“R2P” ကိုင် ကာ မြန်မာ့မြေ ကို သွေးတိုး စမ်း ချင်ကြ သူများ

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် လုံခြုံရေးအတွက် တပ်စွဲထားသော မြန်မာတပ်ဖွဲ့များကို အမြန်ဆုံး ဖယ်ရှားပေးရန် ဒါကာအစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကာ ပြောဆိုခဲ့သည့်သတင်း ထွက်ပေါ်လာပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာသည့်သဘောမျိုး နိုင်ငံတကာ မီဒီယာများ သာမက လူမှုကွန်ရက် ပို့စ်များတွင် ဆက်တိုက် ရေးသားဖော်ပြခဲ့ကြသည်ကို တွေ့ရပေသည်။ ယမန်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအီလစ်များ၏ လွှမ်းမိုးမှုအောက်တွင်ရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ဒေးလီးစတား သတင်းစာဟူသည့် သတင်းစာကလည်း ထိုသို့ နယ်စပ်ဒေသတွင် မြန်မာတပ်ဖွဲ့များ လှုပ်လှုပ်ရှားရှား ရှိလာခြင်း၏ နောက်ကွယ်က အကြောင်းအရာများအပေါ် လက်ခံ ယုံကြည်၍ မရနိုင်ကြောင်း ရေးသားဖော်ပြခဲ့ပေသည်။ ယင်းသတင်းစာ အာဘော်၏ အဓိက ဆိုလိုရင်းမှာ တပ်ဖွဲ့များ အမြန်ရုပ်သိမ်းရန်နှင့် နောက်ထပ် အလားတူ ဖြစ်ရပ်မျိုးရှိလာပါက သည်းခံမည်မဟုတ်သည့် သဘောမျိုးပင် ဖြစ်နေပေသည်။

ဤအတောအတွင်းမှာပင် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများဖြစ်ပွားခဲ့သည့်နေရာများသို့ ကုလသမဂ္ဂ တပ်ဖွဲ့များ ဝင်ရောက်မည့်ကိစ္စ၊ တစ်နည်းအားဖြင့် Responsibility to Protect (R2P) ကိစ္စကို ကြိုဆိုသူကကြိုဆို၊ ကန့်ကွက်သူ ကန့်ကွက်ဖြင့် လူမှုကွန်ရက်များပေါ် အငြင်းအခုံများ ဖြစ်ပေါ်လျက် ရှိပေသည်။ အဆိုပါကိစ္စမှာ Globalr2p.org ဝက်ဘ်ဆိုက်က ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ အရေးကြီး အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပြီးနောက် ရခိုင်အရေးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘင်္ဂါလီတို့ဘက်က လော်ဘီလုပ်နေသည့် တက်ကြွလှုပ်ရှားသူများက လိုင်းတင်ပေးလိုက်ခြင်းဖြစ်သည်။

အာရပ်ကမ္ဘာအခြေစိုက် Aljazeera သတင်းဌာနကမူ “ဘင်္ဂါလီဒုက္ခသည်များ လိုအပ်သည်မှာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးမဟုတ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည်”ဟူသောခေါင်းစဉ်ဖြင့် ဗြိတိန်အခြေစိုက် ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူနှစ်ဦးနှင့် အင်တာဗျူးကို ဖော်ပြခဲ့ပေသည်။ ပို၍ဆိုးသည်မှာ မြန်မာအစိုးရခေါင်းဆောင် (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်)နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ နှစ်ဦးသည် ဘင်္ဂါလီတို့အား လူမျိုးဖြုတ် ရှင်းလင်းခဲ့သည့်အတွက် လက်ရှိအချိန်သည် ဘင်္ဂါလီတို့ နေရပ်ပြန်ရေးထက် ၎င်းတို့နှစ်ဦးအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့တင်ကာ တရားစွဲဆိုရန် လုပ်ဆောင်ရမည့်အချိန် ဖြစ်သည်ဟု ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းခင်ဆိုသူက Aljazeera သို့ ပြောဆိုခဲ့ခြင်းပင် ဖြစ်ပေသည်။

ယင်းပြဿနာများသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရန်ကုန်အခြေစိုက် အမေရိကန် သံအမတ်ကြီးတို့က Ethnic Cleansing အဆင့်သို့ ရောက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရခိုင်အရေးကိစ္စ ပွဲဆူလာခြင်းဖြစ်သည်။ ယခင်ကရော၊ ယခုရော အာရပ်ကမ္ဘာ (မွတ်ဆလင်ကမ္ဘာ)၏ ရန်သူသဖွယ် ဖြစ်ခဲ့သော အမေရိကန် ပြည်ထောင်စုအနေနှင့် မွတ်ဆလင် အသိုင်းအဝိုင်း၏ ၎င်းအပေါ် အမုန်းတရား ပြေရာပြေကြောင်းဖြစ်ရန် ယခုလို ရခိုင်ကိစ္စကို အကျိုးရှိရှိ အသုံးချလိုက်ခြင်းလောဟုပင် မေးရမလို ဖြစ်နေပေသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် အာရပ်ကမ္ဘာမှ မွတ်ဆလင် ဒုက္ခသည်များ ဝင်ရောက်မည့်အရေးကြောင့် အီးယူမှ နုတ်ထွက်လိုက်သော ဗြိတိန်၏ မြန်မာအပေါ် ထားရှိသည့်မူဝါဒမှာမူ အထွေအထူးပင် ရှင်းပြနေစရာမလိုဟု ထင်မြင်မိပေသည်။

ဆိုရလျှင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် ရခိုင်အရေးကိစ္စသည် ကမ္ဘာ့နိုင်ငံကြီးအချို့၏ နိုင်ငံရေး အသုံးချခံကိစ္စတစ်ခု ဖြစ်လာရုံမျှမက ဘင်္ဂါလီကိစ္စကိုဗန်းပြပြီး လွတ်လပ်သော (မည်သည့် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအောက်တွင်မျှမရှိသော) မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကိုပါ မျက်စောင်းထိုးရုံမက သွေးတိုးစမ်းခံလာရပြီဖြစ်သည်မှာ သေချာလှပေသည်။ ထို့အတူ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုအောက်တွင်ရှိပြီး ၎င်းတို့၏မူဝါဒကို လိုသလို ပုံဖော်ပေးနိုင်သည့် အင်အားကြီး နိုင်ငံတကာ မီဒီယာအချို့ကလည်း မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက လူမျိုးခြား (အထူးသဖြင့် မွတ်ဆလင်များ)ကို အလွန်အမင်း ဖိနှိပ်ရုံမျှမက ညှဉ်းဆဲသတ်ဖြတ်နေသည့်အထင်မျိုး နိုင်ငံတကာ စာဖတ်ပရိသတ်များ၏ စိတ်ထဲတွင် ဖြစ်လာအောင် နည်းမျိုးစုံဖြင့် ရေးသားဖော်ပြလျက်ရှိသည်။

သို့သော်လည်း ဤကိစ္စကြောင့်ပင် မြန်မာနိုင်ငံအနေနှင့် မည်သည့်နိုင်ငံသည် စစ်မှန်သော မိတ်ဆွေဖြစ်ပြီး မည်သည့်နိုင်ငံသည် မိတ်ဆွေတု ဖြစ်သည်ကို ကောင်းစွာ ခွဲခြားသိနိုင်မည့် အခွင့်အရေးရမည် ဖြစ်ပေသည်။ မည်သို့ပင်ရှိစေကာမူ အရေးအကြီးဆုံးမှာ မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာတည်မြဲရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထင်အမြင် လွဲမှားမှုများ အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းနေသူများကို အားလုံးက နိုင်ငံချစ်စိတ်ဖြင့် ဝိုင်းဝန်းပံ့ပိုးကြရမည်ဖြစ်ကြောင်းနှင့် ယခုပြဿနာကြီးကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးနိုင်သူတို့သည် မြန်မာ့သမိုင်း မှတ်တမ်းတွင် ထိပ်ဆုံးနေရာ၌ ထာဝရ တည်ရှိနေမည်သာ ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ

Credit – The Voice

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *