ဂျာမနီတွင် ထရပ်ကားကြီးဖြင့် လမ်းမပေါ်မှ ကားတိုင်းကို လိုက်တိုက်မှုဖြစ်ပွားပြီး လူ ၁၆ ဦး ဒဏ်ရာရရှိ

Posted on

ဂျာမနီနိုင်ငံ လင်ဘာ့ဂ်မြို့တွင် ခိုးလာသော ထရပ် ကားကြီးဖြင့် လမ်းမပေါ်က ကားများကို လိုက်တိုက်သော ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ရာ လူများစွာ ဒဏ်ရာရသွားပြီး လိုက်တိုက်သူ ယာဉ်မောင်းအား ဖမ်းဆီးထားကြောင်း ဂျာမန်ရဲက ထုတ်ပြန်ထားသည်။“ကျွန်တော်တို့ စုံစမ်းလို့ ရသလောက်နဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်အရ ဒီလူဟာ ထရပ်ကားကို ညနေ ၅ နာရီ ၂၀ မိနစ်လောက်မှာ ရယူသွားခဲ့တာ ဖြစ်ပါတယ်”ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

လင်ဘာ့ဂ်မြို့ ဘူတာရုံအနီး မီးပွိုင့်တွင် စောင့်ဆိုင်းနေသော ကားများကို ထရပ်ကားက အကုန်တိုက်ပစ်ခဲ့ခြင်းဖြစ်သည်။လူများစွာကို ဆေးရုံတွင် တင်ပို့ကုသထားကြောင်း၊ ဖမ်းထားသော ယာဉ်မောင်းသည်လည်း အနည်းငယ် ဒဏ်ရာရထားကြောင်း ရဲတပ်ဖွဲ့က ဖြည့်စွက် ပြောကြားထားသည်။

လူ ၁၆ ဦးဒဏ်ရာရရှိထားကာ တစ်ဦး၏ ဒဏ်ရာက စိုးရိမ်ရကြောင်း ဂျာမနီသတင်းအေဂျင်စီ DPA က ဒေသခံ ရဲများ၏ ပြောကြားချက်အရ ဖော်ပြထားသည်။

မည်သည့်အကြောင်းကြောင့် ယခုလို ကားနဲ့လိုက်တိုက်ကြောင်းကို ခန့်မှန်းရန်မှာ စောလွန်းနေကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

“ယခုဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ဘာရှိနေသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ လုံလောက်တဲ့ သတင်းအချက် အလက်တွေ ကျွန်တော်တို့ မရသေးပါဘူး”ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။

သက်သေများကို မေးမြန်းခြင်း အပါအဝင် စုံစမ်းခြင်းနှင့် သက်သေများ စုဆောင်ခြင်းတို့ကို လုပ်ဆောင်နေရကြောင်းလည်း ပြောကြားသည်။

ဘဏ္ဍာရေးမြို့တော်ဖြစ်သော ဖရန့်ဖတ်မှ ကားဖြင့် တစ်နာရီခန့် မောင်းသွားရသော မြို့သည် လူဦးရေ သုံးသောင်းခွဲရှိပြီး ယခုအခါ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး၊ ရဟတ်ယာဉ်များဖြင့် ကင်းလှည့်လျက်ရှိသည်။

အခင်းဖြစ်ရာနေရာကို ရဲက ပိတ်ဆို့စစ်ဆေးနေပြီး ထိခိုက်သွားသည့် ကားများကို တစ်စင်းချင်း ပြန်လည်ဆွဲထုတ်နေသည်။ ကားဖြင့် လိုက်တိုက်သည့် လော်ရီကားကြီး၏ ရှေ့မှန်က ကွဲကြေလျက်ရှိသည်။

ref:the Voice