အသံထက်မြန်တဲ့ ပန်းကန်ပြားပျံကို တွေ့လိုက်ကြောင်း အမေရိကန်ရေတပ် လေယာဉ်မှူးတွေ အတည်ပြုပြောကြား

Posted on

အမေရိကန် အရှေ့ကမ်းရိုးတန်းမှာ အမျိုးအမည် မသိယာဉ်ပျံ (UFOs ပန်းကန်ပြားပျံ) ကို အသံထက်မြန်တဲ့ အလျင်နှုန်းနဲ့ ပျံသန်းပြီး မဖြစ်နိုင်တဲ့ ဝေဟင် အလယ်မှာ ဝှေ့ကာဝိုက်ကာ အထက်အောက်တစ်ခွင် စုန်ဆန်ချီ ပျံသန်းမှုကို လုပ်ဆောင်သွားတာကို မြင်လိုက်ရကြောင်း အမေရိကန် ရေတပ်လေယာဉ်မှူးတွေက အထက်အရာရှိတွေဆီ အစီရင်ခံထားတယ်လို့ The New York Times သတင်းဌာနက ဖော်ပြပါတယ်။

လေယာဉ်မှူးအချို့ကလည်း ၂၀၁၄ နဲ့ ၂၀၁၅ မှာ ပန်းကန်ပြားပျံတွေကို တွေ့မြင်ခဲ့ပြီး ဒီအကြောင်းကို အထက်အရာရှိတွေဆီ အစီရင်ခံခဲ့တယ်လို့လည်း ပြောဆိုကြပါတယ်။
UFOs ပန်းကန်ပြားပျံဆိုတာ မရှင်းပြနိုင်တဲ့ လေထဲက အရာဝတ္ထုတွေအတွက် နည်းပညာအမျိုးအစားအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လေယာဉ်မှူးတွေကတော့ သူတို့ မြင်တွေ့ခဲ့ကြတဲ့ အရာဟာ ပြင်ပကမ္ဘာက အရာဝတ္ထုပဲလားဆိုတာကိုတော့ အတည်ပြု ပြောဆိုခြင်း မရှိပါ။

The New York Times ဖော်ပြချက်အရတော့ “ရေတပ်လေယာဉ်မှူးတွေဟာ သူ့တို့ တွေ့ရှိတဲ့ ယာဉ်ပျံကို အထက်အရာရှိတွေဆီ အစီရင်ခံခဲ့ကြောင်း၊ ယင်းယာဉ်ပျံတွေမှာ မြင်နိုင်တဲ့ အင်ဂျင် ပါရှိမနေသလို အိတ်ဇောပန့်တွေလိုမျိုးကိုလည်း မတွေ့ရကြောင်း၊ ဒါပေမယ့် ဒီယာဉ်ပျံတွေဟာ ပေ သုံးသောင်းအမြင့်ထိ ပျံတက်ပြီး အသံထက်မြန်တဲ့ အလျင်နှုန်းလည်း ရှိကြောင်းကို အစီရင်ခံစာ တင်ခဲ့ကြကြောင်း” ဖော်ပြထားပါတယ်။

နည်းပညာဖွင့်ဆိုချက်အရ အသံထက်မြန်အလျင်နှုန်း hypersonic speed ဆိုတာ အသံထက် ငါးဆမြန်တဲ့ တစ်နာရီကို မိုင် ၃၈၀၀ နီးပါးကျော်အထိ ရောက်ရှိတဲ့ အလျင်နှုန်းကို ဆိုလိုတာပါ။ ဒီ ပန်းကန်ပြားပျံတွေဟာ အရှိန်ကို ချက်ချင်း မြှင့်လိုက်နိုင်သလို ရုတ်ခြည်းရပ်တန့်နိုင်ကာ တုံ့ဆိုင်းခြင်း လုံးဝမရှိဘဲ ဆတ်ခနဲ တမုဟုတ်ချင်း ချိုးကွေ့နိုင်ပြီး လက်ရှိ ကမ္ဘာက လေကြောင်းနည်းပညာ စွမ်းဆောင်နိုင်ရည်ထက် များစွာသာလွန်တဲ့ အဆင့်မှာ ရှိနေကြောင်း လေယာဉ်မှူးတွေက အတည်ပြုပြောကြပါတယ်။

“ဒီ ယာဉ်ပျံတွေဟာ အဲဒီမှာ တစ်နေ့လုံး ရှိနေနိုင်တယ်။”လို့ F/A-18 Super Hornet Navy လေယာဉ်မှူး ရိုင်ယန်ဂရေ့က ပြောပါတယ်။ သူဟာဆိုရင် ၎င်းမြင်ခဲ့တဲ့ အရာဝတ္ထုဆန်းအကြောင်း ပင်တဂွန်နဲ့ လွှတ်တော်ထံ အစီရင်ခံခဲ့သူလည်း ဖြစ်ပါတယ်။

“လေထဲမှာ လေယာဉ်တစ်စင်းကို ရပ်တန့်တာဟာ စွမ်းအင် တော်တော်များများ လိုအပ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
ဒီ ယာဉ်ပျံတွေဟာ ပြင်ပကမ္ဘာက လာသလားဆိုတာကို Times ကာကွယ်ရေးဝန်ကြီးဌာနဆီ ဆက်သွယ်မေးပေမယ့် ဖြေကြားခြင်း မရှိပါ။ ဒါပေမယ့် ပင်တဂွန်အနေနဲ့ ဒီယာဉ်ပျံတွေ တွေ့ရှိတယ်ဆိုတာကို စိတ်ဝင်စားမှု ရှိပုံရပါတယ်။

Rf; Insider
Writer_မောင်သံဆင့် ( Daily Hot News )