“ငြိမ်းချမ်းရေး ရဖို့ လက်မှတ်လေး တစ်ချက်သာ လိုသည်”

Posted on

တိုက်ပွဲတွေဖြစ်ပြီဟေ့ဆိုရင် ၂ ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေသာမက ဒေသခံ ကလေး၊ လူကြီး၊ အဘိုးကြီး၊ အဘွားကြီးပါ မကျန် အကုန် ဒုက္ခရောက်ကြရတာပဲ။ ဘိန်းစား၊ ဆေးသမား၊ သူတောင်းစားနဲ့ ပြည်တန်ဆာမတောင် အဲဒီ့ ဒုက္ခကနေ မလွတ်ကြပါဘူး။

ယခု ရှမ်းမြာက်နဲ့ ရခိုင်ပြည်နယ်တွင်းမှာဆိုရင် သြဂုတ် (၁၅) ရက်နေ့က မြောက်ပိုင်း မဟာမိတ်တို့ စတင် ကျူးလွန်ခဲ့တဲ့ မြို့တွင်း တိုက်ပွဲတွေကြောင့် ယနေ့တိုင် တိုက်ပွဲအရှိန်က မရပ်တန့်နိုင်ဘဲ ဆက်လက် တိုက်ပွဲများ ဖြစ်ပွားနေရဆဲပါပဲ။

အဆိုပါ မြောက်ပိုင်းမဟာမိတ်တွေဟာ စစ်ရေး အဓိက ပစ်မှတ် မဟုတ်တဲ့ ပစ်မှတ်များကို နှောက်ယှက် ဖျက်ဆီးမှုများကျူးလွန်ပြီး ဒီနှစ်ကုန်ထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာ ခဲ့ပါတယ်။ သို့သော်လည်း တိုက်ပွဲတွေဆိုတာက ကိုယ့်ဖက်က စတိုက်ပြီး အနိုင်နဲ့ပိုင်းလို့ရတဲ့ ကစားပွဲမျိုး မဟုတ်။ ကိုယ်က စတိုက်တုန်းက တိုက်ပြီး တစ်ဖက်က ပြန်ချမှာ ကြောက်လို့ ငါတို့ ဘက်က ရပ်ပြီဟေ့ဆိုပြီး ပြောလိုက်တာနှင့် ရပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပေ။

အဲဒီလို တိုက်ပွဲတွေ မဖြစ်ဖို့၊ တိုက်ပွဲကြား ပြည်သူတွေ ဒုက္ခ မရောက်ဖို့အတွက်ပဲ အရင် အစိုးရလက်ထက်မှာ လက်နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော်တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် NCA ရအောင် နှစ်နဲ့ချီပြီး အကြိမ်ကြိမ် အခက်အခဲကြားကနေ သဘောတူညီမှုရအောင် ဆွေးနွေးခဲ့တာ မဟုတ်ဘူးလား။ ဒေါ်စု ခေါင်းဆောင်တဲ့ အစိုးရကလည်း NCA လမ်းအတိုင်း သွား မယ်လို့ ပြောထားပြီးသား ဖြစ်တယ်။ အဲဒီ NCA ရဖို့ ကြိုးစားတုန်းက KIA ဟာ ခေါင်းဆောင် နေရာမှ ပါဝင်ခဲ့သလို ယနေ့ တိုက်ပွဲဖန်တီးနေတဲ့ KIA တပည့်နှင့် လက်ဝေခံများဖြစ်တဲ့ မြောက်ပိုင်း မဟာမိတ် ဆိုသူများရဲ့ သဘောထားလည်း ထိုစာချုပ်မှာ ပါဝင်ခဲ့ပြီးသားပါ။

အဲဒီတော့ တိုက်ပွဲတွေ မဖြစ်ဖို့၊ တိုက်ပွဲကြား ပိတ်မိတဲ့သူတွေ မရှိဖို့၊ ဒေသခံတွေ စစ်ဘေး ဒဏ် မခံစားရဖို့က အစ ပြည်နယ်ရရှိရေးထိ လိုချင်ရင် NCA စာချုပ်မှာ တစ်ဖက် ခေါင်းဆောင်တို့ လက်မှတ်လေး တစ်ချက် ထိုးလိုက်ယုံပါပဲ။ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ လူကြားကောင်း အောင် ပါးစပ်ကနေပဲ ပြော၍ ရသည့် ကိစ္စ မဟုတ်ပေ။ အဲဒီလောက်ထိ လွယ်နေတာကို ပေရှည် ကာ ခက်နေရခြင်းမှာ ငြိမ်းချမ်းရေး တကယ် မလိုချင်၍ အချိန်ဆွဲနေခြင်းကလွဲရင် အခြား အကြောင်း မရှိနိုင်ပေ။

ref:Bamaw News