရှိပါသည်။ ထိရောက်အကွာအဝေး ၃၀၀ ကီလိုမီတာ အထိရှိလာပြီး ပစ်ခေတ်ရန် ပြင်ဆင်ချိန် ၁ နာရီကြာမြင့်ကာ ပျံသန်းချိန် ၁၅ မိနစ်အထိ ရှိနိုင်သည်။

R-17 ဒုံးများကို တင်ဆောင်ပစ်ခတ်နိုင်ရန် ဒုံးတင်ယာဉ် TEL(Transporter erector Launcher) များကိုအသုံးပြုခဲ့သော်လည်း ယာဉ်၏ တုန်ခါမှုပြဿနာအချို့ကြောင့် အောင်မြင်မှု မရရှိခဲ့ပေ။ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ကြီး ခရူးရှော့ဗ်မှ ၁၉၆၂ ခုနှစ်တွင် အကြီးစားတင့်ယာဉ်များတည်ဆောင်ခြင်းကို ရပ်ဆိုင်းလိုက်ရာ R-17 ဒုံးများအတွင် ဒုံးတင်ယာဉ်တည်ဆောင်ခြင်း လုပ်ငန်းခေတ္တရပ်တန့်ခဲ့ရပါသည်။ ၁၉၆၇ နောက်ပိုင်းတွင်မူ ဘီး (၈)ဘီးတပ် MAZ-543 ဒုံးတင်ယာဉ်များကို တည်ဆောက်အသုံးပြုနိုင်ခဲ့ပြီး ၃၇၄၀၀ ကီလိုဂရမ်အထိ ဝန်တင်နိုင်ကာ တနာရီ ၅၅ ကီလိုမီတာအထိ မောင်းနှင်ရွေ့လျားသွားလာနိုင်သည်။ ထိုဒုံးတင်ယာဉ်ပေါ်တွင် ဒုံးကို ဒေါင်လိုက်အနေအထားသို့ ဟိုက်ဒရောလစ်ကရိန်းများအကူအညီဖြင့် နေရာချထားပြီး ပစ်ခတ်နိုင်ပါသည်။ စုစုပေါင်း ပြင်ဆင်ချိန်မှာ ၁ နာရီအထိ ကြာမြင့်နိုင်ပါသည်။ မစ်ဆိုင်းတစ်ခု၏ အလေးချိန်မှာ ၅၆၈၂ ကီလိုဂရမ်ရှိပြီး pay load မှာ ၉၈၉ ကီလိုဂရမ်ဖြစ်ပါသည်။ အလျား ၁၁.၂ မီတာ၊ အချင်း ၀.၈၈ မီတာ ရှိသည်။

R-17 မစ်ဆိုင်းများကို အီရန်-အီရတ် စစ်ပွဲ၊ ယွန်းကပူးရ် စစ်ပွဲ၊ ဆိုဗီယက်-အာဖဂန် စစ်ပွဲ၊ လစ်ဗျား ပြည်တွင်းစစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲ (Gulf war) များတွင် တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။

Scud – C အုပ်စု မစ်ဆိုင်းများ

Scud- C အမျိုးအစား ဒုံးများမှာ အင်ဂျင်နီယာ မာကဲယဗ် အနေဖြင့် R-17 missiles များကို ထိရောက်အကွာအဝေးပိုမိုရောက်ရှိအောင် ထပ်မံမွမ်းမံထားသည့် အမျိုးအစားများဖြစ်ပါသည်။ အနောက်အုပ်စုနေဖြင့် ၄င်း missiles များကို SS-1d Scud –C အနေဖြင့် မှတ်တမ်းထားကြပါသည်။ ပထမဆုံး ပစ်ခတ်မှုကို ကာပူစတင်ယာ (ရော့ကတ်နှင့် ဒုံးများ လွှတ်တင်ရေးစခန်း) တွင် ၁၉၆၅ ခုနှစ်၌ စတင်ပစ်လွှတ်ခဲ့ပါသည်။ ထိရောက်အကွာအဝေး ၅၀၀ – ၆၀၀ ကီလိုမီတာအထိရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

Scud-D အုပ်စု missiles များ

ဤအမျိုးအစားအုပ်စု missiles များတွင် R-17 VTO missiles များပါဝင်ပါသည်။ ၄င်းတို့သည် R-17 ၏ ထိရောက်မှုတိကျစွမ်းအား ပိုမိုတိုးမြင့်အောင် အဆင့်မြှင့်မွမ်းမံတည်ဆောက်ထားခြင်း ဖြစ်သည်။ ၁၉၆၈ ခုနှစ် တွင် စတင်ခဲ့ပြီး ပထမဆုံး စမ်းသပ်ပစ်ခတ်မှုကို ၁၉၇၉ စက်တင်ဘာလတွင် ပြုလုပ်နိုင်ခဲ့ပါသည်။ ၁၉၈၀ နှစ်များအထိ တဆင့်ဆင့် ပြုပြင်မွမ်းမံတိုးမြှင့်မှုများပြုလုပ်ခဲ့ကြပြီး ၁၉၈၉ ခုနှစ်တွင် 9K720 အဖြစ် စတင်အသုံးပြုခဲ့ကြသည်။ ထိုအချိန်တွင် ပိုမိုစွမ်းအားကောင်းမွန်သော OTR-21 Tochka (SS-21) နှင့် R-400 Oka(SS-23) များ ကို အသုံးနေကြပြီးဖြစ်သည်။

R-17 VTO များကို ss-1e Scud-D များအဖြစ် အနောက်အုပ်စုများမှ မှတ်တမ်းတင်ထားရှိပါသည်။ အလျား ၁၂.၂၉ မီတာ၊ အချင်း ၀.၈၈ မီတာ၊ အလေးချိန် ၆၅၀၀ ကီလိုဂရမ်၊ pay load – ၉၈၅ ကီလိုဂရမ်၊ ရှိကာ ထိရောက်အကွာအဝေးမှာ ၇၀၀ ကီလိုမီတာ ဖြစ်ပါသည်။ တိကျမှုအနဖြင့် CEP- ၅၀ မီတာ ထိ ရှိလာပြီ ဖြစ်သည်။

အထက်ဖော်ပြပါ R-11 မှသည် R -17 VTO အထိ Scud missiles များသည် ဆိုဗီယက်ပြည်ထောင်စုအတွင်း ထုတ်လုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆိုဗီယက် မဟာမိတ်နိုင်ငံများကိုလည်း ရောင်းချ/ပေးအပ်ခဲ့မှုများ ရှိပါသည်။ ထိုနိုင်ငံများအနေဖြင့် Scud missiles များကို အခြေခံကာ မိမိတို့နိုင်ငံအတွက် လိုအပ်သောအကျိုးသက်ရောက်မှု ရရှိအောင် မွမ်းမံပြုပြင်တည်ဆောက်ရင်း ဆက်လက်တီထွင်ခဲ့ကြသည့် missiles များလည်း ရှိသည်။

၎င်းတို့မှာ မြောက်ကိုရီးယား၏ ဟွာဆောင် ဒုံးများ (Hwasong missiles) နှင့် ရိုဒုံ( Rodong) ဒုံးများ၊ အီရတ်၏ အယ်လ်ဟူစိန် ဒုံးများ (Al Hussein missiles) များ မှာ ထင်ရှားကြသည်။

သမိုင်းတစ်လျှောက် Scud missiles အသုံးပြုမှုများ….

Scud ဒုံးများကို တိုက်ပွဲအတွက် ပထမဆုံး လက်တွေ့အသုံးချမှုမှာ ၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေး ယွန်းကပူးစစ်ပွဲ (Yom Kippur War) တွင် ဖြစ်ပါသည်။ ထိုစစ်ပွဲတွင် အာရပ်များဘက်မှ အီဂျစ်သည် scud missile ၃ ခုအား အစ္စရေးတို့ ရောက်ရှိနေသော အရိရှစ် မြို့(Arish) နှင့် ဆူးအက်တူးမြောင်း အနောက်ဘက်ကမ်းခြေဒေသတို့ကို ပစ်ခေတ်ခဲ့သည်။

အီရန်-အီရတ် စစ်ပွဲ

အီရန်-အီရတ် စစ်ပွဲအတွင်း စကတ်ဒုံးကျည်များကို တွင်ကျယ်စွာအသုံးပြုခဲ့ကြသည်။ အီရတ်အနေဖြင့် ပထမပိုင်းတွင် Frog-7 ရော့ကတ်များကို နယ်စပ်ဒေသရှိ အီရန်မြို့များဖြစ်သည့် ဒက်ဇ်ဖူးလ် (Dezful) နှင့် အာဗက်ဇ် (Ahvaz)မြို့များကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် Scud-B ဒုံးကျည်များဖြင့် ဒက်ဇ်ဖူးလ် မြို့အား ပစ်ခတ်ခဲ့ရာ ၂၁ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရှိရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်အတွင်းတွင်ပင် Scud-B missiles ၁၀၀ ကျော် အီရန်နယ်မြေအတွင်းသို့ ပစ်ခတ်ခဲ့သည်။

အီရန်အနေဖြင့် အီရတ်အား ပြန်လည်တုံ့ပြန်ပစ်ခတ်နိုင်ရန် ကြိုးစားခဲ့ရာ ၁၉၈၅ ခုနှစ်တွင် လစ်ဗျားထံမှာ Scud-B missile အနည်းငယ် လက်ခံရရှိခဲ့သည်။ ထိုလက်နက်များဖြင့် တပ်ဖွဲ့တစ်ခု ဖွဲ့စည်းပြီး ၁၉၈၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် နှင့် ကာကွတ် (Kirkuk) မြို့များကို ပြန်လည်တုံ့ပြန်ပစ်ခေတ်နိုင်ခဲ့သည်။ ဤ နေရာတွင် အီရန်တို့အနေဖြင့် အသာစီးရသွားသည်ဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် အီရန်တို့အနေဖြင့် အီရတ်၏ ဘဂ္ဂဒက်ကို တိုက်ရိုက်ပစ်ခတ်နိုင်သော်လည်း အီရတ်မှာမူ အီရန်မြို့တော် တီဟီရန် အား ရောက်ရှိအောင် မပစ်ခတ်နိုင်ပေ။

ထို့ကြောင့် အီရတ်တို့အနေဖြင့် အီရန်မြို့တော် တီဟီရန်အထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်မည့် ဆိုဗီယက်ထုတ် TR-Temp missile များကို ဆိုဗီယက်ပြည်ထောင်စုမှ တောင်းခံခဲ့သော်လည်း ဆိုဗီယက်တို့မှ ဆက်လက် မကူညီတော့ပေ။ ၄င်း TR 1- Temp များမှာ အများဆုံးအကွာအဝေး ၉၀၀ ကီလိုမီတာ အထိရောက်ရှိနိုင်ပါသည်။ Missile များ၏ အရေးပါမှုကို အီရတ်-အီရန် နှစ်နိုင်ငံလုံး ကောင်းစွာသိရှိပြီးနောက် အပြိုင်အဆိုင် စွမ်းအားကောင်း ဒုံးများရရှိရန်ကြိုးပမ်းကြတော့သည်။

အီရတ်အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုထံမှ Scud missiles များ ထပ်မံမရနိုင်တော့သဖြင့် ရှိပြီး ဒုံးများကို ကိုယ်ပိုင်နည်းပညာဖြင့် အရည်အသွေးမြှင့် ထုတ်လုပ်ရန်ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် sucd များကို မွမ်းမံတိုးမြှင့်ထားသည့် Al Hussein ဒုံးကျည်များ ပေါ်ပေါက်လာခဲ့သည်။ Al Hussein ဒုံးများသည် scud ဒုံများတွင် အသုံးပြုသည့် warhead အပိုင်းကို ၉၄၅ ကီလိုဂရမ်မှ ၅၀၀ အထိ လျှော့ချပြီး လောင်စာကို ၂၅% ထိ ပိုမိုသယ်ဆောင်စေခြင်းဖြင့် ထိရောက်အကွာအဝေးကို တိုးမြှင့်ထားခြင်း ဖြစ်သည်။

အယ်လ်ဟူစိန် ဒုံးများသည် အလျား ၁၂.၄၈ မီတာ နှင့် အချင်း ၀.၈၈ မီတာ ရှိသည်။ တိကျမှုမှာ မီတာ ၁၀၀၀ ဝန်းကျင်ဖြစ်သည်။ အလေးချိန်မှာ ၆၄၀၀ ကီလိုဂရမ်ရှိပြီး အများဆုံးထိရောက်အကွာအဝေး ရောက်ရှိပျံသန်းနိုင်ရန် ၇ မိနစ်ခန့်ကြာမြင့်သည်။ ထိရောက်အများဆုံးအကွာအဝေးမှာ ၆၅၀ ကီလိုမီတာ ထိဖြစ်လာပြီး တစ်စင်းပစ်ခတ်ရန် ၁ နာရီမျှ ကြာမြင့်သည်။

လောင်စာတွင် Kerosene fuel နှင့် Nitric acid Oxidizer တို့ကို အသုံးပြုထားသည်။ အီရတ်တို့သည် ၄င်းတို့၏ ဒုံအသစ် အယ်လ်ဟူစိန်အား တင်ဆောင်မည့် ဒုံးတင်ယာဉ်အတွက်မူ ယခင် ဆိုဗီယက်သုံး MAZ-543 ဒုံးတင်ယာဉ်များကို မွမ်းမံပြီးအသုံးပြုလိုက်ကြသည်။

၎င်း အယ်လ်ဟူစိန် ဒုံးများကို အီရန်-အီရတ် စစ်ပွဲ ၁၉၈၇-၈၈ နှစ်များအတွင်း ၂၀၀ နီးပါးအထိ အသုံးပြုခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော်ကို သေကျေစေခဲ့ကာ ၆၀၀၀ ကျော် ဒဏ်ရာရရှိစေခဲ့သည်။ အီရတ်တို့၏ အဓိက ပစ်မှတ်များမှာ အီရန်၏ တီဟီရန်၊ ကုမ် (Qom)၊ အိ့စ်ဖာဟန် (Isfahan) မြို့များဖြစ်ကြသည်။ တိကျမှုနည်းပါး၍ ပစ်မှတ်များကို တိုက်ရိုက်ထိခိုက်မှု နည်းပါးခဲ့သော်လည်း အီရန်တို့အား ခြောက်လှန့်နိုင်ခဲ့ကာ တီဟီရန်မြို့တော်လူဦးရေ ၁၀ သန်း၏ ၄ပုံတပုံကို မြို့မှ ထွက်ပြေးတိမ်းရှောင်သည်အထိ ဖြစ်စေခဲ့သည်။

အီရန်တို့အနေနှင့်လည်း အီရတ်အားပြန်လည်တုံ့ပြန်နိုင်ရန် missiles များရရှိအောင် ကြိုးပမ်းခဲ့ရာ မြောက်ကိုရီးယား၏ ဟွာဆောင် (Hwasong -5 ) ဒုံးများ လက်ခံရရှိခဲ့ပြီး ၄င်းတို့ကို ရှာဟဗ် (Shahab missiles) များအဖြစ် မွမ်းမံအသွင်ပြောင်း ထုတ်လုပ်နိုင်ခဲ့သည်။ မြောက်ကိုရီးယား၏ ဟွာဆောင်ဒုံးများမှာလည်း ၁၉၇၉ ခုနှစ်တွင် အီဂျစ်ထံမှ ရရှိသည့် ဆိုဗီယက်ထုတ် R-17 missiles များကို အခြေခံတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဟွာဆောင်များကို အခြေခံထားသည့် ရှာဟဗ် ဒုံးများ၏ ထိရောက်အကွာအဝေးမှာ ၃၅၀ မှ ၁၀၀၀ ကီလိုမီတာ အထိရှိပြီး အီရန်အီရတ်စစ်ပွဲကာလမှသည် ယနေ့အတိုင် ထုတ်လုပ်သုံးစွဲလျက်ရှိပါသည်။ အီရန်အနေဖြင့်လည်း ၄င်းတို့၏ ဟွာဆောင် ဒုံးများဖြင့် အီရတ်တို့အား (၇၇) စင်းထိ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။ အဓိက ပစ်မှတ်မှာ ဘဂ္ဂဒက် ဖြစ်ခဲ့သည်။

အာဖဂနစ္စတန် ပြည်တွင်းစစ်

Scud missiles များကို အာဖဂနစ္စတန်ပြည်တွင်းစစ်တွင်လည်း တွင်ကျယ်စွာအသုံးပြုခဲ့ကြပါသည်။ ဆိုဗီယက်-အာဖဂနစ္စတန်စစ်ပွဲအပြီး ၁၉၈၉ ခုနှစ်တွင် ဆိုဗီယက်တပ်များ အာဖဂနစ္စတန်မှ ဆုတ်ခွာသွားသောအခါ စစ်လျော်ကြေးသဘောအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုသည် အာဖဂနစ္စတန်ဒီမိုကရစ်တစ်သမ္မတနိုင်ငံအစိုးရ (DRA) အား လက်နက်အချို့ပေးအပ်ရန် သဘောတူခဲ့ပြီး ၄င်းတို့တွင် Scud ဒုံးအများအပြားလည်း ပါဝင်ခဲ့သည်။ ပထမအကြိမ်အဖြစ် ၁၉၈၉ နှစ်ဦးပိုင်းတွင်ပင် SUCD ဒုံး ၅၀၀ အထိ ပေးအပ်ခဲ့သည်။

ထို့နောက် အာဖဂနစ္စတန်ပြည်တွင်းစစ်အတွင်း DRA တပ်ဖွဲ့များသည် ဆိုဗီယက်အကြံပေးများအကူအညီဖြင့် ဂျာလာလာဘတ် ရှိ မူဂျာဟီဒင် (Mujahideen) များအား missiles အရေအတွက် ၄၃၈ စင်းအထိ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် မူဂျာဟီဒင်တို့၏ အခိုင်အမာနေရာများဖြစ်သည့် ဆာလန် တောင်ကြားဒေသ (Salang Pass) နှင့် ကန်ဒါဟာမြို့တော် (Kandahar) တို့သို့လည်း Scud ဒုံးများဖြင့် များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာမှ ၁၉၉၂ ဖေဖေါ်ဝါရီလအတွင်း Scud ဒုံးရေ ၁၇၀၀ မှ ၂၀၀၀ အထိ ပစ်ခတ်ခဲ့သည်။ ၁၉၉၂ ဇန်နဝါရီလနောက်ပိုင်းတွင် ဆိုဗီယက် အကြံပေးများပြန်သွားပြီးနောက် အာဖဂန် တပ်မတော်အတွက် ဒုံးများပစ်ခတ်နိုင်မှု စွမ်းရည် လျော့နည်းသွားခဲ့သည်။ ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့တွင် မူဂျာဟီဒင် တပ်ဖွဲ့များသည် Scud ဒုံးများအဓိကပစ်လွှတ်နေသည့် အက်ဖ်ရှုအာ (Afshur)မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ကွန်မျူနစ် DRA အစိုးရ ပြိုကျသွားပြီးနောက် Scud ဒုံးများနှင့် ၄င်းတို့၏ ဒုံးတင်ယာဉ်များမှာ ပြည်တွင်းစစ်အတွင်း တပ်ဖွဲ့မျိုးစုံထံသို့ ရောက်ရှိသွားကြသည်။ သို့သော် ပစ်ခတ်မှုအတွက် နားလည်တတ်ကျွမ်းသူများ မရှိခဲ့မူကြောင့် ၁၉၉၂-၉၆ ကာလများအတွင်း ၄၄ စင်းအထိသာ ပစ်ခတ်နိုင်ခဲ့ကြသည်။
၁၉၉၆ ခုနှစ်တွင် အာဖဂန်နိုင်ငံ၌ တာလီဘန် အစိုးရတက်လာပြီးနောက် Scud ဒုံးအချို့ လက်ခံရရှိခဲ့သော်လည်း ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် ၂၀၀၁ ခုနှစ်အထိ ၅ စင်းသာ ပစ်ခတ်အသုံးပြုနိုင်ခဲ့သည်။

၂၀၀၁ ခုနှစ် ၉/၁၁ အရေးအခင်းကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် အာဖဂနစ္စတန်အား ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် နောက်ဆုံးကျန်ရှိနေသေးသော Scud ဒုံး ၄ စင်းအား ဖျက်ဆီးပစ်လိုက်သည်။

ပါးရှန်း ပင်လယ်ကွေ့စစ်ပွဲ (Persian Gulf War)

၁၉၉၀-၉၁ ကာလ အဓိကအားဖြင့် အီရတ်နှင့် ကူဝိတ်၊အမေရိကန်ပြည်ထောင်စုတို့အကြား ဖြစ်ပွားခဲ့သည့် ပါးရှန်း ပင်လယ်ကွေ့စစ်ပွဲအတွင်းတွင်လည်း အီရတ်တို့ဘက်မှ Scud ဒုံးများကို ထပ်မံအသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။
အီရတ်တို့အနေဖြင့် အီရန်-အီရတ်စစ်ပွဲကာလအတွင်း ဆိုဗီယက်ထုတ် Scud ဒုံးများ (R-17)ကို ထိရောက်အကွာအဝေးပိုရောက်အောင် မွမ်းမံပြုပြင်ထားသည့် အယ်လ်ဟူစိန် (Al-Hussein) ဒုံးများကို အသုံးပြု ပစ်ခတ်ခဲ့သည်။

၁၉၉၁ ဇန်နဝါရီ၊ဖေဖေါ်ဝါရီလအတွင်း ဒုံးစင်းရေ (၈၈) စင်း ပစ်ခတ်ခဲ့ရာ ဆော်ဒီအာရေဗျ နိုင်ငံအတွင်း (၄၆) စင်းနှင့် အစ္စရေးလ်း နိုင်ငံအတွင်း (၄၂) စင်း ဖြစ်သည်။ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ပစ်ခတ်ခဲ့သော ဒုံးများအနက် တစင်းသည် ဒဟာရန် (Dhahran) မြို့ရှိ အမေရိကန်စစ်စခန်းတစ်ခုအတွင်း စစ်တန်းလျားအချို့ကို ထိမှန်ခဲ့ရာ အမေရိကန် စစ်သား ၂၈ ဦး သေဆုံးပြီး ၁၁၀ အပြင်းအထန် ဒဏ်ရာရရှိသွားစေခဲ့သည်။ ဤ ဒဟာရန် ထိခိုက်မှုတွင် အမေရိကန် လုံခြုံရေးစနစ်အားနည်းခဲ့ရခြင်းမှာ အသုံးပြုရေဒါ၏ software အား နာရီပေါင်း ၁၀၀ အထက် reset မလုပ်ဘဲ သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။

ဆော်ဒီအာရေဗျနိုင်ငံအတွင်း ပစ်လွှတ်ခဲ့သော ဒုံး ၄၆ စင်းအနက် ၁၀ စင်းသည်သာ ကြိးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်စေခဲ့ပါသည်။ အမေရိကန် စစ်တန်းလျားအပေါ် ၂ စင်း၊ ဆော်ဒီအာရေဗျ အစိုးရအဆောက်အဦး တစ်ခုပေါ်သို့ ၁ စင်း၊ အရပ်ဖက်နေရာများသို့ ၇ စင်းဖြစ်ပါသည်။

အစ္စရေး နိုင်ငံအတွင်း ပစ်လွှတ်ခဲ့သော ဒုံး (၄၂) စင်းတွင်မူ ၃၈ စင်းသည် အစ္စရေးနယ်စပ်တွင်သာ ကျရောက်ခဲ့ပြီး ကျန် ၄ စင်းသည် west bank ဧရိယာအတွင်း ကျရောက်ခဲ့ကာ အိမ်ခြေ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံအတွင်း အမေရိကန် စစ်တန်းလျားများ ပစ်ခတ်ခံရပြီးနောက် အမေရိကန်တို့အနေဖြင့် အီရတ်တို့၏ ဒုံးလွှတ်တင်သည့် နေရာများအား လေကြောင်း ကင်းထောက်စနစ်ဖြင့် အပူတပြင်းလိုက်လံရှာဖွေခဲ့ကြသည်။ အထူးသဖြင့် အီရတ်မှ အစ္စရေးသို့ ပစ်ခတ်ရာတွင် အခြေစိုက်ဖြစ်နိုင်သည့် ဂျော်ဒန်နယ်စပ်ဒေသများ၊ ဆော်ဒီအာရေဗျသို့ ပစ်ခတ်ရန် အခြေစိုက်နိုင်သည့် အီရတ်တောင်ပိုင်းဒေသများတွင် လေကြောင်းတိုက်လေယာဉ်များဖြင့် ရှာဖွေခဲ့ကြသည်။ အီရတ်တို့အနေဖြင့်လည်း ၄င်းတို့၏ ဒုံးပစ်စင်ယာဉ်များကို တံတားများအောက်တွင်လည်းကောင်း၊ ရွက်ဖျင်များဖြငင့်လည်းကောင်း အခြား ဖုံးကွယ်မှုများအသုံးပြုကာ ဖွက်ထားခဲ့ကြသည်။ ယခင်က ဒုံးတစ်စင်းပစ်ခေတ်ရန် ကြာမြင့်သည့် မိနစ် ၉၀ ခန့်အစား မိနစ်(၃၀) အထိ လျှော့ချကာ ပစ်ခေတ်ပြီးသည်နှင့် ချက်ချင်း ဖုန်းကွယ်နိုင်အောင် ကြံဆောင်ခဲ့သည်။

ပင်လယ်ကွေ့စစ်ပွဲပြီးဆုံးပြီးနောက် ၁၉၉၁ မတ်လ တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အထူးကော်မစ်ရှင်တစ်ရပ်ကို ဖွဲ့စည်းကာ အီရတ်၏ ဒုံးစနစ်များကို ကန့်သတ်ရန် ဆောင်ရွက်ခဲ့သည်။ထိုဆောင်ရွက်ချက်အရ အီရတ်အနေဖြင့် ဓါတု၊ ဇီဝ၊ နျူကလီးယား လက်နက်များအသုံးပြုမှုကို ပိတ်ပင်ခံရသည်။ ထို့အဖြင့် missile အသုံးပြုမှုအတွက် ကီလိုမီတာ ၁၅၀ ထက်ပိုမိုရောက်ရှိနိုင်သော ဒုံးများ အသုံးပြုခွင့်မရတော့ချေ။ စစ်ပြီးနောက်ပိုင်းတွင် အီရတ်အစိုးရအနေဖြင့် နိုင်ငံအတွင်း Al-Hussein ဒုံးများ ၆၁ စင်းသာ ရှိတော့သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ကုလသမဂ္ဂအထူးကော်မစ်ရှင်၏ ကြီးကြပ်မှုအောက်တွင် ဖျက်ဆီးပြခဲ့သော်လည်း အနောက်နိုင်ငံများအနေနှင့်မူ အီရတ်တို့တွင် ထိန်ချန်ထားသော ဒုံးအရေအတွက် ၂၀၀ ခန့်အထိ ရှိနိုင်သေးသည်ဟု ယုံကြည်ကြသည်။

စစ်ပြေငြိမ်းပြီးနောက်ပိုင်းတွင် တာတိုပစ်ဒုံး (SRM)အမျိုးအစား Ababil-100 နှင့် Al-Samoud တို့ကို စမ်းသပ်ထုတ်လုပ်နိုင်ရန်ကြိုးပမ်းနေခဲ့ကြသည်။ ၂၀၀၃ ခုနှစ်အတွင်း အမေရိကန်တပ်များ အီရတ်ကိုသိမ်းပိုက်သောအခါ ထို ဒုံးထုတ်လုပ်မှုများကို စမ်းသပ်ဆဲအခြေအနေတွင် တွေ့ရှိရသည်ဟု ဆိုသည်။ Ababil-100 ဒုံးများမှာ အခဲလောင်စာသုံးဖြစ်ပြီး အီရတ်-အမေရိကန်စစ်အတွင်း အသုံးပြုခဲ့ကြသည်။

Al-Samoud ဒုံးများမှာမူ liquid propellant ဖြစ်ပြီး ထိရောက်အကွာအဝေးမှာ ကီလိုမီတာ ၁၈၀ ထိရှိပြီး ကုလသမဂ္ဂ၏ ကန့်သတ်ချက်ထက်ပိုမိုနေသည်။ အလေးချိန် ၂၄၀ ကီလိုဂရမ်ရှိ ပေါက်ကွဲအားမြင့် ယမ်းများပါဝင်သော ထိပ်ဖူး (Warhead) ကို သယ်ဆောင်နိုင်သည်။ ပါဝင်ပေါက်ကွဲယမ်းအလေးချိန်မှာ ၁၄၀ ကီလိုဂရမ်ဖြစ်ပြီး အချိုးအစားမှာ RDX – ၆၀%၊ TNT – ၃၀%၊ Aluminium – ၁၀% တို့ပါဝင်သည်။ RDX မှာ Research Department Formula X ဖြစ်ပြီး TNT ထက် ပေါက်ကွဲအားပိုမိုပြင်းသော ယမ်းအဖြစ်အသုံးပြုသည့် ဇီဝဓါတ်ပေါင်းတစ်ခုဖြစ်သည်။ TNT မှာ Trinitrotoluene ဖြစ်ပြီးး ပေါက်ကွဲအားပြင်းထန်သည့် ဓါတုဓါတ်ပေါင်းတစ်ခုဖြစ်သည်။

ယီမင် ပြည်တွင်းစစ်နှင့် – ယီမင် -ဆော်ဒီအာရေဗျ စစ်ပွဲ

၁၉၉၄ ခုနှစ် ယီမင်ပြည်တွင်းစစ်ပွဲအတွင်း တောင်ယီမင်ခွဲထွက်သမားများအနေဖြင့် Scud-B အုပ်စု ဒုံးများဖြင့် ယီမင်မြို့တော် ဆန်နာအာ(Sana’a) အားပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ယီမင်နိုင်ငံတွင်း အင်အားကောင်းသည့်အဖွဲ့တစ်ခုဖြစ်သည့် ဟွာသီ (Houthi) တပ်ဖွဲ့များသည် ဆိုဗီယက်ထုတ် Scud-D ဒုံးများကို အခြေခံတည်ဆောက်ထားသည့် Vulcan-1 ဒုံး (၄) စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်..။ ၂ စင်းမှာ ဘဗ်-အယ်လ်-မန်ဒဗ် (Bab-el-Mandeb) ရေလက်ကြားအတွင်း ရှိ အမေရိကန် ဖျက်စစ်သဘောင်္ destroyer USS Mason ကို ရည်ရွယ်ပစ်ခတ်ခဲ့သော်လည်း ၂ စင်းလုံး ပစ်မှတ်ကို လွဲချော်ခဲ့ရသည်။ တတိယ တစ်စင်းမှာ ယီမင်မှ ကီလိုမီတာ ၅၂၀ အကွာရှိ ဆော်ဒီအာရေဗျနိုင်ငံ၊ တာအစ်ဖ် (Ta’if)မြို့အခြေစိုက် ဖာဟဒ်ဘုရင် လေတပ်စခန်း (King Fahad Air Base)ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ဆော်ဒီနိုင်ငံဘက်မှမူ မည်သည့်ပျက်စီးထိခိုက်မှုများ မဖြစ်ခဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။ နောက်ဆုံး တစ်စင်းမှာ ယီမင်နိုင်ငံအတွင်း ယီမင်နီ အုပ်စုများ (Yemeni) ထိန်းချုပ်ထားသည့် မာရစ်ဘ် (Marib) မြို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုတစ်စင်းကိုလည်း ဆော်ဒီတပ်ဖွဲ့များမှ ကြားဖြတ်ဟန့်တားဖျက်ချနိုင်ခဲ့သည်။

ဟွာသီတပ်ဖွဲ့များသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရေလက်ကြားရှိ USS Mason စစ်သဘောင်္သို့ ဒုံး ၂ စင်းပစ်ခတ်ခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ပြန်ချေ။ ဆော်ဒီနိုင်ငံ ခါမစ် မူရှာရတ်မြို့အခြေစိုက် ခါလစ်ဘုရင်လေတပ်စခန်း (King Khalid Air Base) ကို ပစ်ခတ်ခဲ့သည့် တစ်စင်းမှာလည်း ဆော်ဒီတပ်ဖွဲ့များ၏ ထပ်မံ ကြားဖြတ် ဖျက်ဆီးခြင်းကို ခံရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဟွာသီတို့သည် ဆော်ဒီနိုင်ငံအတွင်း ဒုံးတစ်စင်း ပစ်လွှတ်ခဲ့ပြီး နောင်း တစ်စင်းသည် မက္ကာမြို့တော်မှ ၆၅ ကီလိုမီတာ အကွာတွင် ထိခိုက်ပေါက်ကွဲသွားသည်။ ဟွာသီတို့အနေဖြင့် မက္ကာမြို့မှ ကီလိုမီတာ ၃၀ အကွာရှိ အဗ္ဗဒူလာမင်းသားလေတပ်စခန်း (Prince Abdullah air base) အား ရည်ရွယ်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ချေချင် စစ်ပွဲများ (Chechen Wars)

၁၉၉၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သောာ ပထမချေချင် စစ်ပွဲနှင့် ၁၉၉၉/၂၀၀၀ အတွင်းဖြစ်ပွားခဲ့သော ဒုတိယ ချေချင်စစ်ပွဲများအတွင်း ရုရှားတပ်ဖွဲ့များအနေဖြင့် Scud ဒုံး အချို့အသုံးပြုခဲ့သည်ဟု ဆိုပါသည်။ သို့သော် အသုံးပြုခဲ့သော ဒုံးများအနက် အများဆုံးမှာ တာတိုပစ် (SRBM) အမျိုးအစား OTR-21 Tochka (SS-21 Scarab-B) ဒုံးများဖြစ်သည်။ ၄င်း Scarab B ဒုံးများမှာ ဆိုဗီယက်တပ်မတော်တွင် ၁၉၈၉ ခုနှစ်စတင်အသုံးပြုခဲ့ပြီး အများဆုံးထိရောက်အကွာအဝေးမှာ ၁၂၀ ကီလိုမီတာဖြစ်သည်။ တိကျမှုအနေဖြင့် CEP ၉၅ မီတာရှိသည်။

လစ်ဗျားပြည်တွင်းစစ် (Libyan Civil War)

လစ်ဗျားပြည်တွင်းစစ်တွင်လည်း ကဒါဖီ၏တပ်ဖွဲ့များသည် ကဒါဖီဆန့်ကျင်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ရာတွင် Scud-B ဒုံးများအသုံးပြုခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပါသည်။ ပထမဆုံး အတည်ပြုနိုင်သည့်အချိန်မှာ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ကဒါဖီဆန့်ကျင်ရေးသမားများအနေဖြင့် ကဒါဖီထိန်းချုပ်ထားသည့် ထရီပိုလီမြို့အား ဝန်းရံနိုင်သောအခါ ကဒါဖီ၏ လစ်ဗျား တပ်မတော်သည် Scud ဒုံးတစ်စင်းဖြင့် ပြန်လည်တုံပြန်တိုက်ခိုက်ခဲ့ချိန်ဖြစ်သည်။ ၄င်း ဒုံးသည် ပစ်လွှတ်ရာ ကဒါဖီဇာတိ Sirte မြို့မှာ ကီလိုမီတာ ၁၀၀ ကျော်ရှိ Ajdabiya အနီး သဲကန္တရာအတွင်း ကျရောက်ခဲ့ပြီး ပျက်ဆီးထိခိုက်မှု တစ်စုံတရာမရှိခဲ့ချေ။

ဆီးရီးယား ပြည်တွင်းစစ် (Syrian Civil War)

ဖြစ်ပွားလျက်ရှိသော ဆီးရီးယားပြည်တွင်းစစ်အတွင်းတွင်လည်း ဆီးရီးယားတပ်မတော်အနေဖြင့် တာတိုပစ်ဒုံး (SRBM) များအသုံးပြုခဲ့သည်ကိုတွေ့ရှိရပြီး နေတိုးထောက်လှမ်းရေးသတင်းအချို့အရ ၄င်း ဒုံများတွင် Scud အမျိုးအစားဒုံးများပါဝင်သည်ဟု ဖော်ပြထားသည်။ ဒုံးများကို ဒမက်စကတ်မြို့တော်မှာ သူပုန်များထိန်းချုပ်ထားသည့် နိုင်ငံတောင်ပိုင်းဒေသများသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်းအချက်အလက်အချို့အရ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အလက်ပိုမြို့ အရှေ့ပိုင်းဒေသခရိုင် (၃) ခုနှင့်၊ တဲလ် ရီဖတ် (Tel Rifat ) မြို့များသို့ ဆီးရီးယားတပ်မတော်အနေဖြင့် ပဲ့ထိန်းဒုံးများစွာပစ်လွှတ်ခဲ့သည်ဟု ဖော်ပြခဲ့ကြပြီး လူဦးရေ ၁၄၁ ထက်မနည်း ထိခိုက်သေဆုံးမှုများရျိခဲ့သည်ဟု ဆိုသည်။ ဆီရီးယား ပြန်ကြားရေးဝန်ကြီးကမူ ဆီးရီးယားတပ်မတော်အနေဖြင့် ပဲ့ထိန်းဒုံးများအသုံးပြုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထုတ်ပြန်ခဲ့သည်။

Scud ဒုံးများ လက်ရှိအသုံးပြုလျက်ရှိသောနိုင်ငံများ….

(၁) အယ်ဂျီးရီးယား (Algerai) – Scud-B, Scud –D အမျိုးအစားများ
(၂) အာမေးနီးယား – Scud-C (ဒုံးပစ်ယာဉ် ၈ ခု၊ ဒုံး ၃၂ စင်း)
(၃) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ – Scud-B
(၄) အီဂျစ် (Scud-B, Hwasong-6)
(၅) အီရန် (Scud-B, Hwasong-5, Shahab-1, Shahab-2, Shahab-3, Rodong-1)

(၆) ကာဇတ်စတန် (Scud-B)
(၇) မြောက်ကိုရီးယား (Scud-B, Scud-C, Hwasong-5, Hwasong-6,Hwasong-7, Rodong-1)
(၈) လစ်ဗျား (Scud-B)
(၉) အိုမန် (Scud-B)
(၁၀) ဆီးရီးယား (Scud-B, Scud-C, Scud-D, Hwasong-6, Hwasong-7)

(၁၁) ဗီယက်နမ် (Scud-B, Scud-D, Scud-C)
(၁၂) ယီမင် (Scud-B, Scud-C)

၁၉၅၀ ခုနှစ်များမှ စတင်ထုတ်လုပ်ခဲ့ပြီး စစ်အေးကာလတစ်လျှောက်တွင် မူရင်း ဆိုဗီယက်ပြည်ထောင်စုတွင်သာမက ထင်ရှားခဲ့သော အီရန်-အီရတ် စစ်ပွဲ၊ အာဖဂန်ပြည်တွင်စစ်ပွဲများမှသည် ယနေ့မျက်မှောက်ခေတ် ယီမင်-ဆော်ဒီစစ်ပွဲများတိုင် အဆင့်ဆင့်မွမ်းမံအသုံးပြုလျက်ရှိသော Scud ဒုံးများ၏ ကဏ္ဍမှာ စိတ်ဝင်စားလေ့လာဖွယ်ကောင်းလှပါသည်။ Scud ဒုံးများသည် ခေတ်ဦးကာလ စစ်မြေပြင်သုံး SRBM ballistic missile ဒုံးများဖြစ်ခဲ့ပြီး ယနေ့အချိန်တွင်မူ တိုက်ချင်းပစ်ဒုံးပျံ (ICBM- Intercontinental Ballistic missiles)များကို ပိုင်ဆိုင်ထုတ်လုပ်နိုင်ရန် နိုင်ငံအသီးသီးမှ ကြိုးပမ်းနေကြချိန်ဖြစ်ပါသည်။ ရေငုပ်သင်္ဘောပိုင်ဆိုင်သည့်နိုင်ငံများအနေဖြင့်လည်း SLBM ဒုံးများ ပိုင်ဆိုင်နိုင်အောင် ကြိုးစားလျက်ရှိပါသည်။ ဥပမာ မြောက်ကိုရီးယား၏ Pukkuksong-1 အမည်ရှိ KN-11 submarine ဒုံးများဖြစ်ပါသည်။

Nyi_Aung_Lin (Contributor)
Myanmar_Military_Observers