“ဖွဲ့စည်းပုံ ပြင်ဆင်ရေး အသစ် ရေးဆွဲ သလိုဖြစ်နေ သည့် အတွက် ဘ၀င်မကျကြောင်း” ရခိုင်အမျိုးသားပါတီ(ANP)မှ ကိုယ်စားလှယ် ဦးဘရှိန် ပြော

Posted on

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အား ပြင်ဆင် နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် ပြင်ဆင်သည့် ပုံစံ မဟုတ်ပဲ အသစ်ရေးဆွဲ သလို ဖြစ်နေသည့် အတွက် ဘ၀င် မကျကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ကျောက်ဖြူမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဘရှိန်ကပြောဆိုလိုက်သည်။

“ဒီဥပဒေ ပြင်ဆင်တယ်ဆိုပေမဲ့ ဦးလေးက ဒီကိစ္စ ကို ဘ၀င် မကျဘူး ။ဘာကြောင့်လဲ ဆိုတော့ သူတို့ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို နိဒါန်းက စပြီးတော့ နောက်ဆုံးဇယားအထိ ပြင်ဖို့ အဲ့လို အချက်အလက်တွေ စုစည်းတဲ့ ဒီအလုပ်ကတော့ ဦးလေးက ဘယ်လို မှ ဘ၀င် မကျဘူး။သဘောလည်း မကျဘူး။ဥပဒေ ပြင်ဆင်တဲ့ တစ်ရပ် အနေနဲ့ သဘောမတူနိုင်ဘူး။ ဒီဟာကို ဦးလေး အနေနဲ့ ပြောရရင် ဒီဟာ က အခြေခံဥပဒေ တစ်ရပ် အသစ်ရေးဖို့ ပဲလုပ်နေတယ်လို့ ပဲ ပြောရမှာပဲ”ဟု ဦးဘရှိန် ကပြောသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးဘရှိန်မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ထို့ပြင် ပြင်ဆင်ရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းရင်းသားအားလုံး၏ နိုင်ငံရေး အရ တန်းတူ ညီမျှ မှုရှိရန် လိုအပ်ကြောင်း ဦးဘရှိန် ကပြောသည်။

ခြေဥပြင်ဆင်နိုင်ရေးအတွက် ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဇူလိုင်လ ၁၅ ရက်နေပက ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်သွင်းဖတ်ကြားခဲ့ရာ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊အကြံပြုချက် စသည့် အချက်ပေါင်း ၃၇၆၅ ချက်ရှိကြောင်း သိရသည်။အဆိုပါ အကြံပြုချက် ၃၇၆၅ ချက်တွင် ပြင်သင့်သည်များလည်း ပါရှိပြီး မပြင်သင့်သည့် အချက်အများစု ပါဝင်နေကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး ကပြောသည်။

“ကိုယ့်တိုင်းပြည်အတွက် ဘယ်လို အတွေးအခေါ် အယူအဆတွေနဲ့ ကိုယ့်တိုင်းပြည်ကို ဘယ်လမ်းကြောင်းပေါ်တင်ပြီးတော့ ဘယ်လိုသွားချင်တာလဲ စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ဒီထဲမှာတော့ ပြင်သင့်တာတွေ ပါတယ်။ မပြင်သင့်တာတော့ အများစုပေါ့။ ပြင်သင့်တာ က ပြင်သင့်တဲ့ အချိန်မှာ ပြင်ဖို့ ဟာတွေပါတယ်။ဒီဟာတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ရဲ့ အရ ဥပဒေ မူကြမ်းကို သူ့သတ်မှတ်တဲ့ ညွှန်ကြားချက်အတိုင်းလွှတ်တော်ထဲရောက်လာရင်တော့ အန်ကယ်တို့ ဆွေးနွေးမှာပေါ”ဟု ဦးသောင်းအေး ကပြောသည်။

၄၅ ဦး ပါဝင်သည့် ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဥပဒေ နှင့် ကိုက်ညီမှုမရှိသည့် အတွက် ၀င်ရောက်ဆွေးနွေးထားခြင်းမရှိကြောင်း ဦးသောင်းအေး ကပြောသည်။

ထို့ပြင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသိန်းထွန်းအပါအ၀င်ကိုယ်စားလှယ် ၁၄၃ ဦးတင်သွင်းထားသည့် ပုဒ်မ ၂၆၁( တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာလွှတ်တော်မှ ၀န်ကြီးချုပ်ခန့်အပ်ရေး) ဥပဒေကြမ်းကိုလည်း ယခု ခြေဥပြင်ဆင်ရေး အစီရင်ခံစာတွင် ထည့်ထားကြောင်း သိရသည်။

“ကိုယ်တို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သတ်မှတ်ထားတဲ့ အခန်း ၁၂ အဲ့ဒီ အတိုင်းပဲ ၂၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုး ပြီေးတာ့ ၄၃၄၊၊၄၃၅၊၄၃၆ အရ ဆောင်ရွက်ပေးဖို့ တင်ထားတာ။ အဲ့ဒီ အထဲမှာ ပါသွားတာက ကိုယ်တို့ တင်ထားတဲ့ အပေါ် တင်ထားတဲ့ ဆိုတာကို ထည့်လိုက်တဲ့ သဘောပဲ ။ အဲ့ဒီ ၄၅ ဦး ကော်မတီမှာ ဘာမှ ကို ၀င် မဆွေးနွေးခဲ့ဘူး။လက်မခံဘူးလို့ ပြောထားပြီးသားလေ လက်မခံတဲ့ အကြောင်းအရင်းတော့လည်း ပြောခွင့်ပေးထားတာဖြစ်တဲ့ အတွက် ထပ်တော့ ပြောရမှာပေါ့”ဟု ဦးသောင်းအေး ကပြောသည်။

ခြေဥပြင်ဆင်ရေး အတွက် လုပ်ဆောင်နေခြင်းသည် နိုင်ငံရေး လူတစ်စု သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးသောင်းအေး ကပြောကြားခဲ့သည်။

“ကိုယ်တော့ တွေ့သလောက် ပြည်သူလူထုဟာ ဒီကိစ္စတွေကို စိတ်မ၀င်စားဘူး။ဒီကိစ္စတွေကို စိတ်ဝင်စားနေတာက နိုင်ငံရေးလူတစ်စုပဲ။ဥပဒေကို ဖျက်ချင်တယ်။ပြင်ချင်တယ်ဆိုတဲ့ လူတစ်စု ကပဲ လုပ်နေတာ။ပြည်သူတစ်ရပ်လုံးလို့ သုံးနှုန်းနေတာကို အင်မတန်မှကို တော်တော် မသင့်တော်ဘူး။ တကယ်ပြည်သူလူထုတွေက လက်ရှိရင်ဆိုင်နေရတဲ့ သွားရေးလာရေးနေရေးထိုင်ရေးစားရေးသောက်ရေး လူမှုဒုက္ခတွေ လုပ်ဖို့ ပဲ အရေးကြီးတာလေ။ ဒါကိုပဲ လူထုက နားလည်တယ်။ ဒါကိုပဲ သိတယ်”ဟု ၎င်း ကပြောသည်။

အဆိုပါ အစီရင်ခံစာ နှင့် အတူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစု အဖွဲ့မှ သဘောထားမှတ်ချက် ၃ ချက်ပါ ဖော်ပြထားသည်။

ယင်း အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထား အမည်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း နာယက ဦးတီခွန်မြတ်က ကြေညာထားသည်။

ref:ယဉ်ကေနွယ်(Thefifthwavenews)