AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက် ဆက်နွယ်နေသူများအား ဖမ်းဆီးရမိ

Posted on

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကန်စောက်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာနေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ပုဏ္ဏားကျွန်းဘက်မှ ကျောက်တော်ဘက်သို့ စေတီနန်းကျေးရွာနေ ယာဉ်မောင်း ကျော်မြင့်(ဘ)ဦးမောင်သိန်း မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် ယိုးတရုတ်ကျေးရွာ နေသူများဖြစ်သည့် မင်းနိုင်ဋ္ဌေး(ဘ) ဦးကျော်ဇင်အောင်နှင့် မောင်ဦးငြိမ်းဝေ(ဘ) ဦးဘသန်း တို့ လိုက်ပါလာသည့် Starex အမျိုးအစား ယာဉ်အမှတ်၊ BGO- 3P/———မော်တော် ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် လက်လုပ်ခါးချိုး ၁ လုံးထိုးသေနတ် ၁ လက်၊ ၅ ဒသမ ၅၆ မမကျည် ၂၈ တောင့်၊ အရိုးအသွား ၉ လက်မခန့်ရှိ ဓား ၁ ချောင်း၊ အရိုးအသွား ၃ ပေ ၆ လက်မခန့်ရှိ ဓားရှည် ၁ ချောင်း၊ WY စာတမ်းပါစိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြား (စုစုပေါင်းမူးယစ် ဆေးဝါးတန်ဖိုး ငွေကျပ်သိန်း ၄၀ ခန့်)၊ လက်ကိုင်ဖုန်း ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ယိုးတရုတ်ကျေးရွာနေ ထွန်းဝင်း (ဘ)ဦးမောင်ရွှေဇံ သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့်အတူ ဦးသန်းရွှေ(ဘ)ဦးဝေဖြူအောင် တို့အား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များအား Viber ဖြင့် အပြန်အလှန်ပေးပို့ထားသည့် KAMBO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ပြည်ပငွေလွှဲ Western Union ငွေလွှဲပြေစာများ၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုထား သည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်တို့အား ကန်စောက်နယ်မြေရဲစခန်းနှင့် ယိုးတရုတ်နယ်မြေရဲစခန်းများသို့ စနစ်တကျလွှဲပြောင်းအပ်နှံ၍ တရား ဥပဒေအရအရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

L-ကေတီ
credit:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး