ရေဘေးသင့် သူဦးရေ တစ်သောင်းကျော် အထိ ရှိလာပြီဖြစ်သော မြစ်ကြီးနားရေကြီးမှု

Posted on

ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့်သူဦးရေမှာ ဇူလိုင်လ ၁၄ ရက်နေ့အထိ စာရင်းအရ တစ်သောင်းသုံးရာကျော်အထိသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက အတည်ပြုပြောကြားသည်။

လက်ရှိမြစ်ကြီးနားမြို့ပေါ်တွင် ရေဘေးရှောင်ကယ်ဆယ်စခန်း ၂၄ ခုကို ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၁၁၃၀၃ ဦးကို ပြောင်းရွှေ့နေရာချထားပေးကာ စားနပ်ရိက္ခာများထောက်ပံ့ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“မြစ်ရေကတော့ပြန်ကျနေပြီ။ အိမ်တွေကတော့ ရေမြုပ်နေတုန်းပဲ။ ကယ်ဆယ်ထောက်ပံ့မှုတွေ ဆက်လုပ်နေပါတယ်”ဟု ဦးနေဝင်းက ဆိုသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးကျေးရွာအပါအဝင် ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေသည့် အိမ်ခြေအများအပြားကျန်ရှိနေသေးပြီး အရေးပေါ်အကူအညီနှင့် အထောက်အပံ့များ လိုအပ်လျက်ရှိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ နေ့မှစတင်၍ ဧရာဝတီမြစ်ရေမှာမြင့်တက်လာပြီး စိုးရိမ်ရေမှတ်အထက် ၁၂၂၉ စင်တီမီတာသို့ ကျော်လွန်ရောက်ခဲ့သဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အပါအဝင် ဆင်ဘို၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ရွှေကူစသည့်မြို့များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လမ်း၊ တံတားများပျက်စီးခြင်းနှင့် နေအိမ်များရေစီးထဲမျောပါခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး ယနေ့ (ဇူလိုင် ၁၄ ရက်) တိုင်းထွာချက်များအရ ၁၀၆၅ စင်တီမီတာသို့ ရောက်ရှိလျက်ရှိသည်။