ရခိုင်မှ ရန်ကုန်သို့ သွားဖို့ ကြိုးစားတဲ့အတွက် အရေးယူခံနေရတဲ့ ဘင်္ဂါလီ ၃ဝ ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို HRW (လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့) တိုက်တွန်း

Posted on

ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို သွားဖို့ ကြိုးစားတဲ့အတွက် အရေးယူခံနေရတဲ့ ဘင်္ဂါလီ ၃ဝ ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂါလီတွေ (မူရင်းရိုဟင်ဂျာဟုဖော်ပြ) ခရီးထွက်ခွင့် တားမြစ်ထားတာကို ရုပ်သိမ်းဖို့၊ လွတ်လပ်စွာသွားလာခွင့်ကို ဟန့်တားထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးဖို့အတွက်လည်း ဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ခရီးထွက်လို့ ဘင်္ဂါလီတွေ ထောင်ချခံရဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ မှာ ဘင်္ဂါလီ တချို့ကို ထိန်းသိမ်းခဲ့တယ်၊ နောက်တပတ်မှာ ဧရာဝတီ တိုင်းဒေသကြီး တရားရုံးက သူတို့ထဲက ၂၁ ယောက်ကို ထောင် ၂ နှစ်စီ ချလိုက်တယ်၊ အသက်မပြည့်သေးတဲ့ ရှစ်ယောက်ကို လူငယ်ထိန်းသိမ်းရေးစခန်း ပို့လိုက်တယ်လို့ ဖော်ပြထားပါတယ်။ ခရီးသွားလာရာမှာ ဟန့်တားခံရသူတွေထဲက အငယ်ဆုံး ကလေးက အသက် ၄ နှစ် အရွယ် ဖြစ်ကြောင်း သိရှိရသည်။

အစိုးရက ဒီလို ကန့်သတ်ဟန့်တား အရေးယူတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်တာပဲလို့ HRW ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။ အဲဒီဥပဒေက နိုင်ငံတွင်း ခရီးသွားလာခွင့်၊ နိုင်ငံထဲကနေ ထွက်ခွာခွင့်တို့ကို အာမခံထားကြောင်း သိရှိရသည်။

ဒီအယောက် ၃ဝ ဟာ ခရီးသွားလာခွင့် အထောက်အထားတွေ မပြနိုင်တာကြောင့် ဖမ်းဆီးခံထားရတာပါ။ စစ်တွေကနေ ထွက်လာချိန်က လှေပေါ်မှာ လူ ၄၄ ယောက် ပါဝင်လာပြီး ကုန်းပေါ်ကို လူ ၃၀ သာ တက်လာတာဖြစ်ကြောင်း ဖမ်းဆီးထားသူတွေက ထွက်ဆိုကြောင်း ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ကျန်ရှိနေသူတွေကို ကမ်းကပ်ခဲ့တဲ့ လှေဆိပ်အထိ သွားရောက်ရှာဖွေရာမှာ လှေနဲ့ လူ ၁၄ ဦးလုံးကို မတွေ့ရတော့ပါဘူး။ သူတို့ကို လိုက်လံရှာဖွေနေတယ် ဆိုတဲ့ သတင်းတွေ ကနဦးမှာ ထွက်ခဲ့ပါတယ်။ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပါဘူး။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာရှိနေတဲ့ မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ မကြာခဏဆိုသလို ကုန်းလမ်း၊ ရေလမ်းတွေကနေ ရန်ကုန်နဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း သိရှိရသည်။